မြေပြို မှုနှင့် ငလျင်ဘေး ကြိုတင်ပြင်ဆင်ရေး အားနည်းနေဆဲ

ချင်းပြည်နယ်မြို့တော်၊ ဟားခါး မြို့ရဲ့ စက်တင်ဘာလ ရာသီဥတု က အုံ့အုံ့မှိုင်းမှိုင်း။ စိမ်းညို့ညို့ တောင်   ကြောကြီးတစ်ခုရဲ့ ခါးပန်း မှာ တည်ဆောက်ထားတဲ့ ဒီမြို့ရဲ့ လူနေအိမ်တွေဟာ အဝေးက ကြည့် ရင်           တစ်အိမ်ပေါ်  တစ်အိမ် ဆင့်ထားသလိုဖြစ်နေတယ်။

မြို့တွင်းမှာတော့ ကလေးငယ်ကို ကျောမှာပိုး၊ အပေါ်ကစောင်နဲ့ပတ်ပြီး သွားလာနေသူတွေ၊  ကုတ်အင်္ကျီ ခပ်ထူထူ ကို ဝတ်ထားတဲ့သူတွေ၊ ဈေးခြင်းတောင်း ကို ခေါင်းမှာကြိုးနဲ့သိုင်းချိတ်ပြီး ကျောပိုး ထားသူတွေတွေ့ရသလို ဆိုင်ကယ်တွေက လည်း မြို့လယ် လမ်းမကြီးအတိုင်း ဥဒဟို သွားလာနေကြတယ်။

တစ်မြို့လုံးမှာ ကုန်းတက်၊ ကုန်း ဆင်းလမ်းမတွေပဲရှိပြီး ညီညာပြန့်ပြူးတဲ့ မြေပြင်ကျယ်ဆိုတာမတွေ့ရဘူး။ အသွား၊ အလာများတဲ့ မြို့လယ်နေရာတချို့မှာ’စည်ပင်သာယာ ခွင့်ပြုချက်မရှိဘဲ မည် သည့် အဆောက်အအုံမျှမဆောက်ရ’ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ ထောင် ထားတယ်။

မြို့တွင်းတချို့နေရာတွေမှာ မြေ တွေပြိုကျထားတဲ့အတွက် မြေစာတွေဟာ လမ်းမတွေပေါ်မှာ ပြန့်ကျဲလို့နေပါတယ်။ အိမ်တွေရဲ့အနောက်ဘက်မှာ ပြိုဆင်းနေ တဲ့မြေတွေကို ထပ်မံမပြိုကျစေဖို့ တချို့က မိုးကာစတွေနဲ့အုပ်ထားတယ်။ တချို့အိမ် တွေကတော့ ကျောက်စီ မြေထိန်းနံရံတွေ၊ သစ်သားမြေထိန်းနံရံတွေနဲ့ မြေပြိုမှုကို ကာကွယ်ထားတာတွေ့ရသလို၊ တချို့က တော့ အိမ်အလေးချိန်ကို လျှော့ချဖို့ သွပ် ပြားတွေကို အိမ်အကာအရံရော အမိုး အတွက်ပါ အသုံးပြုကြတာတွေ့ရပါတယ်။

ချင်းပြည်နယ်ဟာ ပထဝီအနေ အထားအရ အောက်ခံမြေသား မတည်ငြိမ် တဲ့ မြေပြိုမှုတွေဖြစ်ပွားရာ သက်နုတောင် ကြောဒေသမှာ တည်ရှိပါတယ်။ ဟားခါး မြို့လို သက်နုတောင်တန်းဒေသမှာရှိတဲ့ အခြားမြို့၊ ရွာတွေဟာလည်း အချိန်မရွေး မြေပြိုမှုဘေးကို ကြုံရနိုင်တဲ့အခြေအနေ တွေရှိတယ်လို့ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးကဏ္ဍမှာ ကူညီလုပ် ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေက ပြောပါတယ်။

လူဦးရေ နှစ်သောင်းခွဲခန့်နေထိုင် တဲ့ ဟားခါးမြို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်၊ သြဂုတ်လတွေမှာ မိုးရွာသွန်းမှုတွေ ဆက် တိုက်ဖြစ်ပြီး မြေပြိုကျမှုတွေ အဆိုးရွား ဆုံးဖြစ်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ ချင်း ပြည်နယ်မှာ မြို့နယ်ကိုးခုရှိတဲ့အနက် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် စတဲ့ မြို့ နယ်ခုနစ်ခု မှာ မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။ တစ်ပြည် နယ်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ အိမ် ခြေပေါင်း ၃,ဝဝဝ ခန့်ပျက်စီးကာ ကယ် ဆယ်ရေးစခန်း ၄၆ ခုမှာ လူဦးရေ တစ်သောင်းကျော် ပြောင်းရွှေ့ခိုလှုံခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမြေပြိုမှုအတွင်း ဟားခါးမြို့ နယ်တစ်ခုလုံးမှာတော့ လူနေအိမ် စုစု ပေါင်း ၉၃၂ လုံး ပျက်စီးပြီး လူဦးရေ ၄,၅ဝဝ ခန့်ဟာ ကယ်ဆယ်ရေးစခန်းတွေ မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ချင်း ပြည်နယ်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဦးစီးရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

‘ရုန်း’လို့ခေါ်တဲ့တောင်ကြောပေါ် မှာ တည်ရှိတဲ့ ဟားခါးမြို့ပေါ်က ရပ်ကွက် ခြောက်ခုအနက် ဈေးသစ်ရပ်ကွက်၊ မြို့ သစ်ရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက် သုံးခုမှာ လူနေအိမ်တချို့မြေပြိုခဲ့ပြီး မြို့ ဟောင်းရပ်ကွက်ကတော့ ရပ်ကွက်တစ်ခု လုံး ပြိုကျပျက်စီးသွားခဲ့တာပါ။ မြို့ ဟောင်း ရပ်ကွက်ဟာ ရုန်းတောင်ကြောရဲ့ အောက် ဆုံးအပိုင်းလောက်မှာရှိတာပါ။ ဟားခါး မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း လူ နေအိမ်ပြိုကျမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဟားခါးမြို့ပေါ်က မြေပြိုဘေးကြုံခဲ့ ရတဲ့သူတွေကို ချင်းပြည်နယ်အစိုးရက အခုနှစ်မေလမှာ ဟားခါးမြို့နဲ့ သုံးမိုင်ခန့် ဝေးတဲ့ ဟားခါး-ဖလမ်း ကားလမ်းမဘေး က နာဟောင်းနဲ့လုံဖွန်းဆိုတဲ့ တောင် ကြောနှစ်ခုအပေါ်မှာ ပြန်လည်နေရာချ ထားပေးခဲ့ပါတယ်။ သူတို့ရဲ့ နေအိမ်တွေ ဟာ ဂန့်ဂေါ-ဟားခါး-ဖလမ်း-ကလေး မဟာဓာတ်အားလိုင်း တာဝါတိုင်တွေရဲ့ အောက်တည့်တည့်မှာရှိတာကို တွေ့ရပါ တယ်။ အဲဒီနေရာကို ဟားခါးသစ်လို့ အမည်ပေးထားကြပါတယ်။

ဟားခါးသစ်

မြေပြိုမှုဘေးဒဏ်ခံခဲ့ရတဲ့ ဟားခါး မြို့ခံတွေဟာ ပြည်နယ်အစိုးရက နေရာ ပြန်လည်ချထားပေးတဲ့ နေရာသစ်ကို ရောက်တာ လေးလခန့်ကြာခဲ့ပေမယ့် နေရာသစ်မှာ အလုပ်အကိုင်မရှိတာ၊  ဆောက်ပေးထားတဲ့အိမ်တွေက   လေမိုး မလုံတာတွေကြောင့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

”အိမ်ဆောက်တုန်းက သစ်အစို တွေနဲ့ဆောက်ခဲ့တော့ သစ်တွေခြောက် သွားတဲ့အခါ ကာထားတဲ့ပျဉ်တွေ တစ်ခုနဲ့ တစ်ခုကြား ‘ဟ’ ပြီးတော့ လေတွေဝင် တယ်၊ မိုးတွေပတ်တယ်”လို့ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်က  မြေပြိုဒုက္ခသည် တစ်ဦးဖြစ်တဲ့ ရပ်ကွက်ဆယ်အိမ်မှူး ဦးဖုန် နှင်းက ရှင်းပြပါတယ်။

ဒါကြောင့် ကန်ထရိုက်ဆောက်ပေး တဲ့ နေအိမ်တွေ အားလုံးဟာ မိုးယိုတာ၊ လေမလုံတာတွေဖြစ်လို့ အကာအရံဝယ် ယူပြီး ထပ်မံပြင်ဆင်နိုင်တာမျိုး မလုပ်နိုင် တဲ့ မိသားစုတွေဟာ မိုးစိုစိုထဲမှာ နေကြရ တယ်လို့ သူက ဆိုပါတယ်။

