ဆင်ဆာလှောင်ချိုင့်ထဲက ရုန်းမထွက်နိုင်သေးသည့် မြန်မာ့ရုပ်ရှင်

ဆင်ဆာလှောင်ချိုင့်ထဲက ရုန်းမထွက်နိုင်သေးသည့် မြန်မာ့ရုပ်ရှင်

အောင်ပိုင်
ဒီဇင်ဘာ ၂၀၂၀ (မော်ကွန်း)

စစ်အစိုးရ၏ဆိုးမွေ ရုပ်ရှင်ဆင်ဆာစနစ်ကို ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသော အသက်အရွယ်အလိုက် ကြည့်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်သည့်စနစ် Rating System ဖြင့် အစားထိုးရန် လွန်ခဲ့သော ၁၀ နှစ် ဒီမိုကရေစီအကူးအပြောင်းစကတည်းက ရုပ်ရှင်အနုပညာရှင်များ မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ဆယ်စုနှစ်တစ်ခုကြာသည့်တိုင် တစ်စုံတစ်ရာထူးခြားမလာဘဲ ၁၉၉၆ ရုပ်ရှင်ဥပဒေပါ ဆင်ဆာစနစ်ကိုသာ ကျင့်သုံးနေဆဲဖြစ်သည်။

ထို့ကြောင့် ရုပ်ရှင်အနုပညာဖန်တီးမှုပိုင်းတွင် ကန့်သတ်မှုများ ကြုံနေရသည်ဆိုကာ မြန်မာ့ရုပ်ရှင်ရာပြည့်နှစ် ၂၀၂၀ အကုန်ပိုင်းတွင် ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များသည် လူမှုကွန်ရက်ပေါ်တွင် #RatingSystemNow ဟု ဆန္ဒပြလာကြသည်။

ဇာတ်ညွှန်းဆရာ M နိုးက “မချုပ်မနှောင်ထားသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရုပ်ရှင်အနုပညာပေါ်ပေါက်လာနိုင်ဖို့ အဲဒီတစ်နည်းပဲရှိပါတယ်” ဟု ပြောသည်။

သူသည် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar -WDOM) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုအသင်းသည် ရုပ်ရှင်၊ ရုပ်သံ အနုပညာဖန်တီးသူများ၏ အရည်အသွေးတိုးတက်ရေးကို ဆောင်ရွက်နေပြီး အသင်း၏နာယကမှာ ဝါရင့်အနုပညာရှင် ဦးဝင်းဖေဖြစ်သည်။

WDOM အသင်းဝင်ခြောက်ဦးသည် ဒီဇင်ဘာ ၁၆ က ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တွေ့ဆုံကာ ၁၉၉၆ ရုပ်ရှင်ဥပဒေပါ အမိန့်ညွှန်ကြားချက်ဖြင့် Rating System ရုပ်ရှင်အဆင့်သတ်မှတ်ရေး တိုက်တွန်းခဲ့သည်။

ထို့အပြင် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး၏နှုတ်မိန့်ဖြင့် ဆင်ဆာမူဝါဒ ၁၀ ချက်အနက် လေးချက်ကို ပယ်ဖျက်ပေးသည့် သာဓကရှိခဲ့သည်ဟုလည်း ၎င်းတို့ကထောက်ပြခဲ့ကြသည်။

ကျန်ရှိနေသည့် ဆင်ဆာမူဝါဒခြောက်ခုမှာ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေးနှင့် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး တို့ဖြစ်ပြီး တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။

“ယခင့် ယခင် အစိုးရများ၏ ဝန်ကြီးများတောင် ဤမျှလုပ်ပေးနိုင်ခဲ့လျှင် ပြည်သူ့အစိုးရဝန်ကြီးအနေဖြင့် ပိုမိုလုပ်ဆောင်ပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တွေ့ဆုံမှု အပြီးတွင် WDOM ၏ Facebook Page မှ သတင်းထုတ်ပြန်၍ အစိုးရကို တိုက်တွန်းခဲ့သည်။

Rating System ကျင့်သုံးရန် တောင်းဆိုနေသာ ရုပ်ရှင်အနုပညာရှင်များ                       Photo – WDOM

