ပျောက်ဆုံးသွားတဲ့လွမ်းစရာ့အသံတွေ

ပျောက်ဆုံးသွားတဲ့လွမ်းစရာ့အသံတွေ

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Essay ဖြစ်ပါသည်။

မောင်ဥယျာဉ်ရေးသည်

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာတွေက တွန်းအားပေးနေတယ်လို့ ထင်ပါသလဲ။ ကျွန်တော်ကတော့ အသံတွေက တွန်းအားပေးနေတယ် ထင်တာပဲ။ အနည်းဆုံးတော့ ဆာလောင် မွတ်သိပ်မှုကြောင့် ဝမ်းဗိုက်က တဂွီဂွီ မြည်သံကြောင့် ကျွန်တော်တို့ အားလုံး အလုပ်လုပ်နေကြရတာ မဟုတ်လား။ ကျွန်တော့် ဘဝမှာ  အမှတ်ထင်ထင် လွမ်းရတဲ့ အသံတွေ ရှိတယ်။

မနက် ဝေလီဝေလင်းတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ ရဲ့ တုံးခေါက်သံက ကျွန်တော့်အတွက်တော့ လွမ်းဖွယ်ပါပဲ။ အခုတော့ တုံးခေါက်သံတောင် မကြားရတာ ကြာလေလှပြီ။ တုံး ခေါက်သံရဲ့ အဓိပ်္ပာယ်က မနက်အရုဏ်တက်ပြီ၊ ဒီနေ့အတွက် ပြုဖွယ်ကိစ်္စ မှန်သမျှကို ဆောင်ရွက်နိုင်ဖို့ မင်္ဂလာရှိရှိ နိုးထကြကုန်လော့လို့ ဆော်သြလိုက်တာနဲ့ တူတယ်။ အခုလို ဆောင်းမနက် တွေမှာ တုံးခေါက်သံကို နားစွင့်ပြီး အိပ်ရတာလည်း အမှတ်ရစရာပဲ။ တုံးခေါက်ပြီးပြီ ဆိုတာနဲ့ ခြေနင်း ကပျာကယာကောက်စွပ်ပြီး သူငယ်ချင်းတွေနဲ့ ပြေးကြရတာကိုး။ တုံးခေါက်သံတွေကို သေ ချာနားထောင်ဖူးရင် စည်းချက်ကျကျ ခေါက်တယ်ဆိုတာ သတိ ပြုမိနိုင်တယ်။ ပထမပိုင်းမှာတော့ တုံးခေါက်သံတွေက ခပ်လေး လေးပေမယ့် နောက်ပိုင်းအချက်တွေမှာ တုံးခေါက်နှုန်းတွေ မြန် လာတယ်။ တုံးခေါက်လို့ ပြီးခါနီးပြီဆိုမှ တစ်ချက်ချင်း ပြန်ပြီး ခေါက်ပြန်တယ်။ တုံးခေါက်သံနဲ့ နိုးထရတဲ့ မနက်ခင်းတွေက မင်္ဂလာရှိလွန်းလှတယ်။

တုံးခေါက်သံနဲ့ မရှေးမနှောင်း ပေါ်လာတတ်တဲ့ အသံက လင်းကြက်တွန်သံပါပဲ။ မနက်ခင်းရဲ့ နေရောင်ခြည်ကို ကြိုဆို လိုက်တဲ့ ကြက်တွန်သံတွေထဲမှာ ခွန်အားတွေ ပါဝင်တယ်။ ကျွန် တော်တို့ရဲ့ ငယ်ဘဝတွေမှာ လင်းကြက်တွန်သံတွေ နေရာအနှံ့က ကြားခဲ့ဖူးတယ်။ မနက်ခင်းမှာ ကြားရလေ့ရှိတဲ့ အဘွားရဲ့ ကြေး စည်ရိုက်သံ၊ အမျှဝေသံ၊ သာဓုခေါ်သံတွေကလည်း ကျွန်တော့် အတွက် စိတ်ကြည်လင်လန်းဆန်းစေတာ အမှန်ပါပဲ။