မြို့ဟောင်းရပ်ကွက်က ပြောင်းရွှေ့ လာရတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ညာ တဘောင်းဆိုရင် ပြန်လည်နေရာချထား ပေးတဲ့နေရာမှာ ပိုက်ဆံချေးငှားပြီး ကုန်  ခြောက်ဆိုင်လေးတစ်ခုဖွင့်ထားပါတယ်။ အရင်နေရာဟောင်းမှာတော့ သူဟာ ဝဥတွေ စိုက်ပျိုးတဲ့ တောင်သူတစ်ဦးပါ။ မြေပြိုခဲ့တဲ့အချိန်က သူ့အိမ်နဲ့အတူ လေးဧကအကျယ် ဝဥစိုက်ခင်းဟာ ချောက်ထဲကို ပြိုကျပျက်စီး သွားခဲ့ပါတယ်။

”အခု ဘာအလုပ်မှလည်း မရှိဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ မြို့ဟောင်းက ပြိုကျသွားတဲ့နေရာမှာလည်း ဘာမှကို စိုက်လို့၊ ပျိုးလို့ မရလောက်အောင် ဖြစ် သွားပြီ” လို့ သူက  ညည်းတွားပါတယ်။

အစိုးရက နေရာပြန်လည်ချထား ပေးလို့ ကျေးဇူးတင်ပေမယ့် နေရာသစ်မှာ အသက်မွေးဝမ်းကျောင်းအတွက် လုပ် ကိုင်လို့ မရတာကြောင့် လက်ရှိမှာ ကူညီ လှူ  ဒါန်းသူတွေပေးတဲ့ရိက္ခာကိုသာ အဓိက အားထား စားသောက်နေရတယ်လို့ စက် တင်ဘာပထမပတ်မှာ ဒေါ်ညာတဘောင်း ကဆိုပါတယ်။

ဒီလို အဆင်မပြေမှုတွေ ရှိနေတာ ကြောင့် လက်ရှိအချိန်အထိ အစိုးရက နေ ရာချထားပေးတဲ့ တောင်ကြောပေါ်မှာ အိမ်ခြေရှစ်ရာကျော်တည်ဆောက်ပြီးဖြစ် ပေမယ့် အိမ်တိုင်းစေ့ လူမနေကြသေးပါ ဘူး။ တချို့မိသားစုတွေဟာ နေအိမ် အစား ပြန်ရထားပေမယ့် အလုပ်အကိုင်နဲ့ နီးတဲ့ ဟားခါးမြို့ပေါ်မှာ ဆက်လက်နေထိုင်ကြ သလို တချို့ကလည်း မြို့တွင်းက ဆွေမျိုး မိသားစုတွေဆီမှာ သွားနေကြတယ်လို့ ဦးဖုန်နှင်းက ရှင်းပြတယ်။

တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် မြေပြို မှုဘေးကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသည် တွေဟာ အဆင်မပြေမှုတွေနဲ့ ဆက်လက် ကြုံနေရဆဲဖြစ်သလို မြို့ပေါ်ရပ်ကွက်အချို့ မှာလည်း နေအိမ်တွေဟာ ဆက်လက် မြေပြိုနေပါတယ်။ ဒါပေမဲ့ မိသားစုတွေက နေရာမပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင် နေတာတွေကိုလည်း တွေ့ ခဲ့ရတယ်။

ဟားခါးရဲ့ စိုးရိမ်မှု

ဟားခါးမြို့ပေါ်ရပ်ကွက်က တချို့လူ နေအိမ်တွေရဲ့ အနောက်ဘက်ခြမ်းတွေမှာ မြေပြိုကျနေတာတွေရှိနေပေမယ့် အစိုးရ က ဒီလူနေအိမ်တွေကို ဆက်လက်နေခွင့် ပြုထားတာဟာ သဘာဝဘေးအ္တရာယ် စီမံခန့်ခွဲမှုအမြင်အရ လက်ခံနိုင်စရာ မရှိ ဘူးလို့ ကရုဏာမြန်မာလူမှုကူညီရေး အဖွဲ့ မှ စီမံချက်မန်နေဂျာဆလိုင်းငွန်ခါးရ်က ထောက်ပြပါတယ်။

လက်ရှိအခြေအနေမှာ ဘေးဒုက္ခခံ ခဲ့ရတဲ့သူတွေအပေါ် အစိုးရရဲ့ ကူညီဆောင် ရွက်မှုတွေဟာ ”နှေးနေ၊ နည်းနေတယ်”လို့ သူက သုံးသပ်ပါတယ်။

သူတို့အဖွဲ့ဟာ ချင်းပြည်နယ် အတွင်းမှာ စားနပ်ရိက္ခာလုံခြုံမှုနဲ့ အသက် မွေးဝမ်းကျောင်းကိစ္စ၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုအကာအကွယ်ပေးရေး၊ သဘာဝ ဘေးအန္တရာယ်လျော့ပါးသက်သာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးကဏ္ဍတွေကို လုပ် ဆောင်နေပါတယ်။

ဟားခါးမြို့ရဲ့ မြို့ပြနေရာချထားမှု၊ မြေအသုံးချမှုတွေက မလုံခြုံမှု၊ အကာ အကွယ်မရှိမှုတွေကြောင့် နောက်ထပ် မြေပြိုမှုတွေ ဖြစ်လာစေနိုင်တယ်လို့ သူက ဆိုပါတယ်။

လမ်းဖောက်လုပ်တဲ့ လုပ်ငန်းတွေ မှာ စနစ်ကျတဲ့ မြေထိန်းနံရံမတည် ဆောက်တာတွေ၊ လမ်းဖောက်လုပ်မှုတွေ မှာ  ကောင်းမွန်လုံခြုံတဲ့ မြေစာစွန့်ပစ်မှု စနစ် မရှိတာတွေ၊ မြေသားနံရံတွေကို ထိန်းသိမ်းပေးတဲ့ သစ်ပင်တွေကို ခုတ်ယူ အသုံးပြုမှုတွေ၊ မြို့ပြစီမံကိန်းဆောင်ရွက် တဲ့အခါ ဘေးအန္တရာယ်နဲ့ လိုက်လျောညီ ထွေရှိစေမယ့် နေအိမ်တွေကို တည် ဆောက်နေထိုင်စေမှုအပိုင်းတွေမှာ အား နည်းခဲ့တာတွေကြောင့် မြေပြိုမှုဘေးတွေ ပိုပြီးဖြစ်ရတယ်လို့   သဘာဝဘေးအ္တနရာယ် ရာ ကျရောက်မှု လျော့ပါးသက်သာရေး ကဏ္ဍမှာ အကူအညီပေးနေတဲ့ အရပ် ဘက်အဖွဲ့ အစည်းတွေက ပြောတယ်။

ကရုဏာမြန်မာလူမှုကူညီရေးအဖွဲ့ ရဲ့ ဒါရိုက်တာဖြစ်သူ ရိုနိုင်သန်းက မြေပြိုမှု ဘေးအန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ဟားခါးမြို့အတွက် အိမ်ဆောက်လုပ် ထားမှုတွေ၊ လမ်းဖောက်လုပ်မှုတွေ၊ နေ အိမ်ပုံစံဒီဇိုင်းတွေ၊ ရေပေးဝေမှု၊ အသုံးချမှု စနစ်တွေရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ လိုအပ် ချက်တွေရှိနေတာဟာ ရေရှည်မှာ မြို့ခံ လူထုအတွက် အသက်အိုးအိမ်လုံခြုံမှုကို ခြိမ်းခြောက်လာနေတယ်လို့ သူက ထောက်ပြပါတယ်။

”ဒီဧရိယာရဲ့ မြေကြီးက မိုးရွာတဲ့ အခါပျော့ပြီး နေပူတဲ့အခါ မာတဲ့အနေ အထားရှိတယ်။ အဲဒီလိုမြေတွေ ဖြစ်တာ ကြောင့် အလေးချိန်များတဲ့အိမ်တွေ တည် ဆောက်တဲ့အခါမှာ မြေထဲကိုကျွံဝင်တာ မျိုး မဟုတ်ဘဲနဲ့ ဆင်ခြေလျှောအတိုင်း  လျှောဆင်းသွားတာတွေဖြစ်တယ်”လို့ ဟားခါးမြို့ရဲ့ အောက်ခံမြေသား အခြေ အနေကို သူက ရှင်းပြပါတယ်။

ဒါကြောင့် မြေအမျိုးအစားနဲ့ ခံနိုင် ဝန်အခြေအနေတွေ၊ တောင်စောင်းတွေရဲ့ ဖွဲ့စည်းတည်ရှိမှု အခြေအနေတွေအပေါ်မူ တည်ပြီး အိမ်တည်ဆောက်မှုတွေကို ကြပ်မတ်စစ်ဆေးသင့်တယ်လို့ ရိုနိုင်သန်း က ဆိုတယ်။