ဒေါက်တာဖေမြင့်က အများစု၏ထောက်ခံမှုနှင့်အတူ Rating System ကျင့်သုံးဆောင်ရွက်မည့်လုပ်ငန်းစဉ်ကို ပြန်လည်တင်ပြပေးပါဟု မှာကြားခဲ့သည်ဟုဆိုသည်။

ဘာကြောင့် Rating စနစ် အလိုရှိတာလဲ

ရုပ်ရှင်ကားများ ဆင်ဆာဖြတ်မခံရလျှင် အတွေးအခေါ်၊ အကြောင်းအရာ၊ တင်ပြပုံများတွင် ပိုမိုလွတ်လာကာ ဖန်တီးမှုအား ကောင်းလာမည်ဟု M နိုးက ပြောသည်။

ကျင့်သုံးနေဆဲ တင်းကျပ်သည့် ဆင်ဆာမူဝါဒကြောင့် ဇာတ်ကားများတွင် အနုပညာအရည်အသွေး ကျဆင်းသွားရကြောင်း အနုပညာရှင်များက ထောက်ပြသည်။

Rating စနစ်သည် ရုပ်ရှင်အရည်အသွေးကောင်းလာနိုင်မည့် တစ်ခုတည်းသော အကြောင်းအရာ မဟုတ်သော်လည်း လက်ရှိကျင့်သုံးနေသော ဆင်ဆာစနစ်ထက် သာလွန်ကောင်းမွန်နိုင်စရာ အကြောင်းရှိသည်ဟု ၎င်းက ယူဆသည်။

“ထင်တိုင်းကြဲတဲ့ကားဆိုလည်း Rating စနစ်က အပြင်းထန်ဆုံးအဆင့် (ဥပမာ ၁၈+ နဲ့ ၂၀+) တွေ သတ်မှတ်လိုက်ရင် ပရိသတ်နည်းသွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။

သို့သော် ချွင်းချက်အဖြစ် နည်းပညာကျယ်ပြန့်လာသည့်အလျောက် ကြည့်ရှုခွင့်လုံးဝပိတ်ပင်ထားရန်မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

သူ၏ ရှင်းပြချက်အရ မြန်မာပြည်တွင် အသက်အရွယ်မရွေးကြည့်ခွင့်ရနေသည့် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်လမ်း “Joker” ကို စင်ကာပူနိုင်ငံ တွင် Rating စနစ်အရ ၁၈ နှစ်အောက်မကြည့်ရဟု သတ်မှတ်ထားသည်။ ထိုရုပ်ရှင်ကားတွင် စိတ်အာရုံကို နှိုးဆွသည့် သွေးထွက်သံယို အကြမ်းဖက်မှုများ၊ အပြုအမူများ စသည့်ပြကွက်များ ပါဝင်နေသည်။

စင်္ကာပူနိုင်ငံသည် Rating စနစ်ကို ၁၉၉၁ တွင် စတင်ကျင့်သုံးနေခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၀ နီးပါး ရှိခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံသည်လည်း ၂၀၀၉ ကတည်းကပင် ရုပ်ရှင်ဥပဒေသစ်ပြဌာန်း၍ Rating စနစ်ကို ကျင့်သုံးနေခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆင်ဆာစနစ်အစား Rating စနစ် ပြောင်းလဲကျင့်သုံးပါက ရုပ်ရှင်အနုပညာတွင် အထိန်းအကွပ်မဲ့သွားမည့် သဘောမ ဟုတ်ဘဲ ပုံသဏ္ဌာန်ပြောင်းစိစစ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“တစ်ဖက်မှာ လွတ်လပ်မှုတွေ ရှိလာနိုင်သလို တစ်ဖက်မှာ တာဝန်ယူ၊ တာဝန်ခံရတဲ့အပိုင်း ပိုလာတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

သူသည် ဒီဇင်ဘာ ၁၀ ရက်ထုတ် အစိုးရဝါဒဖြန့်ချိရေး ကြေးမုံသတင်းစာတွင် အေးကြွယ် (ပြန်/ဆက်) ကလောင်ဖြင့် ‘Rating စနစ်ကို ထောက်ခံပါတယ်’ အမည်ရ ဆောင်းပါးကို ရေးခဲ့သူဖြစ်သည်။

