လိုတရ အိတ်ကလေး

Illustration – MAUNG NOE

ကျွန်တော့်မှာ လိုတရ အိတ်တစ်လုံး ရှိတယ်။ အိတ်ပုံစံကအမျိုးမျိုး ပြောင်းနေပေမယ့် အိတ်ရဲ့ ဝိသေသဖြစ်တဲ့လိုတရမှုက ပြောင်းမသွားဘူး။ လိုတရဆိုပေမယ့် ပေါပေါများများ လျှံလျှံပယ်ပယ် တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်တယ်။ အခုအချိန်ထိ ကျွန်တော့်အတွက် လိုတိုင်းတရနိုင်နေတုန်းပဲ။

အဲဒီအိတ်က အခြားတော့မဟုတ်ဘူး။ ကျွန်တော့်အမေရဲ့ ပိုက်ဆံအိတ်ကလေးပါ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ကျွန်တော့်လိုအပ်ချက်တွေကို ဒီအိတ်ကလေးက အတိုင်းအတာ တစ်ခုထိ ဖြည့်ဆည်းပေးခဲ့တာ။ မုန့်ဖိုး၊ ကျူရှင်ဖိုး၊ အဝတ်အစားဖိုးအပြင် အခြားသော ကုန်ကျမှုတွေအတွက် ဒီအိတ်ထဲကပဲ ထွက်လာခဲ့တာ။

အမေ့ရဲ့ အိတ်ကလေးထဲကို ပိုက်ဆံတွေ ဘယ်သူထည့်ပေးသလဲ။ ပြန်စဉ်းစားမိတယ်။ အရင်ကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော့်အဖေက ထည့်ပေးတယ်။ ဒါပေမဲ့ ကျွန်တော် လေးတန်းလောက်ရောက်တော့ ကျွန်တော့်ရဲ့ လိုတရအိတ်ကလေးထဲ ပိုက်ဆံထည့်ပေးမယ့်သူ မရှိတော့ဘူး။

အဖေက မိသားစုကို စွန့်ကာ တောင်ပံသစ်တစ်စုံနဲ့ တောကစားထွက်သွားခဲ့တယ်လေ။ အဲဒီအချိန်က ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးမက်ခဲ့ရတဲ့ညတွေ။ အိတ်ကလေးရဲ့ အဆိုးဆုံးနေ့ရက်တွေလည်း ဖြစ်တယ်။ လိုချင်တာတွေ မရနိုင်တော့ဘူး။ စားချင်တာတွေ မစားရတော့ဘူး။

မိသားစုခုနစ်ယောက်ဟာ တစ်စစီ ဖြစ်သွားခဲ့တယ်။ ကျွန်တော့်အစ်မအကြီးဆုံးက သူ့အိမ်ထောင်နဲ့သူ။ အစ်မအလတ်က အဒေါ်တစ်ယောက်အိမ် ရောက်သွားတယ်။ အဖေရဲ့အမေ ကျွန်တော့်အဘွားက အိမ်မှာ မနေတော့ဘူး။ အိမ်မှာ ကျွန်တော်ရယ်၊ အမေရယ်၊ အဖေ့ဘက်က အဘိုးရယ်။ ဒါပဲကျန်ခဲ့တာ။

အရင်က စည်းစည်းလုံးလုံးနေခဲ့တဲ့၊ ရယ်မောပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေက လေထဲမှာ ပျောက်သွားတယ်။ မိသားစုတွေ တစ်စုတစ်စည်းတည်းနေခဲ့တုန်းက ကျဉ်းတယ်လို့ ထင်ခဲ့တဲ့အိမ်ဟာ ဘယ်သူမှမရှိတဲ့အချိန် ခြောက်ကပ်တိတ်ဆိတ်လို့။

မိသားစုတစ်ခုလုံးကို ရှာဖွေကျွေးမွေးနေခဲ့တဲ့ အိမ်ထောင်ဦးစီး မရှိတော့တဲ့အခါ မိသားစုဆိုတဲ့ အသိုက်အမြုံဟာ ကြက်ဥတစ်လုံး ကျကွဲသလိုပဲ တစ်စစီဖြစ်သွားတယ်။ အဲဒီခေတ်က မိသားစုမှာ အိမ်ထောင်ဦးစီးတစ်ယောက်လုပ်စာနဲ့ တစ်မိသားစုလုံး ဝမ်းဝတဲ့ခေတ်ပေါ့။ ဒီကနေ့လို တစ်မိသားစုလုံး အလုပ်ထွက်လုပ်မှ စားရရုံမဟုတ်ဘူး။