မြေပြို မှုဘေး၊ ထိခိုက်ခဲ့သည့် ဒုက္ခသည်များကို ပြန်လည်နေရာ ချထားသော နေရာသစ်။ ဓာတ်ပုံ - ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
မြေပြို မှုဘေး၊ ထိခိုက်ခဲ့သည့် ဒုက္ခသည်များကို ပြန်လည်နေရာ ချထားသော နေရာသစ်။ ဓာတ်ပုံ – ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

ဟားခါးမြို့အတွက် အစိုးရသစ်ရဲ့အစီအစဉ်

အသစ်တက်လာတဲ့ ချင်းပြည်နယ် အစိုးရအနေနဲ့လည်း   သဘာဝဘေး အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သေသေ ချာချာ ပြင်ဆင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် ဟိုတယ်ခရီးဝန်ကြီး ဆလိုင်းအိုက် ဇက်ခင်က ဆိုပါတယ်။

လမ်းဖောက်လုပ်မှုတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆန်းစစ်ချက်တွေ လုပ် ဆောင်ဖို့နဲ့ သစ်ထုတ်လုပ်မှုတွေကို တား မြစ်ဖို့  အစိုးရသစ်သက်တမ်းမှာ ကြိုးပမ်း သွားမယ်လို့ သူကပြောတယ်။

လတ်တလောမှာ မြို့ပြစီမံကိန်း တွေကို ပြည်နယ်အစိုးရသစ်အနေနဲ့ ပြင် ဆင်ရေးဆွဲနေပြီး နောက်ပိုင်းမှာ သဘာဝ ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့မြို့ပြတွေအဖြစ် တည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒီစီမံ ကိန်းတွေ အကောင်အထည်ဖော်မယ့် မြို့ တွေဟာ ဟားခါး၊ ဖလမ်း၊ ပလက်ဝ စတဲ့မြို့တွေမှာလုပ်မှာဖြစ်ပြီး ခိုင်ကမ်း၊ လိုင်လင့်ပီ၊ ဆမီး၊ ရေဇွာနဲ့ ရိခေါရ်ဒါ စတဲ့ မြို့တွေကိုတော့ မြို့နယ်အဖြစ် တိုးမြှင့်တဲ့ အခါ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့မြို့ တွေအဖြစ် ဖော်ဆောင်မယ်လို့ သူကဆိုပါတယ်။

အစိုးရသစ်ရဲ့ သက်တမ်းအတွင်း ချင်းပြည်နယ်ကို သဘာဝဘေးခုခံတုံ့ပြန် နိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်လာအောင် လုပ် ဆောင်သွားဖို့ရှိပြီး လက်ရှိမှာ စီမံကိန်း အစီအစဉ်တွေရေးဆွဲနေဆဲကာလပဲ ရှိ သေးတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

”ဟားခါးလို မြို့တော်တွေအတွက် ရေရှည်မှာ အိမ်တည်ဆောက်မှုဒီဇိုင်းတွေ ကအစ ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်မယ့် အစီအစဉ်တွေရှိတယ်။ အခုလည်း လူထုကို အသိပေးနေတာတွေရှိတယ်” လို့ ဝန်ကြီး က ပြောပါတယ်။

ရုန်းတောင်ဧရိယာကို ဘေးအန္တရာယ် ဇုန်အဖြစ်သတ်မှတ်ထားပြီး နှစ်နှစ်အထိ စောင့်ကြည့် သတိပေးသွားဖို့ရှိတယ်လို့ ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က ဆို ပါတယ်။

”ဒီနေရာတွေဟာ နှစ်နှစ်အတွင်း အချိန်မရွေး (မြေပြိုတာတွေ) ထပ်ဖြစ်နိုင် တယ်လို့ ကျွန်တော်တို့ သတိပေးထား တယ်။ အခုဆိုရင် ရိက္ခာတွေလှောင်ထား တယ်။ ဇူလိုင်၊ သြဂုတ်ဖြတ်သန်းပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ ကြိုတင်မှန်းထား သလောက် ဆိုးရွားတဲ့ ဖြစ်စဉ်တွေမရှိခဲ့ ဘူး”လို့ သူက ပြောတယ်။

ဟားခါးလို မြေပြိုမှုအန္တရာယ် ကြုံ တွေ့နိုင်တဲ့ ဒေသတွေဟာ ရခိုင်ရိုးမ၊ ချင်း တောင်တန်းတွေပါဝင်တဲ့ အနောက်ဘက် တွန့်ခေါက်တောင်တန်းဒေသ၊ တနင်္သာရီ တောင်တန်းတွေပါဝင်တဲ့ အရှေ့ဘက်ရှမ်း ကုန်းမြင့်ဒေသနဲ့ ဧရာဝတီမြစ်ဖြတ်သန်း စီးဆင်းရာ အလယ်ပိုင်းမြေနိမ့်လွင်ပြင် ဒေသတွေဖြစ်တယ်လို့ ကုလသမဂ္ဂ မြို့ ရွာ နှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး အစီ အစဉ်(UN-HABI-TAT) ရဲ့ မြေပြိုခြင်း ဘေးအန္တရာယ် လက်စွဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေပြိုမှုတွေ အဓိကဖြစ်ပွားရတာ ဟာ မြင့်မားတဲ့တောင်တန်းတွေရဲ့ မတည် ငြိမ်တဲ့ တောင်စောင်းတွေ၊  အောက်ခံမြေ သား ဖွဲ့စည်းပုံတွေ၊ မိုးသည်းထန်စွာရွာ သွန်းတဲ့အတွက် မြေသားတွေမှာ ရေ အောင်းခိုမှု ပြည့်ဝသွားတဲ့အခါ မြေသား ထုရဲ့ ခံနိုင်ရည်ကျဆင်းမှုတွေ၊ ရုတ်တရက် လှုပ်ရှားတဲ့ ငလျင်တွေကြောင့် ဖြစ်ပွားကြ တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြတယ်။

မြန်မာနိုင်ငံရဲ့ မြေပြိုနိုင်တဲ့ ဒေသ တွေရဲ့ ဘေးအန္တရာယ်ပြမြေပုံတွေ၊ မြေပြို နိုင်တဲ့ မြို့၊ ရွာတွေအလိုက် ဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်ဆောင်ရွက်ထားတဲ့ အစီအမံတွေ၊ မြေပြိုမှုဘေးကြောင့် ထိ ခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ အချက်အလက် တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူ/ကယ်/ပြန်)၊ နေပြည်တော်ရုံးကို မော်ကွန်းက မေးခွန်းတွေပို့ မေးမြန်းခဲ့ ပါတယ်။

ဝန်ကြီးဌာနက ပြန်လည်ဖြေကြား ခဲ့ပေမယ့် မြေပြိုမှုဘေးအန္တရာယ်နဲ့ ပတ် သက်တဲ့ ဆောင်ရွက်နေမှုအပိုင်းကိုတော့ ဖြေကြားပေးထားတာ မတွေ့ရပါဘူး။ ဒုတိယသမ္မတ (၂) ဦးဆောင်တဲ့ အမျိုး သားသဘာဝဘေး အ္တနရာယ်စီမံခန့်ခွဲမှု ကော်မတီမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနဝန်ကြီးက ဒု-ဥက္ကဋ္ဌ နေရာယူထားပြီး ဝန်ကြီးဌာနရဲ့  အမြဲတမ်းအတွင်းက အတွင်းရေးမှူး နေရာကို ယူထားတာပါ။

မြန်မာနိုင်ငံနဲ့ သဘာဝဘေး

ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲ မှုရဲ့ သက်ရောက်ခံစားရမယ့် နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာ ရောက်နေတယ်လို့ ကုလသမဂ္ဂလူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဖော် ပြပါတယ်။ နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို ပြုစုထားတဲ့ ယခုနှစ်မေလကထုတ်ပြန်တဲ့ ဒီအဖွဲ့ရဲ့စာရင်းမှာ မြန်မာနိုင်ငံက နံပါတ် နှစ်ချိတ်နေတာပါ။

မြန်မာနိုင်ငံဟာ မုန်တိုင်း၊ မုန်တိုင်း ဒီရေ၊ ရေလွှမ်းမိုးမှု၊ မိုးခေါင်မှု၊ တောမီး စတဲ့ သဘာဝဘေးအ္တနရာယ်တွေဖြစ်ပွား ရာ နိုင်ငံတစ်နိုင်ငံဖြစ်သလိုနိုင်ငံရဲ့ပထဝီအနေအထားအရလည်း မြေငလျင်၊ ဆူနာမီ (ပင်လယ်သမုဒ္ဒရာထဲမှာ ငလျင်လှုပ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဧရာမရေလှိုင်း ကြီးများဘေး)၊ မြေပြိုမှု ဘေးတွေကို ခံရနိုင်တဲ့၊ ခံနေရဆဲနိုင်ငံလည်း ဖြစ် ပါတယ်။

မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် ၂ဝ၁၂ အစီရင်ခံစာမှာ ၂ဝဝဝ ကနေ ၂ဝ၁ဝ အထိ ၁ဝ နှစ် ကာလအတွင်း မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှု စုစုပေါင်းရဲ့ လေးရာခိုင်နှုန်းဟာ မြေငလျင်နဲ့ မြေပြိုခြင်းကြောင့်ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ (ဒီကာလမှာ မြန်မာနိုင်ငံဟာ ၂ဝဝ၄ ဆူနာမီဘေး၊ ၂ဝဝ၆ မာလာမုန်တိုင်း၊ ၂ဝဝ၈ နာဂစ်မုန် တိုင်း၊ ၂ဝ၁ဝ ဂီရိမုန်တိုင်းဘေးတွေကို ခံစားခဲ့ရပါတယ်။)

ဒါပေမဲ့ ၂ဝ၁၁ တာလေငလျင်၊ ၂ဝ၁၂ သပိတ်ကျင်းငလျင်၊ ၂ဝ၁၅ ဟားခါး မြေပြိုမှုနဲ့ အခုနောက်ဆုံး ၂ဝ၁၆ သြဂုတ် ၂၄ ရက်က ချောက်ငလျင်လှုပ်ခဲ့တဲ့ အတွက် ငလျင်နဲ့ မြေပြိုမှုကြောင့် ထိခိုက် ဆုံးရှုံးခဲ့မှုဟာ အရင်ကိန်းဂဏန်းတွေထက် မြင့်တက်လာဖို့ရှိပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ သက်နု တောင်တန်းတွေမှာ မြေပြိုကျမှုဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့အခြေ အနေတွေရှိသလို မြေအောက်မှာလည်း အချိန်မရွေးဘေးဒုက္ခပေးနိုင်တဲ့ မြေ ငလျင်တွေကလည်း ရှိနေပါသေးတယ်။

မြေငလျင်ပညာရှင်တွေကတော့ ဒီနိုင်ငံရဲ့အပေါ်ယံမြေလွှာကို ဆွဲခွာကြည့် လိုက်မယ်ဆိုရင် အောက်ဘက်မှာ တည် ရှိနေတဲ့ မြေငလျင်ကြောတွေဟာ လူ တစ်ယောက်ရဲ့လက်ဖဝါးပေါ်က လက္ခဏာ တွေလို ရှုပ်ယှက်ခတ်နေတယ်လို့ ဥပမာ ပေးကြပါတယ်။

ဟားခါးမြို့ပေါ်မှ မြေပြိုမှု ဖြစ်ပွားနေသော နေအိမ်အချို့ကို စက်တင်ဘာ ပထမအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ဟားခါးမြို့ပေါ်မှ မြေပြိုမှု ဖြစ်ပွားနေသော နေအိမ်အချို့ကို စက်တင်ဘာ ပထမအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

မြေငလျင် အန္တရာယ်

မြန်မာနိုင်ငံဟာ ကမ္ဘာ့ငလျင်ရပ် ဝန်းနှစ်ခုအနက်က တစ်ခုဖြစ်တဲ့ အယ်လ် ပိုဒ်ငလျင်ကြော(Alpide Belt)ပေါ်မှာ အလျားလိုက် ကျရောက်နေတဲ့ နိုင်ငံ တစ်ခုလည်းဖြစ်ပါတယ်။ ဒီငလျင်ကြော ကြီးဟာ ဥရောပတိုက်မြေထဲပင်လယ်မှာ အစပြုပြီး တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဟိမဝန္တာတောင်တန်းတွေကိုဖြတ်၊ မြန်မာ နိုင်ငံကို မြောက်ကနေတောင်ပိုင်းကို အလျားလိုက်ဖြတ်သန်းသွားပါတယ်။ ဒီ ငလျင်ကြောဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမာ တြားနဲ့ ဂျာဗားကျွန်းဆွယ်အထိ ရှည် လျားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ် မှာလှုပ်ခဲ့သမျှ ငလျင်တွေအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်း ဖြစ်ပွားရာ၊ လှုပ်ခဲ့ဖူးသမျှ အင် အားပြင်းငလျင်အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ် လည် နိုင်ငံတွေထဲမှာလည်း ကျရောက်နေ ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်၂၄ရက်က မကွေး တိုင်းဒေသကြီး၊ ချောက်မြို့အနီးဝန်းကျင် မှာ ဗဟိုပြုပြီး ၆ ဒသမ ၈ မဂ္ဂနီကျုရှိတဲ့ အင်အားကြီးငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့်လူနှစ်ဦး သေဆုံးခဲ့ပြီး ရှေးဟောင်းပုဂံဘုရားရာနဲ့ချီ ထိခိုက်ပျက် စီးသွားပါတယ်။

မြန်မာနိုင်ငံပြင်ပ ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ကနေတောင် ခံစားသိရှိခဲ့ရတဲ့ ဒီငလျင်ရဲ့ ဗဟိုချက်ဟာ မြေအောက် အနက် ၈၄ ကီလိုမီတာ (၅၂ မိုင်ကျော်) လောက်မှာ လှုပ်ခဲ့တာပါ။ ဒီငလျင်ဟာ စောက်လတ်ငလျင်အမျိုး အစားဖြစ်တဲ့ အတွက် ထိခိုက်ပျက်စီးမှု အများကြီးသက် သာခဲ့တာလို့ ငလျင်ပညာရှင်တွေက သုံး သပ်ပါတယ်။

သြဂုတ်လ ၂၄ ရက်မှာပဲ မြန်မာ နိုင်ငံနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အီ တလီနိုင်ငံအလယ်ပိုင်းဒေသမှာ မဂ္ဂနီကျု  ၆ ဒသမ ၂ ရှိ အင်အားကြီးငလျင်တစ်ခု လှုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ ပြင်းအားလောက်မရှိပေမယ့် ငလျင်ရဲ့ ဗဟိုချက်ဟာ မြေအောက်အနက် ၁ဝ ကီ လိုမီတာ( ၆ ဒသမ ၂ မိုင်) လောက်မှာ လှုပ်ခဲ့တဲ့ စောက်တိမ်ငလျင်အမျိုးအစား    ဖြစ်ခဲ့တာကြောင့် အဆောက်အအုံတွေ အများအပြားပျက်စီးပြီး လူပေါင်း ၂ဝဝ လောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့မီဒီယာ တွေမှာ ဖော်ပြခဲ့ပါတယ်။

ငလျင်တွေရဲ့ အကျိုးသက်ရောက်မှု ဟာ ငလျင်ဗဟိုချက်ရဲ့အတိမ်အနက်နဲ့ လှုပ်ခတ်တဲ့ငလျင်ပြင်အား၊ အောက်ခံ ကျောက်သား၊ မြေသားတွေရဲ့ဘူမိဗေဒ  အခြေအနေတွေပေါ်မှာမူတည်ပြီး ထိခိုက် သက်ရောက်မှုတွေ ဖြစ်ကြတယ်လို့ငလျင် ပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလိုစောက်တိမ်ငလျင်အမျိုးအစားတွေကို စစ်ကိုင်း ပြတ်ရွေ့နဲ့ နိုင်ငံအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျောက်ကြမ်းပြတ်ရွေ့အပါအဝင် တာ လေငလျင် ၂ဝ၁၁ လှုပ်ခဲ့တဲ့ နမ်းမပြတ်ရွေ့ လို အခြားပြတ်ရွေ့တွေမှာလည်း ဖြစ်ပေါ် စေနိုင်တယ်လို့  မြန်မာနိုင်ငံက ငလျင် ပညာရှင်တွေက ပြောတယ်။

စစ်ကိုင်းပြတ်ရွေ့

စစ်ကိုင်းပြတ်ရွေ့ကြောကို ငလျင် ပညာရှင်တွေက အပိုင်းငါးပိုင်းသတ်မှတ် ပြီး ခွဲခြမ်းစိတ်ဖြာထားပါတယ်။ မြောက် ဘက်ကနေ တောင်ဘက်ပိုင်းကို အစဉ် လိုက်ပိုင်းခြားမယ်ဆိုရင် ပူတာအို-မြစ် ကြီးနားအပိုင်း၊ တကောင်း-မန္တလေး အပိုင်း၊ မန္တလေး-ပျဉ်းမနား အပိုင်း၊  တောင်ငူ-ပဲခူးအပိုင်းနဲ့ ပဲခူး- မုတ္တမအပိုင်း ဆိုပြီး ပိုင်းခြားသတ်မှတ်တာပါ။

မြန်မာနိုင်ငံဟာ  ပထဝီအနေ အထားအရ အိန္ဒိယမြေထုချပ်(Indian Plate) နဲ့ ယူရေရှားမြေထုချပ် (Eurasia Plate) နှစ်ခုတို့ ထိပ်တိုက်တွေ့ဆုံ တွန်း ထိုးနေတဲ့ ဘူမိဗေဒဖြစ်စဉ်ရပ်ဝန်းမှာ ကျ ရောက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