သို့သော် ဆောင်းပါးထဲတွင် ဆင်ဆာအဖွဲ့သည် အနုပညာဖန်တီးမှုများကို ကန့်သတ်တားမြစ်ခြင်းမဟုတ်ဘဲ ဘေးထွက်ဆိုး ကျိုးမဖြစ်စေရေး စေတနာဖြင့်ဝေဖန်ထောက်ပြခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၁ ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်း ဆင်ဆာအဖွဲ့ဝင် ဒေါက်တာခင်မောင်လွင်၏ ဆင်ဆာသည် ရုပ်ရှင်ကို ပိုမိုလှပအောင် ပြင်ဆင်ပေးနေခြင်းဖြစ်သည် ဟူသော ‘ပန်းအလှပြင်ကတ်ကြေး’ ဆောင်းပါးကို ဖော်ပြပြန်သည်။

ထိုဆောင်းပါးများသည် ဆင်ဆာစနစ်ကို ကာကွယ်နေခြင်းသာဖြစ်သည်ဟု ရုပ်ရှင်သမားများက ရှုမြင်သုံးသပ်ကြပြီးနောက် Rating စနစ်တောင်းဆိုမှုသည် အရှိန်မြင့်ကျယ်ပြန့်လာခဲ့သည်။

ရုပ်ရှင်ဇာတ်ညွှန်းများ၊ ရုပ်ရှင်စီမံကိန်းများကို ထောက်ပံ့ကူညီမြှင့်တင်ပေးနေသော အရှေ့တောင်အာရှ ရုပ်ရှင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Southeast Asia Fiction Film Lab (SEAFIC) အဖွဲ့ကလည်း WDOM အဖွဲ့၏ Rating စနစ်တောင်း ဆိုမှုကို အားပေးထောက်ခံလာသည်။

ရုပ်ရှင်ဆင်ဆာ ဘယ်သူ့အတွက်လဲ

မြန်မာနိုင်ငံတွင်ရုံတင်ပြသမည့် မည်သည့်ရုပ်ရှင်ကားမဆို ၁၉၉၆ ရုပ်ရှင်ဥပဒေအရ ဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်ရမှသာ အများပြည်သူကိုပြသနိုင်သည်။ ထိုစနစ်ကို ယခုအချိန်အထိ ကျင့်သုံးနေခြင်းမှာ ခေတ်နှင့်မလျော်ညီတော့ကြောင်း ရုပ်ရှင်အနုပညာသမားများက ဝေဖန်ကြသည်။

“ခေတ်ဟောင်းကစနစ်ကို သယ်လာတာ။ လူတွေကပြောင်းလာပြီး အသစ်တွေဖန်တီးချင်နေပြီ။ စနစ်ကလိုက်မပြောင်း သေးဘူး။ ကျင့်သုံးနေတဲ့ စနစ်က ခုလူတွေနဲ့ အံမဝင်တော့ဘူး” ဟု ဇာတ်ညွှန်းရေးဆရာ ဦးအောင်မင်းက ပြောသည်။

၎င်းသည် ရန်ကုန်ရုပ်ရှင်ပညာကျောင်း (YFS) ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV တို့တွင် ဇာတ်ညွှန်းပညာရပ်နှင့် ရုပ်ရှင်သရုပ်ခွဲပညာရပ်တို့ကို ပို့ချလျက်ရှိသည်။

မူဝါဒများနှင့် မကိုက်ညီခြင်းကြောင့်ဟုဆိုကာ ဆင်ဆာဖြတ်ခံရသည့်အထဲတွင် ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသည့် အနေဖြင့် ကမာရွတ်မီဒီယာက ရိုက်ကူးထုတ်လုပ်ခဲ့သော “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်လမ်းလည်း ပါဝင်ခဲ့သည်။

ဇာတ်လမ်းတွင် ဒီမိုကရေစီပညာရေး၊ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ အကြောင်းပြောသည့် ၁၀ မိနစ်စာ ဇာတ်ဝင်ခန်းကို ဆင်ဆာအဖွဲ့ကဖြတ်ခဲ့သည်ဟု ထုတ်လုပ်သူ ဦးဟန်သာငြိမ်းက ဆိုသည်။

