မေ-ဇွန်- ၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၅)မှ ကဗျာဖြစ်ပါသည်။
လင်းသဏ်ညီ ရေးသည်။
အဲ့ဒီမှာ စကွေ့တာပဲ မြစ်က
မေခနဲ့ မလိခက အင်မိုင်ခက တနိုင်းခက
အဲ့ဒီမှာ စကွေ့ကြတာပဲ စစ်ဘက်အစိုးရနဲ့ အရပ်ဘက်အစိုးရ
အဲ့ဒီမှာ စဆုံကြတာပဲ မြစ်ဆုံ
အဲ့ဒီမှာ စကုန်ကြတာပဲ အဲ့ဒီမှာ ချကုန်ကြတာပဲ
စစ်သား စစ်သားချင်း ညီအစ်ကိုချင်း သွေးသားရင်းချင်း
အိမ်ကြက်ချင်း အိုးမည်းသုတ်ခံလိုက်ရတာပဲ
အိမ်ကွင်း အိမ်ကွင်းချင်း ဂိုးသွင်းဖို့ ကြိုးစားကြတာပဲ
သေကုန်ကြတာပဲ ကျေကုန်ကြတာပဲ တိုင်းရင်းသားတွေ
ကလေးတွေ၊ ဘိုးဘွားတွေ၊ လူငယ်လူရွယ်တွေအားလုံး
ကျွဲနှစ်ကောင်ကြားက မြေစာပင် ဖြစ်ကုန်တော့တာပဲ
ခေတ်အဆက်ဆက်ခံလာရသူတွေနဲ့
ခေတ်အဆက်အဆက်ဆက် အကြံအဖန်လုပ်လာကြသူတွေကြား
ကြည့်နေတယ် ကြည့်နေတယ် ဒီကောင်တွေ ကြည့်နေတယ်
ကိုယ့်ကောင်တွေ ခြေကုန်လက်ပန်းကျမယ့်အချိန်
ကစားကွင်းရဲ့ အထူးတန်းစင်မှာထိုင်
လက်ခုပ်တွေ တဖြောင်းဖြောင်းတီးရင်း အားပေးနေတယ်
မြစ်က တဖြည်းဖြည်း ဆက်စီးလာ
အရှိန်က ပါလာပြီ စခွဲပြီ စတွဲပြီ
မြစ်ကြီးနှစ်စင်း ဧရာဝတီ၊ ချင်းတွင်း
ဒီဇာတ်လမ်းဟာ ဒီနေရာမှာမှ စခဲ့တာမဟုတ်ဘူး
ကြေးနီတောင် စံပယ်တောင်မှာကတည်းက စခဲ့တာ
ဘယ်သူမှ မသိဘူး ရွာသူရွာသားတွေ သိတယ်
ဟို xxxxxတွေ သိတယ်
အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာ လယ်မဲ့ ယာမဲ့တွေဖြစ်ကုန်တာ
စိုက်ပျိုးမြေတွေ ပျက်စီး အသုံးပြုမရတော့တာ
အခြေမဲ့ အနေမဲ့တွေ ဖြစ်ကုန်တာ
အကြွေအပဲ့တွေ
မြေအကြွေအပဲ့တွေနဲ့ လေအကြွေအပဲ့တွေ
ရေအပေအညစ်တွေနဲ့ လူသားဘဝတွေ ကြွေပဲ့ကုန်တာ
ဧရာဝတီသိတယ် ချင်းတွင်းသိတယ်
ဟိုပုဆိန်ရိုးတွေ သိတယ် ဟို xxxxxတွေ သိတယ်
သိရင် သိတယ်လို့မှတ် ထိရင် ထိတယ်လို့မှတ်နဲ့
တရားချလာလိုက်တာ
ဝက်မှေးရွာသူတွေနဲ့ တွေ့မှ ပွဲက စတော့တာပဲ
အနာတရတွေ၊ ပုပ်ပွနေတာတွေ
ပုပ်လို့ ပေါ်တာပဲ၊ ဟုတ်လို့ကျော်တာပဲ
အမှန်ပြောတော့ သူခိုးမကြိုက်