ကျွန်တော်တို့ ခပ်ငယ်ငယ်က အစိုးရစက်ရုံ၊ အလုပ်ရုံကြီး တွေဆီက မနက် ၇ နာရီမှာ အလုပ်လာဖို့ နှိုးဆော်တဲ့ ဥသြဆွဲသံလည်း ကြားခဲ့ရဖူးတယ်။ အဲဒီ ဥသြဆွဲသံက အစိုးရရုံးဖွင့်ရက်တိုင်း မနက် ၇ နာရီမှာ အလုပ်ရှိရာ လာကြဖို့ လုပ်သားတွေကို ဖိတ်ခေါ် တဲ့ အသံလည်း ဖြစ်တယ်။ ဥသြဆွဲသံ ကြားတာနဲ့ စက်ရုံ၊ အလုပ် ရုံတွေရဲ့ ကာယဉာဏ လုပ်သားကြီးတွေက ဇင်စအင်္ကျီ၊ ဇင်စ ဘောင်းဘီရှည်တွေ ဝတ်ပြီး စက်ရုံ၊ အလုပ်ရုံရှိရာ အပြေးအလွှား သွားကြရတယ်။ နံနက် ၁၁ နာရီမှာလည်း စက်ရုံ၊ အလုပ်ရုံတွေက ဥသြဆွဲကြပြန်တယ်။ အလုပ်သမားတွေ ထမင်းစားနားဖို့ အချက် ပေးတဲ့ ဥသြသံ ဖြစ်ပါတယ်။ ညနေ ၃ နာရီမှာတော့ အလုပ်ပြန်ဖို့ ဥသြဆွဲပြီး တစ်နေ့တာ လုပ်ငန်းခွင်ကို သိမ်းပါတယ်။ ကျွန်တော် တို့အားလုံးအတွက် စက်ရုံ၊ အလုပ်ရုံတွေက ဥသြသံတွေက စံ တော်ချိန်တွေပါပဲ။ ကျွန်တော်တို့ ငယ်ဘဝမှာ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံကြီးတွေရဲ့ မီးခိုးခေါင်းတိုင်က မီးခိုးတလူလူ ထွက်နေတာ မြင်ရတဲ့အခါတိုင်း ရင်ထဲမှာ ပျော်ရွှင်ဝမ်းမြောက်မှုတွေ အလိုလို ရောက်လာစမြဲ။ အခုတော့ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံကြီးတွေ လည်း ပုဂ်္ဂလိကလက်ထဲ ရောက်သွားခဲ့ပါပြီ။ မီးခိုးခေါင်းတိုင်တွေ က မီးခိုးတလူလူလည်း မထွက်နိုင်တော့ပါဘူး။ ကြီးမားကျယ်ဝန်း လှတဲ့ နိုင်ငံပိုင် ခြံဝင်းကျယ်ကြီးတွေကို သွပ်ပြားမြင့်မြင့်ကြီးတွေ ထောင်ကာထားလိုက်ကြတယ်။ ပန်းပေါင်းစုံ ဝေဆာပွင့်ဖူးခဲ့တဲ့ အလုပ်သမား နားနေစရာ ပန်းခြံဆိုတာ ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေလိုက်တာ မြင်မကောင်းဘူး။ မော်တာလည်သံ မကြားရ၊ မီးခိုးထွက်တာ မမြင်ရတဲ့ စက်ရုံ၊ အလုပ်ရုံကြီးတွေ မြင်ရတော့ သိမ်ငယ်စိတ်တွေ အလိုလိုဝင်လာပြီး ဘာကို ဝမ်းနည်းလို့ ဝမ်း နည်းမိမှန်း မသိဘူး။ ကျွန်တော်က လွမ်းတတ်သူရယ်ပါ။