“မိသားစုလိုက်ကြည့်လို့ရတဲ့ တက္ကသိုလ်ကျောင်းသား ရုပ်ရှင်ကားမှာ ကျောင်းသားတွေအကြောင်း ပြောတာတောင် ဆင်ဆာဖြတ်ခံရတာ စိတ်မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ရုံတင်ခွင့်ပိတ်ပင်ရာတွင်လည်း Twilight Over Burma အမည်ရ ၁၉၆၂ စစ်တပ်အာဏာသိမ်းစဉ် လူမျိုးစုနိုင်ငံ ရေးပြဿနာများကို နောက်ခံထားသည့် ရုပ်ရှင်ပါဝင်ခဲ့သည်။

ထိုရုပ်ရှင်ကားကို ၂၀၁၅ တွင် သြစတြီးယားနိုင်ငံ၌ ရုံတင်ပြသနိုင်ခဲ့ပြီး ၂၀၁၆ မြန်မာနိုင်ငံတွင် ကျင်းပသည့် လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ပြသရန်စီစဉ်ခဲ့ရာ မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့က ခွင့်မပြုခဲ့ပါ။

သို့သော်လည်း ဆင်ဆာအဖွဲ့က ခွင့်ပြုခဲ့သည့် ရုပ်ရှင်ဇာတ်ကားများတွင် လူလူချင်းခွဲခြားဆက်ဆံစေရန် အားပေးအားမြှောက် ပြုရာရောက်သည်များ ပါဝင်နေသည်ဟု Myanmar Cultural Research Society မှ ဦးရဲဟိန်းအောင်က ဆိုသည်။

Myanmar Cultural Research Society သည် မြန်မာရုပ်ရှင်ကားများတွင် ပုံဖော်ခံနေရသော လူ့အဖွဲ့အစည်းကို လေ့လာဆန်းစစ်ထားသည့် “တုန်ခြင်း မှုန်ခြင်း သည်းခံပါ” အစီရင်ခံစာကိုပြုစုပြီး သြဂုတ်လက ဖြန့်ဝေခဲ့သည်။

ထိုအစီရင်ခံစာထဲတွင် မြန်မာရုပ်ရှင်များသည် မသန်စွမ်းသူများ၊ လိင်စိတ်ခံယူမှုကွဲပြား သူများနှင့် လူမျိုးစုများအပေါ် ပုံဖော်ရာတွင် လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်စေသည်ဟု သုံးသပ်ထားသည်။

“ဝမ်းနည်းစရာကောင်းတာက ဆင်ဆာအဖွဲ့ရဲ့ မူဝါဒတွမှာ လူ့ဂုဏ်သိက္ခာနှင့် ပတ်သတ်တဲ့ မူဝါဒတွေမပါဝင်တာပဲ။ ဆင်ဆာ အဖွဲ့ကလည်း အုပ်ချုပ်သူအစိုးရကိုသာကိုယ်စားပြုတဲ့ အစိုးရရဲ့ကိုယ်စားလှုယ်သာဖြစ်နေတယ်” ဟု ၎င်းက ဝေဖန်သည်။

မျှော်သာမျှော် ပေါ်မလာတဲ့ ရုပ်ရှင်ဥပဒေသစ်

ဆင်ဆာစနစ် ယနေ့တိုင် သက်ဆိုးရှည်နေရခြင်း၏ အကြောင်းအရင်းသည် နှစ်အတန်ကြာ အကောင်အထည်မပေါ်နိုင် သေးသည့် ရုပ်ရှင်ဥပဒေသစ်ကြောင့်လည်းဖြစ်သည်ဟု ရုပ်ရှင်သမားများက သုံးသပ်ကြသည်။

ဆင်ဆာလွတ်လပ်ခွင့်နှင့် Rating စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၁ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းကပင် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ဆိုသည်။