အိန္ဒိယမြေထုချပ်ကြီးဟာ မြောက် ဘက်ကို ဦးတည်ရွေ့လျားနေပြီး မြန်မာ နိုင်ငံတည်ရှိနေတဲ့ ယူရေရှားမြေထုချပ်ရဲ့ အောက်ကို ငုပ်လျှိုးတိုးဝင်နေတဲ့အတွက် မြန်မာနိုင်ငံပါဝင်တည်ရှိတဲ့ ယူရေရှားမြေ ထုချပ်ဟာ နာရီလက်တံလည်သလို ဖြည်း ဖြည်းခြင်းလည်ထွက်နေတယ်လို့ မြန်မာ  နိုင်ငံမြေငလျင်ကော်မတီရဲ့ အတွင်းရေး မှူး ဒေါက်တာမျိုးသန့်က ရှင်းပြတယ်။

ဒီဖြစ်စဉ်ကြောင့်ပဲ  မြန်မာနိုင်ငံ အနောက်ဘက်အခြမ်းမှာရှိတဲ့ ရခိုင်ရိုးမ၊ ချင်းတောင်တန်းနဲ့ နာဂတောင်တန်းတွေ ဖြစ်ပေါ်လာရတယ်လို့ သူကဆိုတယ်။

အဲဒီမြေထုချပ်နှစ်ခုရဲ့ ထိပ်တိုက်ဆုံ တွေ့တွန်းထိုးနေတဲ့ ဘူမိဗေဒဖြစ်စဉ် ကြောင့် ပြတ်ရွေ့တွေရဲ့ သက်ဝင်လှုပ်ရှားမှု တွေကို ဖြစ်ပေါ်စေပြီး ငလျင်တွေ ဖြစ်လာ တာလို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကငလျင်ကြောဖြစ်တဲ့ စစ်ကိုင်းပြတ် ရွေ့ရဲ့ အရှေ့ဘက်အခြမ်းဟာ တောင်ဘက် ကိုဦးတည်ရွေ့နေသလို အနောက်ဘက် ခြမ်းဟာလဲ မြောက်ဘက်ကို ဦးတည် ရွေ့နေပါတယ်။ သူ့ရဲ့ ရွေ့လျားနှုန်းဟာ တစ်နှစ်ကို ၂ ဒသမ ၅ စင်တီမီတာကနေ ၃ စင်တီမီတာအထိ ရှိတယ်လို့ သူက ပြော ပြတယ်။

မြေငလျင်ပညာရှင်တွေ ခန့်မှန်း တာကတော့ မြေငလျင်ကြောတွေထဲမှာ အဓိကပျက်စီးဆုံးရှုံးမှုတွေကိုပေးနိုင်တဲ့  ငလျင်ကြောဟာ စစ်ကိုင်ပြတ်ရွေ့လို့ ဆို ကြပါတယ်။ အကြောင်းကတော့ ဒီပြတ် ရွေ့က လှုပ်မယ့် ငလျင်တွေဟာ ဖျက်ဆီး စွမ်းအားမြင့်တဲ့ စောက်တိမ်ငလျင် အမျိုး အစားတွေ ဖြစ်တာကြောင့်ပါပဲ။

ဒီငလျင်ကြောဟာ ကီလိုမီတာ ၁,၅ဝဝကျော် (မိုင်ပေါင်း ၉၄ဝခန့်) လောက် ရှည်လျားတယ်လို့ ၂ဝဝ၉ အတွင်းက အာရှဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (Asia Disaster Preparedness Center – ADPC ) က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဘေး အန္တရာယ်များအကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဆိုရင် စောက်လတ်ငလျင်အမျိုးအစား (မြေအောက်အနက် ကီလိုမီတာ ၇ဝ မှ ၁၅ဝ အတွင်း)တွေလှုပ်ခတ်နိုင်ပြီး စစ် ကိုင်းပြတ်ရွေ့နဲ့ အရှေ့ဘက်ကုန်းမြင့်ဒေသ တွေမှာဆိုရင် စောက်တိမ်ငလျင် (မြေအောက်အနက် ကီလိုမီတာ ဝ မှ ၇ဝ အတွင်း) တွေ လှုပ်ခတ်နိုင်တယ်လို့  ဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

”စစ်ကိုင်းပြတ်ရွေ့က ငလျင်လှုပ် ရင် အပျက်အစီးများတတ်တဲ့ စောက်တိမ် ငလျင်တွေပဲ လှုပ်မှာ။ ဗဟိုချက်ဟာ လူ နေထူထပ်တဲ့ မြို့တွေရဲ့အနီးအနားမှာ ကျရောက်မယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုနဲ့ အသေအပျောက်က များနိုင်တယ်”လို့ စစ်ကိုင်းပြတ်ရွေ့နဲ့ ပတ်သက်ပြီး ဒေါက် တာမျိုးသန့်က ခန့်မှန်းချက်ထုတ်ပါတယ်။

၂ဝ၁၁ လောက်ကစပြီး တစ်ကျော့ ပြန်လှုပ်လာတဲ့ မြေငလျင်တွေဟာ မြန် မာနိုင်ငံ မြေငလျင်ဘေးအန္တရာယ် အတွက် သတိပေးချက်တွေဖြစ်တာ ကြောင့် ”အခုအချိန်ဟာ ကြိုတင်ပြင်ဆင် မှုတွေ စပြီးလုပ်ရမယ့်အချိန်ကို ရောက် လာပြီ”လို့ မြန်မာနိုင်ငံမြေငလျင်ကော် မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမျိုးသန့် က ပြောပါတယ်။

”အမှန်တကယ်ဆိုရင် ၂ဝ၁၁ တာ လေငလျင်၊ နောက်တစ်ခါ ၂ဝ၁၂ သပိတ် ကျင်းငလျင်။ အဲဒီငလျင်တွေ စလှုပ် ကတည်းက ငလျင်ဘေးအတွက် ကျွန် တော်တို့ စပြီး ပြင်ဆင်ထားသင့်ခဲ့တာ”လို့ သူက ဆက်ပြောပါတယ်။

၂ဝ၁၁နဲ့ ၂ဝ၁၂ မှာ လှုပ်ခတ်ခဲ့တဲ့ ၆ ဒသမ ၈ မဂ္ဂနီကျုရှိတဲ့ တာလေငလျင်နဲ့ သပိတ်ကျင်းငလျင်တွေကြောင့် လူ ၉ဝ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၁၈ဝဝ ခန့်ကို အကျိုးသက်ရောက်ခဲ့တယ်လို့ ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA ) က ဖော်ပြခဲ့တယ်။

history-of-earthquake-one

စိတ်ပူရတဲ့ မန္တလေး

အနာဂတ်ငလျင်တွေကို ခန့်မှန်းရာ မှာ သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်တွေဟာ အရေးကြီးတယ်လို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။ မြန်မာနိုင်ငံအနောက်ဘက် ခြမ်းမှာဆိုရင် ၇ မဂ္ဂနီကျု အထက်ရှိတဲ့ အင်းအားပြင်း ငလျင်တွေဟာ ၁၉၃၈မှာ တစ်ကြိမ်၊ ၁၉၄ဝ တစ်ကြိမ်၊ ၁၉၅ဝမှာ တစ်ကြိမ်လှုပ်ခဲ့ပြီး ၁၉၅၂ မှာ တစ်ကြိမ် ဆက်တိုက်ဆိုသလိုလှုပ်ထားတဲ့ သမိုင်း နောက်ခံအခြေအနေတွေရှိတယ်လို့သူက ထောက်ပြတယ်။

ယခု ၂ဝ၁၆ အတွင်းမှာပဲ ဧပြီနဲ့ သြဂုတ်လတွေထဲမှာ ၆ ဒသမ ၉ မဂ္ဂနီကျု မော်လိုက်ငလျင်နဲ့ ၆ ဒသမ ၈ မဂ္ဂနီကျု ရှိတဲ့ ချောက်ငလျင်တွေ လှုပ်ခဲ့တာ ကြောင့် အနောက်ဘက်ခြမ်းဒေသတွေ အတွက် ငလျင်ကြိုတင်ပြင်ဆင်ရေးတွေ ဟာ အရေးတကြီးလုပ်ဆောင်သင့်ပြီးလို့ သူက ဆိုတယ်။

မြန်မာနိုင်ငံမြေပုံကို ငလျင်ပညာ ရှင်တွေက ငလျင်အန္တရာယ်ပြ ဇုန်ငါးခု ခွဲခြမ်း စိတ်ဖြာထားပါတယ်။ ပျက်စီးမှုများ နိုင်တဲ့ ငလျင်ဘေးအဆင့် သက်ရောက်နိုင် တဲ့ ငလျင်ဇုန်ထဲမှာ ပဲခူး၊ ဖြူး၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ရမည်းသင်း၊ နေပြည် တော် ၊ သာစည်၊ ဝမ်းတွင်း စတဲ့မြို့တွေ ပါ ဝင်နေပါတယ်။ အင်အားပြင်းငလျင်လှုပ် နိုင်တဲ့ ဇုန်မှာတော့ မိတ္ထီလာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မိုးညှင်း၊ ဧရာဝတီမြစ်ဆုံ ဒေသ၊ ဟုမ္မလင်း၊ ခန္တီးမြို့၊ မြောက်ဦးနဲ့ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်အခြမ်းဒေသတွေ ပါဝင်နေပါတယ်။