စက်ရုံ၊ အလုပ်ရုံတွေရဲ့  ဥသြသံက သက်မဲ့ဥသြဆိုရင် သက် ရှိ ဥသြသံတွေကလည်း လွမ်းစရာကောင်းတယ်။ အထူးသဖြင့် အခုလို ဆောင်းအကုန် နွေအကူးမှာ ပင်မြင့်ထက်ဆီက လွမ်း လွမ်းဆွေးဆွေး အော်မြည်တတ်တဲ့ ဥသြငှက်ရဲ့ ကျွန်တော်တို့ နှလုံးသားကို ဆွဲခါ လှုပ်ယမ်းနိုင်စွမ်း ရှိတယ်။ အမှားအမှန် ခွဲခြား ဖို့ ခဲယဉ်းတဲ့အခါမျိုးမှာ ဥသြနဲ့ ကျီးကို ဥပမာပေးလေ့ ရှိတယ်။ ငှက်နှစ်ကောင်စလုံးကလည်း မည်းမည်းသည်းသည်းလေးတွေ မဟုတ်လား။ ဥသြနဲ့ ကျီးက ဒွေးရောယှက်တင် ရောထွေးနေလေ့ ရှိတယ်။ ခပ်လှမ်းလှမ်းက ကြည့်ရင် အလွယ်တကူ ခွဲခြားမသိနိုင် ဘူး။ နွေကို ရောက်လို့ အသံပြုပြီဆိုရင်တော့ ဘယ်ဟာက ဥသြ၊ ဘယ်ဟာက ကျီးဆိုတာ ခွဲခြားသိနိုင်ပြီပေါ့။ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းမှာလည်း ညီအစ်ကို မသိတသိအချိန်ကို ဖြတ်သန်း နေရတော့ ဥသြနဲ့ ကျီး ခွဲခြားဖို့ ခက်နေသေးတယ်။ ဒါပေမဲ့ အချိန် က အကောင်းဆုံး သမားတော် မဟုတ်လား။

ငှက်ဖွဲ့တေးတွေထဲမှာ ဥသြငှက်ကို ဖွဲ့သီတဲ့ တေးသီချင်း တွေလည်း မနည်းလှဘူး။ ကျွန်တော့်အတွက်တော့ အဆိုတော် အက်စ်ကဲနက်ရဲ့ ရင်သို့တိုးဝှေ့ဆဲပါ ခိုင် ဆိုတဲ့ သီချင်း နွေဦးကာလ တွေမှာ အလိုလို ပါးစပ်ဖျား ရောက်လာလေ့ရှိတယ်။

နွေကြို ရွှေဥသြ xxx ပန်းပိတောက်ကို မြင်မှ xxx နွေ ရောက်တာ xxx ကိုယ်သိတယ် xxx သြော်… နွေတဲ့လား xxx ရာသီတွေလည်း xxx ပြောင်းသွားခဲ့ပေါ့xxx  အချိန်အခါတွေသည် xxx နှောင်းသွားခဲ့လည်း xxx ကြင်နာသူသို့ xxxအမှတ်တရ ရှိနေ ဆဲ xxx ယုံပါရင်သို့ xxxတိုးဝှေ့ဆဲပါ ခိုင်xxx

သက်မဲ့ဥသြသံတွေထဲမှာ ကျွန်တော်တို့ကို ထိတ်ထိတ်ပြာ ပြာ ဖြစ်စေတဲ့ အသံလည်း ရှိသေးတယ်။ မီးသတ်ကား ဥသြသံ တွေပေါ့။ မီးသတ်ကား ဥသြသံတွေ ကြားရတဲ့အခါတိုင်း မထိတ်သာမလန့်သာ ဖြစ်ရတာချည်းပဲ။ ကျွန်တော်တို့ အမျိုးတွေထဲမှာ မီးဘေးသင့်ခဲ့ရသူတွေက အများသား။ သုမနကျောမှာ ဒဏ်ရာ တွေ ဗရပွ ဖြစ်ရုံမကဘူး၊ အရက်ပြန်နံ့တွေ တသင်းသင်း ရှိနေ တုန်း မဟုတ်လား။ အသံတွေက လူတွေရဲ့ အာရုံကို ဩတ်ပျောင်း နူးညံ့စေတာ ရှိသလို ခက်ထန်မာကျောစေတာလည်း ရှိတာပါပဲ။ တိတ်ဆိတ်နေတဲ့ နွေဦးတွေမှာ ရွာဦးထိပ်က ထုံးဖွေးဖွေး စေတီ လေးရဲ့ ဆည်းလည်းလှိုက်သံကလည်း ကျွန်တော်တို့ကို ဩတ် ပျောင်းသွားစေနိုင်ခဲ့တယ်။ ဒီလိုပါပဲ၊ အကာလညတွေမှာ စစ် ဖိနပ်သံတဖြောင်းဖြောင်းကလည်း ကျွန်တော်တို့ကို တုန်လှုပ် ချောက်ချားစေတာပေါ့။

အသံနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ မမေ့နိုင်တဲ့ ငယ်ဘ၀ အတွေ့အကြုံလေးတစ်ခု ရှိတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်တုန်းကပေါ့။ ကိုယ့်မြို့ကိုယ့်ရွာကနေ ညအိပ်ညနေ ခရီးမထွက်ဘူးတဲ့ ကျွန်တော်ဟာ အဘိုးနဲ့အတူ ဇာတိမြို့လေးက နေ မြို့တော်ကြီးဆီ အလည်အပတ် သွားခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ မူလတန်းကျောင်းသားအရွယ်သာ ရှိသေးတယ်။ ကျွန်တော်တို့နဲ့ အမျိုးမကင်းတဲ့ အိမ်မှာ တည်းခို နေထိုင်ကြတဲ့ အချိန် လမ်းပေါ်ကနေ ကျွန်တော့်နာမည်တပ်ခေါ်သံကို နားနဲ့ ဆက်ဆက် ကြားလိုက်ရတယ်။ ခေါ်တဲ့သူက ကျွန်တော့်အိမ်နီးချင်း ကျောင်းသွားဖော် သူငယ်ချင်း။ (သူ့အကြောင်း ကျောင်းသွား ဖော်ဆိုတဲ့ အမည်နဲ့ မော်ကွန်းမဂ်္ဂဇင်း အမှတ် ၅၂ မှာ အက်ဆေး တစ်ပုဒ် ရေးသားခဲ့ပါတယ်။) သိစိတ်က မဖြစ်နိုင်ဘူးဆိုတာ သိ နေပေမယ့် မသိစိတ်ကြောင့် ဝရန်တာကို ထွက်ပြီး ကြည့်မိသေး တယ်။ သူငယ်ချင်း လိုက်မလာနိုင်ဘူးဆိုတာ သိသိကြီးနဲ့ သူ့အသံ ခပ်အက်အက်ကို နားနဲ့ ဆက်ဆက် ကြားရတဲ့ အဖြစ် ကိုယ့်ကိုယ် ကိုယ်တောင် မယုံနိုင်ဘူး။ ဒါက တင်ဇာမော်ရဲ့ သီချင်းနာမည်လို စွဲလမ်းမှုပြဿနာပေပဲလား။ ကျွန်တော်က အဲဒီလိုပဲ ဘာမှ မဟုတ်လှတဲ့ ကိစ်္စတွေမှာ သိပ်အစွဲအလမ်းကြီးတာ။

အခုတော့ အသံတွေနဲ့ ပတ်သက်လို့ ပြောကြဆိုကြ အရေး တယူလုပ်ပြီး ဆွေးနွေးလာကြရပြီ။ မြို့ပြရဲ့ ဆူညံသံတွေပေါ့။ ပညာရှင်တွေကတော့ အသံညစ်ညမ်းမှု (Noise Pollution) လို့ ခေါ်ကြတယ်။ လော်စပီကာက ပေးတဲ့ လူမှုပြဿနာတွေလို့ ဆို နိုင်မလားပဲ။ သီချင်းတစ်ပုဒ်တည်းကိုပဲ လော်စပီကာနဲ့ ဖွင့်တဲ့ အခါ မြို့ပြမှာ ဖွင့်တာနဲ့ ကျေးလက်မှာ ဖွင့်တာ မတူနိုင်ဘူး။ ကျေး လက်မှာ သစ်ပင်ထိပ်ဖျား လော်စပီကာ တက်ချိတ်ပြီး တွံတေး သိန်းတန်သီချင်းဖွင့်တဲ့အသံ ကြားတယ်ဆိုပါစို့။ လယ်ထဲယာထဲ က တိုးဝှေ့ဖြတ်သန်းလာတဲ့ လေနုအေးကို ခံစားရင်း တွံတေးသိန်း တန်သီချင်း နားထောင်ရတာ လောကစည်းစိမ်ပေါ့။ သစ်ရိပ်ဝါး ရိပ်အောက်မှာ နားနားနေနေ နေရင်း တွံတေးသိန်းတန် သီချင်း ကြားရတာ ပဉသိင်္ခနတ်စောင်းသံလို့တောင် ထင်မှတ်မှားနိုင် သေးတယ်။ ဒါက ကျေးလက်လူ့အဖွဲ့အစည်းအတွက် ဖျော်ဖြေမှု ဖြစ်မှာ သေချာတယ်။ ဒါပေမဲ့ မြို့ပြရဲ့ မွန်းကျပ်တဲ့ တိုက်ခန်းကျဉ်း ထဲမှာ လူမှုဒုက်္ခတွေနဲ့ ထွေးလုံးရစ်ပတ်နေထိုင်ရင်း အိမ်ရှေ့ ထီ လှည်းက ဖွင့်တဲ့ သီချင်းကြောင့် ဒေါမနသတွေ ဖြစ်ရတာလည်း အကြိမ်ကြိမ်ပဲ မဟုတ်လား။ ထီလှည်းက ဖွင့်တဲ့ ဆောင်းဘောက်စ် သံက ဆူညံလွန်းလို့ ဒေါသဖြစ်ရတာ မဟုတ်ဘူး။ တကယ်တော့ ထီလှည်းက ဖွင့်တဲ့ သီချင်းသံက ကျေးလက်က ဖွင့်တဲ့ လော်စပီ ကာလောက် အသံမကျယ်ပါဘူး။ ကျေးလက်မှာ လော်စပီကာနဲ့ ဒစ်ကုန်ဖွင့်တဲ့ သီချင်းသံက သာယာသံ ဖြစ်နိုင်ပေမယ့် မြို့ပြမှာ တော့ ဆောင်းဘောက်စ်နဲ့ ဖွင့်ရုံနဲ့ ဆူညံသံအဖြစ် ပြောင်းသွား တယ်။ မြို့ပြရဲ့ လူမှုအသိုက်အမြုံနဲ့ ကျေးလက် လူမှုအသိုက်အမြုံ က ကွာခြားခဲ့ပြီလေ။

အသံတွေနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ် ဖြစ်ကြသူတွေ ရှိတယ်။ တချို့က လင်ပန်းပေါ် သံနဲ့ခြစ်တဲ့ အသံတွေ ကြားရင် သွားတွေ ကျိန်းကြသတဲ့။ လူတချို့က ကတ်ကြေးညှပ်သံ တချပ် ချပ်ကြားတဲ့အခါ ကြက်သီးမွေးညင်း ထကြတာလည်း ရှိတယ်။ ငှက်ဆိုးထိုးသံ ကြားရတဲ့အခါမှာ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ပြောတဲ့ သူတွေလည်း မနည်းဘူး။ ကျွန်တော့်အတွက်တော့ တိတ်ဆိတ် ညတွေမှာ ကြမ်းပြင်ကို တဂျစ်ဂျစ်မြည်အောင် ကိုက်နေတဲ့ ကြွက် တွေရဲ့  အသံက စိတ်ညစ်ညူးဖွယ်ပါပဲ။

အသံတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ခေတ်ပြောင်း တော်လှန်ရေးကို ဖော်ဆောင်နိုင်ခဲ့တယ်ဆိုရင် မအံ့သြပါနဲ့။ လွန် ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ပြည်သူလူထုကြီးရဲ့ တောင်းဆိုသံ တွေကြောင့် သုံးလအတွင်း မင်းသုံးဆက် ပြောင်းသွားခဲ့ဖူးတယ်။ အခုတော့လည်း ပြည်သူ့အသံ လွှတ်တော်အသံရယ်လို့ ပြောလာ ရပြီ မဟုတ်လား။

အသံတွေအကြောင်း ပြောရင် မီးရထား ဥသြသံတွေနဲ့ သင်္ဘောဥသြသံတွေအကြောင်း ထည့်ပြောရပါဦးမယ်။ နိုင်ငံခြား သားတွေအဖို့ သင်္ဘောဥသြသံတွေက လွမ်းလွမ်းဆွေးဆွေး ဖြစ် စေသတဲ့။ သူတို့ယဉ်ကျေးမှုမှာ သင်္ဘောနဲ့ နယ်မြေသစ် ရှာခဲ့ကြ သူတွေ ဖြစ်တော့ အိမ်ထောင်ဦးစီးတွေဟာ သင်္ဘောစီးပြီး ခရီး ဝေးနှင်ကြရတယ်။ နယ်မြေသစ် ရှာကြတာဖြစ်လို့ နှစ်ပေါက် အောင် ကြာတဲ့အခါတွေလည်း ရှိတာပေါ့။ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာလည်း မီးရထားဥသြသံတွေဟာ ခွဲခွာခြင်း သင်္ကေတ ပါပဲ။ အဆိုတော် ထူးအိမ်သင်ကတော့ အမေ့အိမ်သီချင်းမှာ ရထားဥသြသံတွေကို တခုတ်တရ ထည့်သွင်းရေးသားခဲ့တယ်။ အိမ်မပြန်နိုင်သေးတဲ့ အဝေးရောက် သားတွေအတွက် ရထား ဥသြသံတွေက လွမ်းဖွယ်ပါပဲ။