ပတ်ဝန်းကျင်နဲ့ ခေတ်ကိုက ရှေးရိုးစွဲအယူအဆတွေပဲ ဖုံးလွှမ်းနေသေးတာ။ အိမ်ထောင်ဦးစီးသည်သာ အရှင်သခင်။ လင်ကို ဘုရား၊ သားကိုသခင်ဆိုတဲ့ စကားပုံတွေအောက်မှာပဲ ရှိသေးတာ။ ဒီကနေ့အထိတောင် အဲဒီအယူအဆတွေက မြန်မာ့လူမှု အဖွဲ့အစည်းမှာ အားကောင်းနေတုန်းပါပဲ။

ဒီတော့ တစ်သက်လုံး မယ်မယ်ရရ အလုပ်မလုပ်ခဲ့ရဘဲ အဖေ့ကိုသာ မှီခိုခဲ့တဲ့ အမေ့ရင်ထဲမှာ လင်သားတစ်ယောက်ဆုံးရှုံးတဲ့ ဒဏ်၊ သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရေးတွေ တွေးလို့ ဘယ်လောက်တောင် ပဋိဒေဝမီးတွေ တောက်လောင်နေမလဲ။

အဲဒီအချိန် ကျွန်တော်က ကလေးသာသာရှိပေမယ့် ဝမ်းနည်းနာကျင်ခဲ့ရတာတွေကို ခံစားမိတယ်။ မှတ်မိသေးတယ်။ ညဘက်ဆိုအိပ်ရာထဲ ကြိတ်ငိုခဲ့ရတာတွေ။ အရင်လို လိုချင်တာ ပူဆာရမယ့်သူ မရှိတော့ဘူး။ နေ့တိုင်း အဖေ့ကို ရပ်ကွက်ထဲ မြင်တွေ့နေရပေမယ့် မမြင်ချင်ယောင်ဆောင်ခဲ့ရတဲ့ဘဝ။ ရင်ဘတ်ထဲမှာ ဆူးတစ်ချောင်း ရိုက်သွင်းခံရသလို ဆို့နစ်နေခဲ့ရတာ။

အချိန်နည်းနည်းကြာလာတော့ နေသားကျလာတယ်။ ဒဏ်ရာသက်သာသွားတာတော့ မဟုတ်ဘူး။ အသားမာတက်သွားတာ။ ခံစားချက်တွေက ရေခဲတစ်မျှ အေးခဲသွားတော့တာ။ အမေရဲ့ နှစ်ယောက်စာ အစွမ်းကုန်ပေးထားတဲ့ မေတ္တာတရားတွေကြောင့်လည်း ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အိတ်ကလေးလည်း ပြန်အသက်ဝင်လာခဲ့တယ်။ ကျွန်တော့်အမေရဲ့ ဒုက္ခတွေ၊ ချွေးစက်တွေနဲ့ ပြန်အသက်သွင်းခဲ့ရတာပေါ့။ အိမ်ထောင်ဦးစီးတာဝန် အလို အလျောက် ပခုံးပြောင်းယူခဲ့ရတဲ့ အမေက ဒုက္ခတွေ ဘယ်လိုကြုံနေပါစေ ကျွန်တော့်လိုအပ်ချက်တွေကို အိတ်ကလေးထဲက စွမ်းသလောက် ဖြည့်ဆည်းခဲ့ပြန်တယ်။ အရင်လို မြန်မြန်ဆန်ဆန် မဖြည့်ဆည်းပေးနိုင်တာတော့ ခြွင်းချက်ပေါ့။

အဲဒီအချိန် အဖြစ်အပျက်တစ်ခုကိုမှတ်မိသေးတယ်။ ကျွန်တော့်ရဲ့ မိုက်မဲမှုတစ်ခုပေါ့။ ကျွန်တော် ခြောက်တန်းအရွယ်လောက် ဖြစ်မယ်။ အဲဒီနေ့က အမေ ရုံးသွားဖို့ ပြင်တယ်။ ခါတိုင်းဆိုရင်တော့ ရုံးသွားရင် အမေက မုန့်ဖိုးပေးနေကျပါ။ ဒါပေမဲ့ အဲဒီနေ့က လိုတရအိတ်ကလေးက ဟောင်းလောင်းဖြစ်နေချိန်။