တစ်နိုင်ငံလုံးဟာ ငလျင်အန္တရာယ် ရှိနေတာမှန်ပေမယ့် ဒေါက်တာမျိုးသန့် ကတော့ လူဦးရေထူထပ်ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ကို ပိုပြီးစိတ်ပူမိတယ်လို့ ဆိုပါတယ်။ ဒီမြို့မှာ ၂ဝ၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆ ဒသမ ၁ သန်းကျော်  နေထိုင်ကြပါတယ်။ မန္တလေးကိုဖြတ်သန်းသွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောဟာ လှုပ်ခတ်လာတဲ့အခါမှာ အပျက်အစီးများတဲ့ စောက်တိမ်ငလျင် အမျိုးအစား လှုပ်မှာဖြစ်တာကြောင့်လည်း ဒေါက်တာမျိုးသန့်က စိုးရိမ်နေတာပါ။ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောဟာ မန္တလေး မြို့ရဲ့တောင်ဘက်၊ အမရပူရမြို့ရဲ့ အနီး ကနေ ဖြတ်သန်းသွားပါတယ်။

မန္တလေးမြို့ငလျင်အန္တရာယ်အတွက် ဒေါက်တာမျိုးသန့်စိုးရိမ်ရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက ဒီမြို့ဟာ စစ် ကိုင်းပြတ်ရွေ့တစ်လျှောက် ငြိမ်သက်မှု အကြာမြင့်ဆုံး အစိတ်အပိုင်းမှာ ကျ ရောက်နေတာပါ။ ၁၈၃၉၊ အင်းဝမြို့တော် တစ်ခုလုံး ပျက်သုဉ်းသွားတဲ့အထိ  အင် အားပြင်းပြင်းလှုပ်ခဲ့တဲ့ အင်းဝငလျင် နောက်ပိုင်း ဒီပြတ်ရွေ့ရဲ့ အစိတ်အပိုင်းမှာ ငလျင်မလှုပ်တော့တာ ဒီနေ့အထိပဲလို့ သူကရှင်းပြတယ်။

ဒီလို နှစ်ပေါင်းရာချီ မလှုပ်ခတ်ဘဲ တည်ငြိမ်နေတာကို ငလျင်ပညာရှင်တွေ က သဘောမကျပါဘူး။ အကြောင်းက တော့ အချိန်အကြာကြီးငြိမ်သက်နေတဲ့ ငလျင်ကြောတွေကနေ တစ်ဖန် ပြန်လှုပ် တဲ့အခါ အင်အားအဆမတန်ပြင်းထန်တဲ့ ငလျင်တွေ ဖြစ်ပေါ်တတ်တာကြောင့်ပါ။

မန္တလေးမြို့၊ အမရပူရမြို့ရဲ့တောင် ဘက်ခြမ်းလောက်ကနေ မိတ္ထီလာ၊ နေ ပြည်တော်၊ ပျဉ်းမနားအထိပါဝင်တဲ့ ဒီ စစ် ကိုင်းပြတ်ရွေ့အပိုင်းကို ငလျင်ပညာရှင် တွေက Seismic Gap ဇုန် (ငလျင်လှုပ် ခတ်မှုကွာဟနေတဲ့အပိုင်း) လို့ ခေါ်ပါတယ်။

လှုပ်လာတဲ့ငလျင်တွေ ခပ်စိပ်စိပ် ဖြစ်လာပေမယ့် ငလျင်ကြီးတွေဖြစ်ပေါ်လာ မယ်လို့ ကျိန်းသေပေါက် ခန့်မှန်းတာမျိုးကို မလုပ်နိုင်ဘူးလို့ ဦးစိုးသူရထွန်းက ဆိုပါ တယ်။ သူဟာ ပြည်သူ့လွှတ်တော်၊ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သလို ငလျင်ပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

ငလျင်တွေကို ကြိုတင်ခန့်မှန်းလို့ မရတာကြောင့် သူက အခုလို သတိပေး ပါတယ်။

”ဒီ(ငလျင်)ဘေးအန္တရာယ်ကို ကြို တင်ပြင်ဆင်ပြီး တုံ့ပြန်တာက အကောင်း ဆုံးပဲ”

ဘာတွေပြင်ဆင်ထားလဲ

မြန်မာနိုင်ငံမှာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီကို ဖွဲ့စည်းထားပါတယ်။ ဒီ ကော်မတီရဲ့ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုအပိုင်း တွေဟာ အားနည်းမှုတွေရှိတယ်လို့ သဘာ ဝဘေးအန္တရာယ်သက်ရောက်မှု လျော့ပါး ရေး လုပ်ဆောင်နေတဲ့အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ငလျင်ပညာရှင်အချို့က ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံရဲ့မြေငလျင်အန္တရာယ်  ရှိနေတဲ့ ဒေသ၊ ဒေသအလိုက် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ မြေပုံ၊ ငလျင်ဘေးကျ ရောက်နိုင်တဲ့ဒေသအလိုက် ရေးဆွဲထားတဲ့ မြေပုံတွေနဲ့ ငလျင်ဘေးအတွက် ဝန်ကြီး ဌာနက ကြိုတင်ပြင်ဆင်ထားတဲ့ အစီအမံ တွေကိုသိရဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကို ငလျင်ဘေးနဲ့ ပတ်သက်တဲ့ အသေးစိတ် မေးခွန်း ၁ဝ ခုကို စာတင်ပြီးမေးမြန်းခဲ့ပေ မယ့် ပြန်လည်ဖြေကြားပေးတဲ့ အဖြေလွှာ မှာ ဒီအပိုင်းကို ထည့်သွင်း မဖြေကြားခဲ့ ပါဘူး။

ပြန်လည်ပေးပို့လာတဲ့ အချက် အလက်တွေမှာလည်း မုန်တိုင်း၊ ရေဘေး၊ မီးဘေးစတဲ့ သဘာဝဘေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေသာပါရှိပြီး မြေပြိုမှု ဘေးနဲ့ ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံး မှုစာရင်းတွေကို ဖြေကြားပေးတာ မရှိပါဘူး။

အစိုးရအနေနဲ့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော် မတီအသီးသီး၊ တိုင်းနဲ့ပြည်နယ်အလိုက် အဖွဲ့ ခွဲအသီးသီးကို ဖွဲ့စည်းဆောင်ရွက်နေ ပြီး ဒီကဏ္ဍအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေနဲ့လဲ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ မော်ကွန်းရဲ့ မေးခွန်းတွေကို ပြန် လည်ဖြေကြားတဲ့ အဖြေလွှာမှာ ထည့်သွင်း ရေးသားတယ်။

လူ/ကယ်/ ပြန်ဝန်ကြီးဌာန အနေ နဲ့ လက်ရှိအခြေအနေမှာ ဝန်ထမ်းအင်အား နည်းပါးတာ၊ နည်းပညာသုံးစွဲနိုင်မှု အကန့် အသတ်ဖြစ်နေတာ၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းတွေ၊ ထောက်ပံ့ကူညီရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့အတွက် ယာဉ်၊ ပစ္စည်း ကိရိယာတွေ အကန့်အသတ်ဖြစ်နေတာ ကြောင့် လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အားနည်းချက်တွေဖြစ်ပေါ်ခဲ့တယ်လို့ ဖြေ ကြားပေးပါတယ်။

”ထိုအားနည်းချက်တွေကို ကျော် လွှားသွားနိုင်ရန် ဝန်ကြီးဌာနအနေနဲ့ ယခင်ကာလတွေထက်  ပိုမိုကြိုးစား ဆောင်ရွက်နေတယ်”လို့ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ရဲ့  ပြန်လည်ဖြေကြားပါတယ်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ ဘေး အန္တရာယ်နဲ့ပတ်သက်လို့ ကူညီကယ်ဆယ် ရေးတွေ လုပ်တာတောင် ဌာနကိုယ်တိုင် လုပ်နိုင်တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးတွေကတစ်ဆင့် လုပ်ရတာလို့ မော်ကွန်းက နေပြည်တော်မှာ သတင်းအချက်အလက် သွားတောင်းတုန်းက သူ့ရဲ့ ရုံးခန်းထဲမှာ ရှင်းပြတယ်။

”ဝန်ကြီးဌာနအနေနဲ့ မြို့နယ်တိုင်း မှာတောင် ဦးစီးဌာနတစ်ခုစီ မရှိသေးဘူး။ အခု ဝန်ထမ်းအင်အား တိုးချဲ့ဖို့တော့ စီစဉ် နေတယ်။ ဒီကဏ္ဍက ဝန်ကြီးဌာနတစ်ခု တည်းထက် အားလုံးပါဝင်လုပ်ဆောင်ပြင် ဆင်ရမှရမယ်”လို့ အထက်ပါ တာဝန်ရှိ သူက ရှင်းပြတယ်။