ရထားဥသြသံလေးများ ကြားရင် xxx အိမ်ပြန်ချင်တဲ့ xxx စိတ်ကလေး xxx တားမရဘူးxxxx

အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ xxx အမေ့အိမ် ပဲလို့ xxx သိလိုက်ရတဲ့ အချိန်ကျတော့ xxx ကျွန်တော်က xxx ဟိုး…အဝေးကြီးမှာ xxx ရောက်ရှိနေခဲ့ပြီလေ xxx

အခုတော့ ကျွန်တော့်ရင်ကို လှုပ်ခတ်နိုင်တဲ့ အသံတွေ အရင်လို မများတော့ဘူး။ ခေတ်ပေါ်သီချင်းတွေကလည်း သီချင်း လား၊ ရန်တွေ့နေတာလား မကွဲပြားတော့ဘူး။ ယောကျ်ားရင့်မာ အဆိုတော်ကြီးတွေရဲ့ ရည်းစားပစ် အသည်းကွဲသီချင်းတွေ ရန် စွယ်ငေါငေါနဲ့ဆိုတာ ကြားရတိုင်း အရင်ခေတ်က သီချင်းတွေကိုပဲ နားထောင်ချင်စိတ် ပေါက်မိတယ်။ တချို့ ခေတ်ပေါ် သီချင်းစာ သားတွေဆို ရုန့်ရင်းကြမ်းတမ်းတာတွေတောင် ပါတယ်။ အသက် ကြီးလာတဲ့အခါ ကိုယ်ဆိုခဲ့တဲ့ သီချင်းကို သမီးဖြစ်သူ အဆိုတော် က အမှတ်တရအဖြစ် ပြန်ဆိုတဲ့အခါ စင်အောက်ကနေ မူရင်း အဆိုတော်ကြီးတွေ ဘယ်လိုမျက်နှာပေးနဲ့ နားထောင်ကြမှာပါ လိမ့်။ (အသက်က သေချာပေါက်ကြီးလာမှာ။ ငယ်တုန်း ရွယ် တုန်း ခပ်ရင့်ရင့်စာသားတွေ ထည့်ဆိုပြီး ပရိသတ်လက်ခုပ်သံ ချူ တာ ကိစ်္စမရှိပေမယ့် အသက်ကြီးလာရင် ကိုယ်ဆိုခဲ့တဲ့ သီချင်း ကိုယ့်သားသမီးတွေ ဆိုတာ နားထောင်ရဲဖို့တော့ လိုမယ်။) ရည်း စားပစ်တဲ့အကြောင်း ဆိုရမှာ ဖြစ်သလို ကလေးသူငယ် အခွင့် အရေးတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ ရာဇဝတ်မှု ထူပြောတာ တွေ၊ သဘာဝပတ်ဝန်းကျင်ကိစ်္စတွေ၊ လူ့အဖွဲ့အစည်းရဲ့ ညစ်ထေး နေတဲ့ အကြောင်းတွေ ရေးဖွဲ့သီဆိုကြပါဦးလား။ တစ်ခါလာလည်း ရည်းစားပစ် အသည်းကွဲ၊ တစ်ခါလာလည်း ချစ်တယ် ကြိုက်တယ် ပျင်းစရာကြီး။ အနုပညာဟာ ခေတ်ပေါ် ဗန်းစကားတွေ ဖောဖော သီသီ ထည့်ရုံနဲ့ မရဘူး ထင်တာပဲ။ ကျွန်တော်ကပဲ သိပ်ပြီး ကွန် ဆာဗေးတစ် ဆန်နေပြီလား မသိ။

အသံနဲ့ ပတ်သက်တဲ့ မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်ကို ကြား ချင်သေးတယ်။ မိတ်ဆွေတို့မှာလည်း ကြည်နူးစရာ ကြေကွဲစရာ အသံတွေ သေချာပေါက် ရှိမှာပါပဲ။ အခုတော့ အိမ်ထောင်ဦးစီး အများစုက အိမ်ရှင်မရဲ့ ဈေးဖိုး တိုးပေးဦး ဆိုတဲ့ နှုတ်ထွက်စကား ကို ကြောက်နေကြပြီလေ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."