ကျွန်တော်က မသိဘူးလေ။ အမေ အလုပ်မသွားခင် မုန့်ဖိုးတောင်းတယ်။ အမေက မရှိဘူး၊ ပြန်လာမှ ပေးမယ်လို့ ပြောပေမယ့် အလိုက်ကန်းမဆိုးမသိတဲ့ ကျွန်တော်က မရမချင်း တတွတ်တွတ် တောင်းမိတယ်။ နောက်ဆုံး အမေ မပေးတဲ့အတွက် အလုပ်သွားတော့ လမ်းတစ်ဝက်ထိ လိုက်ပြီး အော်တောင်းခဲ့တာ အမှတ်ရမိတယ်။

အဲဒီအချိန် အမေ့ရဲ့ရင်ထဲမှာ ဘယ်လိုခံစားရမလဲဆိုတာကို သိတတ်တဲ့အချိန် တစ်စိမ့်စိမ့်ပြန်တွေးမိတော့ အတော်စိတ်မကောင်းဖြစ်မိတယ်။ သားသမီးလိုအင် မဖြည့်ဆည်းနိုင်တဲ့ မိဘတစ်ယောက်ရဲ့ ရင်ထဲ ဘယ်လောက်တောင် ပူပင်ဝမ်းနည်းနေလိမ့်မလဲ။

လိုတရအိတ်ကလေးက ဖောင်းတစ်ခါ ပိန်တစ်လှည့်နဲ့ကျွန်တော့်အတွက် စွမ်းသလောက်ဖြည့်ဆည်းပေးနေပေမယ့် လိုတာမရတဲ့အခါ ငြိုငြင်စိတ်ကောက်ခဲ့တာတွေကို သိနားလည်တဲ့အချိန် ပြန်တွေးမိတော့ စိတ်ထဲမှာ ဝမ်းနည်းမဆုံးဘူး။

အဲဒီအချိန် စိတ်ကလည်း ဘာကို အလိုမကျမှန်းမသိ၊ ကြွပ်ဆတ်ဆတ်ဖြစ်နေတာလည်းပါတယ်။ ထစ်ခနဲရှိ ဒေါသထွက်တယ်။ လူကြီးတွေက ဆုံးမစကားလာပြောရင်လည်း မကြိုက်တော့ဘူး။ အရာရာကို အရွဲ့တိုက်ချင်လာတယ်။ တစ်ခါတလေကျတော့လည်း လူတွေကို ကြောက်နေသလို၊ သိမ်ငယ်သလို ဖြစ်နေတော့တယ်။

ဒါတွေက စိတ်ဒဏ်ရာတွေရဲ့ လက္ခဏာတွေဆိုတာကို ကျွန်တော် နောက်ပိုင်းမှ နားလည်ခဲ့ရတယ်။ အိမ်ထောင်တစ်ခု ပြိုကွဲတဲ့အခါ ကျန်ခဲ့တဲ့ မိသားစုနဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရခဲ့တာပေါ့။

ဒါကြောင့်လည်း ၁ဝ တန်း ရောက်တဲ့အခါ စာသင်ဖို့ ပျင်းလာတယ်။ ဒါကြောင့် ကျောင်းပြေးတယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ဆေးလိပ်ခိုးသောက်တယ်။ အရက်သောက်တယ်။ ရန်ဖြစ်တယ်။ အပေါင်းအသင်းတွေကလည်း ကိုယ်လိုလူတွေချည်း။

၁ဝ တန်းမှာ အမှတ်ရမိတာတစ်ခုလည်း ရှိတယ်။ ကျွန်တော်က အတန်းတွေ အားလုံးရဲ့ နောက်ဆုံး ပိတ် H အတန်းမှာ တက်ရတယ်။ တကယ်တော့ ကျောင်းအပ်တော့ C တန်း ကျတာပါ။ ယူထားတာကလည်း Bio ။ ဒါပေမဲ့ အတန်းပိုင်က ကိုးတန်းတုန်းက ကိုယ်နဲ့ မတည့်တဲ့ ဆရာဖြစ်နေတော့ Eco ယူပြီး အတန်းပြောင်းလိုက်တာ။