ထိုစဉ်က အမိန့်ညွှန်ကြားချက်ဖြင့် ဆင်ဆာမူဝါဒတချို့ကို ဖြေလျှော့ပေးခဲ့ပြီးနောက် ဆင်ဆာစနစ်တစ်ခုလုံးကိုပါ ဖြုတ်ချရန် ကြိုးစားခဲ့ရာမှ ရုပ်ရှင်ဥပဒေသစ် ရေးဆွဲရေးလမ်းကြောင်းကို ရွေးဖြစ်ခဲ့ကြသည်ဟု ၎င်းကရှင်းပြသည်။

“၁၉၉၆ ရုပ်ရှင်ဥပဒေထဲက ဆင်ဆာကိစ္စကို ကွက်ပြင်မလား၊ ရုပ်ရှင်ဥပဒေအသစ် ရေးမလား စဉ်းစား ကြတော့ အသစ်ရေး ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့နောက် ဥပဒေမူကြမ်းရေးဆွဲခဲ့သော်လည်း လွှတ်တော်သို့ ပေးပို့နိုင်သည့် အခြေအနေ မရောက်ရှိခဲ့ပါဟု ၎င်းက ပြောသည်။

NLD အစိုးရ အာဏာရစတွင်လည်း တည်ဆဲဥပဒေပါ အမိန့်ညွှန်ကြားချက်ဖြင့် ဆင်ဆာလုံးဝဖျက်သိမ်းပြီး Rating စနစ်ပြဌာန်းပေးရန် ထပ်မံတောင်းဆိုပြန်ရာ ဥပဒေသစ်ရေးဆွဲပြဌာန်းရေးသာ လုပ်ဖြစ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့လယ်ရှိ သွင်ရုပ်ရှင်ရုံ                         Photo – Ray Kin

“အမိန့်ညွှန်ကြားချက်နဲ့ နည်းဥပဒေကိုသုံးပြီးတော့ တင်းကျပ်တဲ့ဟာတွေကို လျှော့ချပေးဖို့ပြောတဲ့အခါ ဝန်ကြီးဌာနက အဲဒီ လို တစ်ခုချင်းလုပ်နေရင် ကြာတယ်၊ ဥပဒေသာ မြန်မြန်ထွက်အောင်လုပ်ရင် ပြီးသွားမှာပါလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ ဥပဒေမူကြမ်းကို ပူးပေါင်းရေးဆွဲပြီး ၂၀၁၈ တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲအပ်ခဲ့သည်ဟု ၎င်းကပြောသည်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ၂၀၁၆ ကတည်းက ဥပဒေမူကြမ်းရေးဆွဲခဲ့ရာ ဥပဒေမူကြမ်းမှာ နှစ်ခုဖြစ်နေသည်။

ထိုဥပဒေမူကြမ်းနှစ်ခုကို မှီငြမ်း၍ ရုပ်ရှင်ဥပဒေသစ်ရေးဆွဲရမည်ဖြစ်သည်ဟု တာဝန်ယူဆောင်ရွက်နေသည့် မင်္ဂလာတော င်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျန်မားရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဒေါ်ဖြူဖြူ သင်းက ပြောသည်။

ထိုဥပဒေသစ်ကို ရှေ့နေချုပ်ရုံးသို့ပေးပို့ပြီးနောက် လွှတ်တော်တင်ပြရမည်ဖြစ်ရာ လက်ရှိအချိန်တွင် ရှေ့နေချုပ်ရုံးသို့ပေးပို့ နိုင်သည့်အဆင့်ပင် မရောက်သေးဟု ၎င်းကဆိုသည်။

“ရုပ်ရှင်က တခြားဟာတွေနဲ့ မတူဘူး၊ ကျယ်ပြန့်တယ်။ တစ်ခုနဲ့ တစ်ခုက ချိတ်နေတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်နဲ့လည်း ချိတ်တယ်။ ကိုဗစ်ကလည်းဖြစ်တော့ ကြာနေတယ်။ ကိုဗစ်ပြီး သွားရင်တော့ လွှတ်တော်ကိုတင်ဖို့ ပိုမြန်သွား လိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးအေးကြွယ်က ရုပ်ရှင်ဥပဒေသစ်သည် လက်ရှိ ၁၉၉၆ ရုပ်ရှင်ဥပဒေနှင့် လုံးဝကွာခြားသွား မည်ဟုဆိုသည်။ ဥပဒေသစ်အရ ရုပ်ရှင်ကောင်စီပေါ်ပေါက်လာခြင်း၊ ဆင်ဆာစနစ်အစား Rating စနစ်ကို ပြောင်းလဲကျင့် သုံးနိုင်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုနှင့်အတူ လွတ်လပ်စွာ ရိုက်ကူးဖန်တီးခြင်းများ ဖြစ်လာမည်ဟု ၎င်းကရှင်းပြသည်။