၂ဝ၁၂ လောက်မှာ ဒေါက်တာမျိုး သန့်တို့ရဲ့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ က အာရှဒေသသဘာဝဘေးကြိုတင်ပြင် ဆင်ရေးကော်မတီရဲ့ အကူအညီနဲ့ ငလျင် ဘေးအတွက်အစိုးရိမ်ရဆုံး မန္တလေးမြို့နဲ့ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် အား လုံးအတွက် လိုအပ်နေတဲ့ ငလျင်ဘေး အန္တရာယ်ပြမြေပုံတွေကိုရေးဆွဲခဲ့ပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က ဒီမြေပုံ တွေကို အစိုးရတွေရဲ့ မြို့ပြစီမံကိန်း ဖော် ဆောင်တာတွေနဲ့ အခြားဆောက်လုပ်ရေး လုပ်ငန်းစီမံကိန်းတွေမှာ သုံးဖို့အတွက် ရည်မှန်းရေးဆွဲခဲ့တာပါ။ ဒါပေမဲ့ တချို့ အဖွဲ့အစည်းတွေ ယူသုံးနေတာရှိပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ် ရင် အလွန်နည်းနေသေးတယ်လို့ သူက ပြောပါတယ်။

”မြန်မာနိုင်ငံမှာရှိတဲ့  ပြည်သူ အများစုက သဘာဝဘေးအန္တရာယ်တွေ၊ အထူးသဖြင့် ငလျင်လိုဘေးတွေနဲ့ ပတ် သက်ပြီး အသိအမြင်က နည်းနေတယ်လို့ ပြောလို့ရတယ်။ မန္တလေးလို မြို့က လူ တွေလဲ အသိအမြင်က အလွန်နည်းနေ သေးတယ်”လို့ သူက မှတ်ချက်ပြုပါတယ်။

သဘာဝဘေးအန္တရာယ်တွေထဲမှာ ငလျင်ကို မေ့ထားတတ်ကြတာဟာ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဘူးလို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။ ငလျင် လှုပ်ပြီးလို့ အဆောက်အအုံတွေပြိုကျတဲ့ အခါ ပျက်စီးမှုများရင် များသလောက် ပြန်လည်တည်ဆောက်ဖို့အတွက် သစ် တောတွေနဲ့ မြေကြီးတွေ ဆုံးရှုံးရမှာဖြစ် တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိ ခိုက်စေတဲ့ ငလျင်ဘေးကို နိုင်ငံတော်ရဲ့ စီမံကိန်းတိုင်းမှာ ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်သင့်တယ်လို့ သူ က အကြံပြုတယ်။

”ရေကြီးရေလျှံတာ၊ မြေပြိုတာ တွေလို ငလျင်က မမြင်ရတာ၊ ဖြစ်လေ့ ဖြစ်ထ ကွာဟတာတွေကြောင့် တချို့က ငလျင်ဘေးကို မေ့ထားတတ်ကြတယ်။ သို့ သော်လည်း ရေဘေးတို့၊ မြေပြိုတာတို့၊ မုန်တိုင်းတို့က ကြိုတင်ပြင်ဆင်မယ်ဆိုရင် အချိန်ရကြတယ်။ ကြိုသိနိုင်တာတွေရှိ တယ်၊ ငလျင်မှာမရှိဘူး”လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြေငလျင်ဘေး အန္တရာယ်ကို လုပ်ဆောင်မယ့် ဝန်ကြီး ဌာန မရှိလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လုပ်ပေးနေရတဲ့ သဘောဖြစ်တယ်လို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။ အလားတူ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအပိုင်းအတွက် လွှတ်တော်မှာ လည်း သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့် ပေးထားတဲ့ ကော်မတီမရှိသေးဘူးလို့ ဆို ပါတယ်။

”လွှတ်တော် ငါးနှစ်သက်တမ်းမှာ (သဘာဝဘေးအန္တရာယ်) ကြိုတင်ကာ ကွယ်ရေးအပိုင်းတွေ အားကောင်းလာဖို့ ဌာနတွေနဲ့ ညှိနှိုင်းတာ၊ လွှတ်တော်ထဲမှာ အဆိုတင်သွင်းပြီး ဒီကဏ္ဍအားကောင်း လာအောင် လုပ်သွားမယ်”လို့ သူက ဖြည့် စွက်ပြောပါတယ်။

လက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဟာ အရေး ပေါ်ကာလလောက်မှာပဲ အစည်းအဝေး ထိုင်ကာ စီမံခန့်ခွဲတာမျိုး လုပ်ဆောင်နေ ပြီး ကြိုတင်ပြင်ဆင်ရေးအတွက် စီမံခန့်ခွဲ မှုအပိုင်းမှာ အားနည်းနေတာကြောင့် ”ဒီကဏ္ဍကို အချိန်ပြည့်လုပ်ဆောင်မယ့် ဝန်ကြီးဌာနတစ်ခု တစ်သီးတစ်သန့် ပေါ်လာဖို့အတွက် လိုအပ်တယ်”လို့ ဦးစိုး သူရထွန်းက ပြောတယ်။

”အိန္ဒိယလိုနိုင်ငံမှာဆိုရင် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနဆို တာက ရှိတယ်။ ငါတို့ဆီမှာ အဲဒါမျိုးမရှိ ဘူး” လို့ သူက ဥပမာပေးတယ်။

ဂျပန်နိုင်ငံမှာ ၂ဝ၁၁ တုန်းက လှုပ် ခဲ့တဲ့ မြေငလျင်ကြောင့်သူတို့နိုင်ငံရဲ့ ပြည် တွင်းအသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး  (Gross Domestic Product – GDP) ဟာ ဆယ်နှစ်လောက်နောက်ကို ပြန် ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒါ ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်လာ ရင် ပြန်ကယ်ရ၊ ကူရတဲ့စရိတ်က ပိုမိုကုန် ကျတာကြောင့် ကြိုတင်ပြင်ဆင်မှုကို ရင်း နှီးမြှုပ်နှံတာဟာ အကောင်းဆုံးလို့ ဦးစိုး သူရထွန်းက ဆိုပါတယ်။

”ဆင်းရဲလို့ပဲ ပြောပြော၊ ချမ်းသာ လို့ပဲပြောပြော ကြိုတင်ပြင်ဆင်မှုကို အ ရေးထားလုပ်ရမယ်။ နိုင်ငံတော်က စီမံ ကိန်းတိုင်းမှာ ဒါကို ထည့်သွင်းစဉ်းစားရ မယ်”လို့ သူက ဆက်လက်ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက် နိုင်ခြေမြင့်မားတဲ့ နိုင်ငံမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သီးသန့်စီမံခန့်ခွဲတဲ့ ဝန် ကြီးဌာန မရှိတာဟာ ကြိုတင်ကာကွယ် ရေးတွေ လုပ်ဆောင်တဲ့အပိုင်းမှာ အခက် အခဲအများကြီး ဖြစ်စေတယ်လို့ ဦးစိုးသူ ရထွန်းက ပြောပါတယ်။

ငလျင်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတဲ့နိုင်ငံတစ်ခုအနေနဲ့ ငလျင်တိုင်း တာရေးစက်တွေရော အလုံအလောက် ရှိနေပြီလားလို့ ဦးစိုးသူရထွန်းကို မေး ကြည့်တဲ့အခါမှာ သူဟာခေါင်းတစ်ခါခါ လုပ်ရင်း အခုလို  မှတ်ချက်ပေးပါတယ်။

”ငလျင်တိုင်းစက်တစ်လုံးဟာ ကားတစ်စီးတန်ဖိုးလောက်ပဲ ရှိတာကို နိုင်ငံအနှံ့မှာ တပ်ဆင်ထားနိုင်မှုမရှိဘူး။ အဲဒီအတွက် ကြိုတင်ခန့်မှန်းမှုနဲ့ ပြင်ဆင် ရေးအပိုင်းတွေမှာ ခေတ်အဆက်ဆက် လိုအပ်ချက်တွေ ဖြစ်လာရတာ”

ငလျင်တိုင်းတာရေးစက် များများလိုအပ်

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝ သနဲ့ဇလဗေဒဦးစီးဌာန၊ မြေငလျင်ဌာနခွဲ က လက်ထောက်ညွှန်ကြားရေးမှူး ဒေါက် တာယဉ်မျိုးမင်းထွေးက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ဖူးတဲ့ ဒေသတွေမှာ နေ ထိုင်နေတဲ့သူတွေနဲ့ သက်ဝင်လှုပ်ရှားနေ တဲ့ ငလျင်ပြတ်ရွေ့ကြောတွေအနီးမှာ နေ ထိုင်တဲ့ လူထုတွေကို အသိပညာပေးရေး လုပ်ငန်းတွေကို ဌာနအနေနဲ့ ဆောင်ရွက် နေတယ်လို့ ပြောပြတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ငလျင်တိုင်းတာရေးစက်ပစ္စည်းသုံးမျိုးနဲ့ အချိန်ပြည့်စောင့်ကြည့်နေတယ်လို့ သူက ဆိုပါတယ်။ ရှေးကတည်းက သုံးတဲ့ Analog အမျိုးအစား ငလျင်တိုင်းတာ ရေးစက်စခန်းနှစ်ခု၊ အင်အားပြင်းမြေ ငလျင်တိုင်းစက်စခန်း ၁၁ခု၊ ငလျင်လှိုင်း ကျယ်တွေကို ဖမ်းယူနိုင် တဲ့ စက်စခန်း ၁၂ ခုနဲ့ စောင့်ကြည့်နေတယ်လို့ သူက ဆိုပါ တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြေ ငလျင်စခန်း ဘယ်နှခုလိုမလဲဆိုတာမျိုးကို တော့ အတိအကျမပြောနိုင်သေးပါဘူး။