အဲဒီအတန်းမှာ ကိုယ်က စာနဲ့ပတ်သက်ပြီး ဆရာပဲ။ နွေရာသီကျောင်းပိတ်ရက်တုန်းက အဒေါ်တွေက ဆယ်တန်းကျူရှင် သုံးလလောက် ကြိုထားပေးတော့ စာတွေရနေတာ။ လပတ်စာမေးပွဲဖြေတော့ အဆင့်တွေ ကြေညာရော။ ဆရာမက ကျွန်တော့်နာမည်ခေါ်တယ်။ ကျွန်တော်က ရှေ့ထွက်သွားတော့ ကြိမ်လုံးနဲ့တင်ပါးကို တစ်ချက်ရိုက်တယ်။ ပြီးတော့ ပြောတယ်။ ”နင် အဆင့်တစ်ရတယ်”တဲ့။ ဒါပေမဲ့ တစ်ဘာသာကျတော့တစ်ချက်ရိုက်တာတဲ့။ ပါးစပ်ကလည်း ညည်းလိုက်သေးတယ်။ ”ငါတော့ ဒီနှစ်နယ်ပြောင်းရတော့မယ်”တဲ့။ အဆင့်တစ်ရတဲ့သူတောင် တစ်ဘာသာကျတော့ သူတာဝန်ယူတဲ့ ဒီအတန်းက အောင်ချက်နည်းရင် နယ်ပြောင်းရတော့မယ်လို့ ဆိုတာပါ။

ကျွန်တော်တို့ကလည်း အစွမ်းကုန် ဆိုးခဲ့ကြတာပေါ့။ တစ်နှစ်လုံးရဲ့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းကို သုံးပုံတစ်ပုံတောင်မပြည့်အောင် ကျောင်းပြေးခဲ့ကြတယ်။ နောက်ဆုံးတော့ မိဘတွေ ခေါ်တော့တယ်။ ကျောင်းခေါ်ချိန် မပြည့်တော့ စာမေးပွဲဖြေလို့ မရတော့ဘူး။

အမေကငိုတော့တာပဲ။ ဆရာမကိုလည်း တောင်းပန်ပြီး ပြောတယ်။ ကျွန်တော့်ကို ဆယ်တန်းအောင်စေချင်တာကိုး။ သူ့မှာ ကျွန်တော့်ကိုပေးစရာ ဒီပညာအမွေပဲရှိတော့ ရှိစုမဲ့စုနဲ့ ကျောင်းထားခဲ့ရတာ။ ဆရာမကလည်း သဘောကောင်းရှာတယ်။ နည်းလမ်းတစ်ခုနဲ့ ကျွန်တော်တို့ကို ကျောင်းခေါ်ချိန်တွေ ဖြည့်ပေးခဲ့တယ်။

အဲဒါကတော့ ကျောင်းပိတ်ရက်တွေမှာ တစ်ကျောင်းလုံးမှာရှိတဲ့ မြက်တွေလိုက်ရှင်းရတာပဲ။ ကျောင်းခြံစည်းရိုးပေါ် တွယ်ကပ်နေတဲ့ မြက်တွေနဲ့ ချုံနွယ်ပိတ်ပေါင်းတွေဟာ ကျွန်တော်တို့ရဲ့ မပြည့်မီတဲ့ ကျောင်းခေါ်ချိန်တွေ ကျေးဇူးနဲ့ ပြောင်ရှင်းသွားတော့တယ်။ ဒါတင်မကဘူး။ ဆရာမက ဆုံးမသေးတယ်။ ကျွန်တော်တို့ အဖွဲ့ကို ပဋ္ဌာန်းရွတ်တဲ့အဖွဲ့ ဖွဲ့ပေးပြီး ဘယ်လိုအသံထွက်ရတယ်၊ ရွတ်ရတယ်ဆိုတာ သူကိုယ်တိုင် နှုတ်တိုက်သင်ပေးတာပါ။

သင်လည်းပြီးရော ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်၊ ဆွမ်းကပ် စတဲ့ပွဲတွေမှာ ပဋ္ဌာန်းရွတ်ရတော့တာပဲ။ ဆရာမကျေးဇူးနဲ့ ဘုရားစာတွေလည်း တော်တော်ရခဲ့တယ်။ အဲဒီတော့မှ စာကျက်ချင်တဲ့စိတ်တွေ ဖြစ်လာပြီး စာမေးပွဲနီးတော့မှ ကျွန်တော်တို့တွေ အသည်းအသန် စာတွေကျက်တော့တယ်။ ကျူရှင်မနေရတဲ့ အတွက် အချို့ဘာသာရပ်တွေကို နားမလည်ဘူး။ အဲဒီအခါ သူငယ်တန်းကတည်းက အတူပေါင်းလာတဲ့ ရပ်ကွက်ထဲက ကျူရှင်တက်တဲ့ သူငယ်ချင်းဆီမှာ မေးပြီး ကျက်ရတယ်။

