၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cover Story ဖြစ်ပါသည်။
ဗညားကျော် ရေးသည်။
ရန်ကုန် (ဒီဇင်ဘာ၊ ၂၀၁၈)

Photo-Banyar Kyaw ဆိုင်ဘာအနိုင်ကျင့်မှု ရပ်တံန့်စေရန် ကမ်ပိန်းစတေကာ တစ်ခု
ပြီးခဲ့တဲ့ ဇွန်လတုန်းက အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ တွေဖြစ်တဲ့ မဟန်နီနဲ့ မဇက်တို့ ဟာ မြန်မာနန်းတွင်းဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ စုံတွဲဓာတ်ပုံ တချို့ကို လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အမှတ်တရအနေနဲ့ တင်ခဲ့ပါ တယ်။ ပုံတင်ပြီး သိပ်မကြာလိုက် ပါဘူး။ မှတ်ချက်တွေဟာ အဆက်မပြတ် တက်လာပါတယ်။
စစချင်း မှတ်ချက်တွေမှာတော့ “ချစ်စရာကောင်းလိုက်တာ”၊ “လှလိုက် တာ”ဆိုတဲ့ သူငယ်ချင်းတွေရဲ့ မှတ်ချက် တွေ ဖြစ်ပေမယ့် နောက်ပိုင်းမှတ်ချက်တွေ မှာတော့ “စလောင်းဖုံးချင်းတီးရင် ကျား ကိုက်တတ်တယ်”၊ “နှမြောစရာကောင်း လိုက်တာ”ဆိုပြီး ဖေ့စ်ဘွတ်ခ်အကောင့် အစစ်တွေရော အကောင့်ပုန်းတွေနဲ့ပါ တိုက်ခိုက် ပြောဆိုကြပါတယ်။
မဟန်နီကတော့ အဲဒီသူစိမ်းတွေရဲ့ မှတ်ချက်တွေကိုလေ့လာကြည့်တဲ့အခါ ယောက်ျားလေးအများစုက ခန်္ဓာကိုယ် အောက်ပိုင်းကိစ်္စကို ဝိုင်းဝန်းတိုက်ခိုက် တာဖြစ်ပြီး မိန်းကလေးတွေကတော့ အမျိုးသမီးဆိုရင် အိမ်ထောင်ပြု သားမွေး ရမယ်ဆိုတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ကြတာဖြစ်တယ် လို့ ဆိုပါတယ်။
““ဒီလိုပဲ နှစ်ယောက်သားက ပုံတွေ တင်နေကျ၊ ဘာဖြစ်လို့များ ဒီပုံကျမှ ဝိုင်း အနိုင်ကျင့်တာလဲ စဉ်းစားလို့မရဘူး””လို့ သူက ညည်းတွားပါတယ်။
ဒီလို အကြောင်းအရာတစ်ခုနဲ့ ပတ် သက်ပြီး အွန်လိုင်းပေါ်မှာ လူအများစုက ဝိုင်းဝန်းအနိုင်ကျင့်မှု (Cyberbullying) လုပ်တာတွေ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပေမယ့် အဲဒီကိစ္စတွေကို တားဆီးဖို့ ဆိုက်ဘာမှုခင်းဆိုင်ရာဥပဒေ တွေနဲ့ အတိအကျ တာဝန်ယူ အကောင် အထည်ဖော်မယ့်ဌာန မရှိသေးဘူးလို့ လူ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ တွေက ဆိုကြပါတယ်။
ဆက်သွယ်ရေးဥပဒေ ၆၆ ဃ နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ““တကယ် အွန်လိုင်း ကနေ အကောင့်တုနဲ့ တစ်ယောက်ယောက် ကို တိုက်ခိုက်တာ၊ Cyberbullying (ဆိုက်ဘာအနိုင်ကျင့်တာ) လုပ်တာတို့၊ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ နှောင့် ယှက်တာတို့တွေကို ယနေ့အချိန်အထိ အရေးယူနိုင်တာ တစ်ခုမှ မရှိဘူး””လို့ ဆို ပါတယ်။