ဦးစိုးရသူထွန်းကတော့ မြေငလျင် များတဲ့နိုင်ငံမှာ အလျင်တိုင်းတာရေးစက် တွေ များများတပ်ဆင်နိုင်လေ ပိုကောင်း လေလို့ ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ရှားမှုကို သိရှိနိုင်ဖို့ GPS(Global Positioning) စခန်းရှစ်ခု တပ်ဆင်ပြီး စောင့် ကြည့်နေတာရှိသလို နောက်ထပ် GPS စက်တွေနဲ့ ငလျင်စခန်း သုံးဆယ်လောက် ကို ထပ်မံတပ်ဆင်မယ့် အစီအစဉ်တွေကို ချမှတ်လုပ်ဆောင်နေတယ်လို့ ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောပြတယ်။

”စစ်ကိုင်းငလျင်ကြောမှာ သုတေ သနဆောင်ရွက်ဖို့ ပျဉ်းမနား-သာစည် အပိုင်း၊ ဒီအပိုင်းက ငလျင်မလှုပ်တော့တာ အရမ်းကြာနေပြီး ဖြစ်နိုင်ခြေ အလား အလာများတဲ့အတွက် စင်ကာပူနန့်ယန်း တက္ကသိုလ်၊ မြေငလျင်ကော်မတီနဲ့ ဦးစီး ဌာနက ပေါင်းပြီး သုတေသနလုပ်ဖို့ ပြင် ဆင်နေတယ်”လို့  သူက ဆက်ပြေ ပြတယ်။

ဆူနာမီအတွက် ကနဦးစမ်းသပ်စီမံ ကိန်းတစ်ခုကို ဧရာဝတီတိုင်းထဲမှာ လုပ် ဆောင်ထားသလို မန္တလေးမြို့ရဲ့ ငလျင် ဘေးဆိုင်ရာသုတေသနတစ်ခုကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အခြား ပြင်ပအဖွဲ့အစည်းတွေဖြစ်တဲ့  UN-HABITAT နဲ့ မြေငလျင်ကော်မတီတွေ ကလည်း မြန်မာနိုင်ငံရဲ့ ငလျင်အန္တရာယ် မြင့်တက်နေတဲ့ မြို့ကြီးအချို့ကို သုတေ သနလုပ်ဆောင်နေတာတွေရှိတယ်လို့ သူကဆိုပါတယ်။

”မြေငလျင်ကို ဘယ်နေ့၊ ဘယ် အချိန်၊ ဘယ်နေရာမှာ ကြိုတင်လှုပ်မယ် လို့ ခန့်မှန်းချက်မထုတ်နိုင်ဘူး။ မြေငလျင် လှုပ်ခတ်ခဲ့ဘူးတဲ့ရပ်ဝန်းမှာ နေထိုင်သူ တွေ၊ သက်ရှင်ပြတ်ရွေ့ကြောတွေအနီးမှာ နေထိုင်နေတဲ့သူတွေကို မြေငလျင်နဲ့ ပတ် သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေးတယ်”လို့ ဒေါက်တာယဉ် မျိုးမင်းထွေးက ပြောတယ်။

ဌာနအနေနဲ့ ငလျင် ဘေးအန္တရာယ် အကြောင်း အသိပညာပေးပွဲတွေလုပ် ဆောင်တာ၊ ငလျင်ရပ်ဝန်းတွေမှာ နေ ထိုင်နေတဲ့ ပြည်သူတွေကို ငလျင် အကြောင်း သိကောင်းစရာတွေ ရေးသား ထားတဲ့ လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေ တာတွေကို လုပ်ဆောင်တယ်လို့ သူက ပြောတယ်။

၂၀၁၅ မြေပြိုမှုတွင် ပျက်စီးသွားသော ဟားခါးမြို့မှ စာသင်ကျောင်း။ ဓာတ်ပုံ - ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
၂၀၁၅ မြေပြိုမှုတွင် ပျက်စီးသွားသော ဟားခါးမြို့မှ စာသင်ကျောင်း။ ဓာတ်ပုံ – ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

အသုံးမပြုကြတဲ့ ငလျင်ဒဏ်ခံဒီဇိုင်း

ငလျင်တွေဟာ လူကိုတိုက်ရိုက် သေစေတာမျိုးမဟုတ်ဘဲ အဆောက် အအုံတွေ ထိခိုက်ပြိုကျပြီး  လူတွေကို သေစေတာကြောင့် အစိုးရအနေနဲ့ အိမ် တိုင်းစေ့ကို ငလျင်ဒဏ်ခံနိုင်ရည်ရှိ၊ မရှိ စစ်ဆေးမှုတွေ မလုပ်နိုင်ရင်တောင် အများပြည်သူဆိုင်ရာ အဆောက်အအုံ တွေနဲ့ လူအများစုဝေးနေထိုင်တဲ့ အိမ်ရာ တွေကို စစ်ဆေးပြုပြင်သင့်တယ်လို့ ဒေါက်တာမျိုးသန့်က ပြောတယ်။

ငလျင်လှုပ်ပြီးတဲ့အခါ ထိခိုက် ဒဏ်ရာရရှိမှုတွေအတွက် အရင်ဆုံး ရောက်ကြတာက ဆေးရုံတွေပါ။ ဒါ့အပြင် ဘေးဒုက္ခ ကြုံတွေ့ရတဲ့သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေအဖြစ် စာသင်ကျောင်းတွေ၊ ခန်းမတွေကိုအသုံး ပြုရမှာဖြစ်ပါတယ်။ အဲဒါကြောင့် တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးရုံတွေ၊ စာ သင်ကျောင်းတွေရဲ့ ငလျင်ဒဏ်ခံနိုင်ရည် ရှိမှုကို အခုချိန်မှာ စတင်စစ်ဆေးသင့် ပြီးလို့ သူက အကြံပြုပါတယ်။

ငလျင်ဇုန်တွေမှာ အဆောက်အအုံ တွေ ဆောက်လုပ်တဲ့အခါ အနည်းဆုံးရှိရ မယ့် ငလျင်ခံဒီဇိုင်းအတွက် အဆောက် အအုံ စည်းမျဉ်းတွေကို မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းနဲ့ မြေငလျင်ကော်မတီ က ရေးဆွဲထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် မြေပြင်အခြေအနေမှာ အသုံးချနေမှုနဲ့ ကြည့်ကြပ်စစ်ဆေးမှုအပိုင်းတွေဟာ အလွန်အားနည်းတယ်လို့  သူက ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငလျင်ဒဏ်ခံဒီဇိုင်းတွေ ပိုမိုထည့်သွင်းလာ အောင် ”အစိုးရအနေနဲ့ ကြပ်မတ်ရမယ့် အချိန်အခါရောက်နေပြီဆိုတာ သတိ ထားမိဖို့လိုတယ်”ဟု ဒေါက်တာမျိုးသန့် က ပြောသည်။

စစ်ဆေးကြပ်မတ်မှုတွေစနစ်မကျ  တာနဲ့ ကြိုတင်ပြင်ဆင်မှုတွေအားနည်း တာဟာ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်တုံ့ပြန်တဲ့အခါ ကျရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ် တယ်လို့ ဒေါက်တာမျိုးသန့်က မှတ် ချက်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိသဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ထားမှုအပိုင်း အရ အတိတ်မှာ လှုပ်ခဲ့ဖူးတဲ့ အင်အားကြီး ငလျင်မျိုးတွေ တစ်ကျော့ပြန်လာခဲ့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲလို့ မော်ကွန်းက မေးတော့ ဒေါက်တာမျိုးသန့်က တွေး တွေးဆဆနဲ့ ဖြည်းဖြည်းချင်းပဲ အခုလို မှတ်ချက်ပေးပါတယ်။

”လက်ရှိ ကြိုတင်ပြင်ဆင်ထားမှု အနေအထားအရ မြို့ကြီးတွေအနီးမှာ အခုအချိန် ငလျင်ကြီးတွေထလှုပ်ရင် တော့ အထိအခိုက်အပျက်အစီးက တော် တော်များမယ့်အနေအထားပဲ။ အသေအ ပျောက်တွေလည်း များသွားနိုင်တယ် “ ။       ။

၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၉)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."