သူခိုးနောက်လိုက် လူမိုက်တွေက တုတ်နဲ့ ရိုက်တော့တာပဲ
မီးလောင်ဗုံးတွေ ခွဲတော့တာပဲ သံဃာတွေကို မီးစွဲတော့တာပဲ
ငြိမ်းချမ်းချင်ပါတယ် အေးချမ်းချင်ပါတယ်
ကိုယ့်မြေကိုယ့်ရေပေါ်
တည်တည်ငြိမ်ငြိမ် လုပ်ကိုင်စားသောက်လိုပါတယ်
သားသမီးယုံ စုံလုံကန်းတဲ့
ခု သူတို့အားလုံး မိဘကို ယုံလို့ ပုံအပ်လိုက်ပြီ
စီးတယ် ဧရာဝတီဟာ ဆက်စီးတယ်
မန္တလေးမြို့ဆီ ကုန်းဘောင်ထီးနန်းဆီ ဆက်စီးတယ်
ငါမွေးတဲ့ မြို့ မရှိတော့ပါ ဆီ စီးတယ်
သာသနာရောင်ဝါ ထိန်ထိန်တောက်ခဲ့တာဆီကို စီးတယ်
သံဃာအပေါင်း ထောင်သောင်းချီ လမ်းလျှောက်ကန့်ကွက်မှုတွေ ဆီ စီးတယ်
ဆက်စီးတယ် ဆက်ဆင်းတယ် ခေတ်အဆက်ဆက်စီးတယ်
ခေတ်အဆက်ဆက် ဆင်းတယ် ဗိုလ်မင်းရောင်ကနေ
ဗိုလ်ချုပ်အောင်ဆန်းစီ ဆက်စီးဆင်းတယ်
မျိုးဆက်တွေ ဆက်စီးဆင်းတယ် ဆက်ဆင်းသက်တယ်
မိတ္ထီလာမြို့ကြီးရဲ့ မီးတောက်မီးလျှံတွေဆီ စီးတယ်
သွေးထိုးလှုံ့ဆော်မှုတွေဆီကို စီးတယ်
သွေးသွေးချင်း စစ်ခင်းလို့ ဒီကိစ္စဟာ အဆုံးမသတ်နိုင်ဘူးဆီ စီးတယ်
ဒီမြေ ဒီရေမှာနေပြီး ဒီမြေ ဒီရေရဲ့
ကျေးဇူးတရားသိတတ်ဖို့ လိုအပ်တယ်ဆီ စီးတယ်
မီးလောင်ငုတ်တိုတွေကြားက
ငြိမ်းချမ်းရေးဆာလောင်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့
ငိုကြွေးသံတွေဆီ စီးတယ်
အကြမ်းဖက်ဓလေ့စရိုက်တွေ ချုပ်ငြိမ်းဖို့ လိုအပ်တယ်ဆီ စီးတယ်
ပင်ပန်းနွယ်နယ်မှုတွေနဲ့ ဧရာဝတီဟာ ဆက်စီးတယ်
မိုးထိမိုးမိက ရွှေတွင်းလုပ်သားတွေဆီ စီးတယ်
လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုတွေဆီ စီးတယ်
မြစ်ကြောင်းတစ်လျှောက် ရှေ့နောက်ဝဲယာ
လူမသိသူမသိ အောင့်အည်းသည်းခံ ခေါင်းငုံ့နေရသူတွေဆီ
ဧရာဝတီဟာ ဆက်စီးတယ်
ဧရာဝတီဟာ ခြေကုန်ချင်ပြီ လက်ပန်းချင်ပြီ
အနည်ချချင်ပြီ အသစ်ပြန်စချင်ပြီ
နာဂစ်မြစ်ဝှမ်းဒေသမှာ စခွဲပြီ
ဥပဒေကို သိသူနဲ့ ဥပဒေကို မသိသူ
ဥပဒေကို လက်တစ်လုံးခြား ကစားသူနဲ့
ဥပဒေကို သိလျက်နဲ့ ခေါင်းငုံ့ခံနေရသူ