အမေလည်း ကျွန်တော်ပြောင်းလဲတာကို ဝမ်းသာနေတယ်။ ၁ဝ တန်းစာမေးပွဲဖြေမယ့် ကျွန်တော့်အတွက် မုန့်ဖိုးမှအစ အစားအသောက်အဆုံး သေသေချာချာကို ဂရုတစိုက် ဖြည့်ဆည်းပေးတယ်။ ကံကောင်းခဲ့ပါတယ်။ ကျွန်တော် ဆယ်တန်းစာမေးပွဲ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က နောက်ထပ်ငါးယောက်လည်း အောင်မြင်ခဲ့တယ်။

အတန်းထဲက ကျောင်းသားတွေနဲ့ဆို ဆယ်ယောက်ကျော်လောက် စာမေးပွဲအောင်ကြတယ်။ ဆရာမလည်း ဝမ်းတွေသာလို့။ သူလည်း နယ်မပြောင်းရတော့ဘူး။ ကျွန်တော့်အမေဆို သူ့ချွေးနှဲစာနဲ့ ပင်ပင်ပန်းပန်း ပျိုးထောင်ခဲ့ရတဲ့ အသီးအပွင့်ဆိုတော့ ပျော်မဆုံးမော်မဆုံးပဲ။

ဆယ်တန်းအောင်တော့ ကျွန်တော့် လိုတရအိတ်ကလေး အလုပ်များပြန်တယ်။ အဝေးသင်တက္ကသိုလ်တက်ရတော့မယ်လေ။ အဝတ်အစားတွေရော၊ ကျောင်းအပ်ဖို့ရော အိတ်ကလေးဆီက ထွက်လာတာပဲ။ အိတ်ကလေးက ကျွန်တော့်အတွက် လိုအပ်သလို ဖြည့်ဆည်းပေးတာ မပျက်ကွက်ခဲ့ဘူး။

တက္ကသိုလ်တက်ခါနီးတော့ ကျွန်တော်လည်း ရရာ အလုပ်လေးတွေ စလုပ်တော့တယ်။ ဒါပေမဲ့ အိမ်ပြန်ပေးဖို့ နေနေသာ ကိုယ့်ဘာသာကိုယ်တောင် သုံးမလောက်ဘူး။ ဒီ လိုတရအိတ်ကလေးကပဲ ဖြည့်ဆည်းရပြန်တယ်။ ကျွန်တော် ဝင်ငွေ အသင့်အတင့်ရှိလာချိန်မှာတော့ အိတ်ကလေးကို ပြန်ဖြည့်ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။

အိတ်ကလေးကိုလည်း ဖြည့်ဖို့ ကြိုးစားတယ်ဆိုတာထက် အိတ်ကလေးထဲက မနှိုက်ရဖို့ လုပ်နေတယ်ဆို ပိုမှန်ပါလိမ့်မယ်။ ထူးဆန်းတာက အိတ်ကလေးက ကျွန်တော့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကျွန်တော်က ပြန်ဖြည့်ဖို့ ကြိုးစားတဲ့အခါ ဖြစ်ဖြစ်မြောက်မြောက်မရှိဘဲ အခုအချိန်အထိ အိတ်ကလေးထဲက လိုတဲ့အချိန် ယူငင်သုံးစွဲနေရတာပါပဲ။

ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ကျွန်တော် ဖြစ်ဖြစ်မြောက်မြောက် အိတ်ကလေးထဲကို မဖြည့်ဆည်းပေးနိုင်ခင်မှာဘဲ အိတ်ကလေးနဲ့ ကျွန်တော် ခွဲခွာရတော့မယ်လေ။ ကိုယ်ပိုင်အသိုက်အမြုံတစ်ခုကို ထူထောင်ရတော့မယ်။ ဒါကလည်း လူတော်တော်များများ ကြုံတွေ့ရတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဆိုပေမယ့် ကျွန်တော်နဲ့ အိတ်ကလေးဖြတ်သန်းမှုသမိုင်းကြောင်းအရ စွန့်ခွာဖို့ မလုံမလဲနဲ့ မဝံ့မရဲ ဖြစ်နေမိတုန်းပါပဲ။ အိတ်ကလေးကတော့ ဝတ္တရားမပျက်ရှာဘူး။ နောက်ဆုံးအချိန်ထိ ကျွန်တော့်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ။ ဒီတစ်ခါတော့ အိတ်ကလေးကို ဒုက္ခမပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ အက်ဆေး ဖြစ်ပါသည်။

လက်သွေး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."