ထို့ကြောင့် အချိန်ယူရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ လွှွတ်တော်ကိုယ်စား လှယ်များ နှင့် အတူပူးပေါင်း ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

သို့သော် လက်ရှိအစိုးရသက်တမ်းကုန်ခါနီးသည့်တိုင် ဥပဒေသစ်ပြဌာန်းရေးသည် ရုပ်ရှင်အနုပညာသမားများအတွက် အားရကျေနပ်စရာ အရိပ်အယောင်ပင်မတွေ့ရဖြစ်နေသည်။

ဦးဇင်ဝိုင်းကတော့ “ဒီမိုကရေစီကျင့်သုံးတာ ၁၀ နှစ်ရှိပြီ။ NLD အစိုးရသက်တမ်း ငါးနှစ်ရှိပြီ။ ဥပဒေအသစ်ပြဌာန်းဖို့က ဒီလောက်ကြာနေတာ နားလည်လက်ခံဖို့ခက်ခဲပါတယ်” ဟု သုံးသပ်သည်။

ထို့ကြောင့် လက်ရှိဥပဒေမူဘောင်အတွင်းမှ ဆင်ဆာစနစ်ဖျက်သိမ်းပြီး Rating စနစ်အကောင်အထည်ဖော်ရေး WDOM ၏ တိုက်တွန်းချက်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားကို မော်ကွန်းက မေးမြန်းခဲ့သည်။

ဦးအေးကြွယ်က WDOM ၏ တိုက်တွန်းချက်သည် တည်ဆဲဥပဒေကို ပြင်ရမည်ဖြစ်ပြီး ကျွမ်းကျင်နားလည်သည့် ဥပဒေ သမားများနှင့် တိုင်ပင်ပြီးမှသာ ပြောနိုင်မည်ဟု ဆိုသည်။

ရုပ်ရှင်ဥပဒေသစ်တွင်မူ ဆင်ဆာကိစ္စတစ်ခုတည်းသာ ပါဝင်ခြင်းမဟုတ်ဘဲ ရုပ်ရှင်လောက ဘက်စုံဖွံ့ဖြိုးရေးကိစ္စအားလုံး ပါဝင်သောကြောင့် မြန်မြန်ပြဌာန်းနိုင်ရေးကိုသာ ညီညီညွတ်လုပ်ကြရန် ၎င်းကတိုက်တွန်းသည်။

ဇာတ်ညွှန်းရေးဆရာ M နိုးကလည်း ဥပဒေသစ်မပြဌာန်းနိုင်ခင် ရုပ်ရှင်သမားများသည် Rating စနစ်ကို ဦးစွာအလိုရှိနေပြီး “ဥပဒေအသစ်ပြဌာန်းရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။

ယခုဆောင်းပါး တင်ဆက်သည့်အချိန်အထိ Rating စနစ် တောင်းဆိုမှုတွင် ရုပ်ရှင်သမားများသာမက စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီဆရာများနှင့် အနုပညာတက္ကသိုလ်မှကျောင်းသားများလည်း ပါဝင်နေကြသည်။

ထို့ကြောင့် မြန်မာ့ရုပ်ရှင်သည် ဆင်ဆာလှောင့်ချိုင့်ထဲမှ ဖောက်ထွက်ကာ Rating စနစ်ဖြင့် ပျံသန်းခွင့်ရမည် လားဆိုသည်ကို ရုပ်ရှင်ရာပြည့်နှစ်အလွန်တွင် စောင့်မျှော်ရှုစားကြရမည် ဖြစ်သည်။


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."