ဧရာဝတီဟာ ဆားကွင်းတွေ ဖြစ်သွားတယ်
စပါးခင်းတွေ ဖြစ်သွားတယ်
ဧရာဝတီဟာ အင်းသားတွေ ဖြစ်သွားတယ်၊ အင်းသူကြီးတွေ ဖြစ်သွားတယ်
ငါးကြင်းရဲ့ ဝမ်းဗိုက်သားကို ဘယ်သူစားသင့်သလဲနဲ့ ဗျာများပြီ
အဲ့ဒီမှာ စဖြာပြီ အာဏာရှိသူက အာဏာအားကိုး
ပါဝါရှိသူက ပါဝါအားကိုး၊ ငွေရှိသူက ငွေအားကိုး
ဘာမှမရှိသူတွေက ကိုယ့်အားကိုယ်ကိုး
ဘယ်ပြဿနာကိုမှ အပေါ်ယံကြောရှပ်ကြည့်လို့မရဘူးနဲ့ စတွေ့ပြီ
ဒီအခြေအနေထိ ရောက်ဖို့ ရှေ့မှာ ဘယ်အကြောင်းတွေ ခံလာရ တယ်ဆိုတာနဲ့ တွေ့ပြီ
ဘယ်လို ကျွန်တော်တို့ တွေ ခံခဲ့ရတယ်ဆိုတာနဲ့ စတွေ့ပြီ
ဆူးကျိုးကို အပ်နဲ့ ဆွပြီ
ဒေါသနဲ့ တွေ့ပြီ၊ မောဟနဲ့ တွေ့ပြီ၊ လောဘနဲ့ တွေ့ပြီ
ဧရာဝတီဟာ သူ့တရားသူစီစဉ်မယ်နဲ့ တွေ့ပြီ၊ အဲဒီမခံချင်စိတ်နဲ့ပဲ
ဧရာဝတီဟာ နာဂစ်မြစ်ဝှမ်းဒေသဖြစ်သွားတယ်
ခုချိန်ထိ နာလန်ပြန်မထူနိုင်သေးတဲ့ ထိခိုက်ဒဏ်ရာဖြစ်သွားတယ်
ဧရာဝတီဟာ နာဂစ်ဒဏ်ခံ ပြည်သူတွေရဲ့ ဒုက္ခတရားတွေဆီ ဆက်စီးပြီ
ရုန်းကန်ရမှုတွေဆီ ဆက်စီးပြီ
နေ့စဉ်ရက်ဆက် ချောက်ချားတုန်လှုပ်နေခဲ့ရမှုတွေဆီ ဆက်စီးပြီ
ဧရာဝတီဟာ နောက်တစ်ကြိမ် ပင်လယ်ဟာ ကုန်းပေါ်ကို ခုန်တက်မလာနိုင်ဖို့
ပင်လယ်စီ ဆက်စီးပြီ သွေးချင်းတွေရှိရာ ကမ်းခြေတစ်လျှောက်
ဧရာဝတီဟာ ပင်လယ်ထဲကနေ တစ်ဝက်က အထက်ဘက်ကို ဆန်တက်သွားပြီး
တစ်ဝက်က အောက်ဘက်ကို စုန်ဆင်းသွားတယ်
ပုလဲဥတွေ မွေးဖွားပေးဖို့ အားယူနေတဲ့ ခရုကမာကောင်တွေဆီ
ထားဝယ်ရေနက်ဆိပ်ကမ်းဆီ စီးတယ်
သူ သူဆန်တက်သွားပြီး သဇင်ပန်းရနံ့တွေဆီ
ကစ္စပနဒီမြစ်ဖျားဆီ အနောက်ဘက်တံတိုင်းကြီးဆီ
ရခိုင်ရိုးမကနေ ချင်းတောင်တန်း၊ ကချင်တောင်တန်းဆီ
နောက်ထပ်တစ်ဖန် ပြန်စီးဆင်းဖို့ ခါကာဘိုရာဇီမြစ်ဖျားဆီ သူဆန်တက်သွားပြီ
အဆုံးမရှိ သူဆက်စီးပြီ၊ အဆုံးမရှိ သူ ဆက်ဆင်းပြီ
မြစ်ကြောင်းတစ်လျှောက် အမှန်တရားနဲ့ ဖိနှိပ်ခံပြည်သူတွေရှိရာဆီ
သူဆက်စီးဆင်းသွားပြီ ဧရာဝတီ။
လင်းသဏ်ညီ
(မှတ်ချက်။ ။မိတ္ထီလာပဋိပက္ခအပြီးတွင် ဖြည့်စွက်သည်။)