ဆက်သွယ်ရေးဥပဒေဟာလည်း မိမိဓါတ်ပုံ၊ နာမည်အမှန်နဲ့ တင်ထားတဲ့ အွန်လိုင်းသုံးစွဲသူတွေကိုပဲ အရေးယူနိုင် တာကြောင့် အကောင့်ပုန်းတွေက ဆိုက် ဘာအနိုင်ကျင့်မှုတွေ ပြုလုပ်လာတဲ့အခါ အရေးယူမှုတွေ မဆောင်ရွက်နိုင်ဘူးလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
Cyberbullying ဆိုတာ ဘာလဲ
အမေရိကန်အစိုးရက တရားဝင် လွှင့်တင်ပေးထားတဲ့ StopBullying. gov ဝက်ဘ်ဆိုက်မှာတော့ ဆိုက်ဘာ အနိုင်ကျင့်မှု (Cyberbullying) ဆိုတာ ဖုန်း၊ ကွန်ပျူတာနဲ့ Tablets အစရှိတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေပေါ်မှာ ဖြစ်ပွားတဲ့ အနိုင်ကျင့်မှုလို့ အဓိပ်္ပာယ် ဖွင့်ဆိုထားပါ တယ်။ ဒီဝက်ဘ်ဆိုက်ကို အမေရိကန် နိုင်ငံက ပညာရေးဌာန၊ တရားစီရင်ရေး ဌာနနဲ့ ကျန်းမာရေးနဲ့ ဝန်ဆောင်မှုဌာန တို့က ပူးပေါင်းပြီး ဆိုက်ဘာအနိုင်ကျင့်မှု အကြောင်း သိကောင်းစရာတွေကို အသိ ပညာပေးရေး လုပ်ဆောင်နေတာ ဖြစ် ပါတယ်။
ဆိုက်ဘာအနိုင်ကျင့်တာတွေဟာ ဆိုရှယ်မီဒီယာတွေမှာ အများဆုံး ဖြစ် တယ်လို့လည်း ဖော်ပြထားပါတယ်။
ဆိုက်ဘာအနိုင်ကျင့်မှုဆိုတာ လူ တစ်ဦးဦးနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ် တာ (သို့) ပုဂ်္ဂလိက သတင်းအချက်များကို အနုတ်လက္ခဏာဆောင်စေရန် အခြား တစ်စုံတစ်ဦးအား မက်ဆေ့ချ်ပေးပို့ခြင်း၊ အန္တရာယ်ဖြစ်စေရန် ၊ အဓိပ္ပာယ်လွဲမှားမှု ဖြစ်စေရန်၊ စိတ်အနှောင့်အယှက်ဖြစ်စေ ရန်နဲ့ အရှက်ရစေရန် ဖြန့်ဝေခြင်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Fairway Technology သင် တန်းကျောင်းရဲ့ တည်ထောင်သူ ဦးအိ မောင်ကတော့ ဆိုက်ဘာအနိုင်ကျင့်မှု ဆိုတာ အင်တာနက်နည်းပညာကို အသုံး ပြုပြီး လူတစ်ဦးကို ထိခိုက်နစ်နာအောင် ပြုလုပ်တဲ့ အပြုအမူ ဖြစ်တယ်လို့ ဆို ပါတယ်။
အဲဒီလို အနိုင်ကျင့်တဲ့နေရာမှာ လူ တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခ ရောက်နစ်နာစေအောင်ဆိုပြီး အနိုင်ကျင့် ကြသလို တချို့ကတော့ ကိုယ်လက်မခံနိုင် တဲ့အကြောင်းအရာတစ်ခုကို အဲဒီလူက လုပ်တဲ့အတွက်ကြောင့် တိုက်ခိုက်တာ လည်း ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
နိုဝင်ဘာလလယ်တုန်းက မ်္တလေး မြို့မှာ ကျင်းပခဲ့တဲ့ Miss Tourism & Heritage Myanmar 2018 Grand Final ပြိုင်ပွဲရဲ့ ရေကူးဝတ်စုံနဲ့ အလှ ဓာတ်ပုံတချို့ကို သတင်းမီဒီယာတွေက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ ပါတယ်။ အဲဒီထဲက အစိမ်းနုရောင် ရေကူး ဝတ်စုံ ဝတ်ဆင်ပြီး ပြိုင်ပွဲဝင်ခဲ့တဲ့ မိန်း ကလေးတစ်ယောက်ဆိုရင် သူရဲ့ ရေကူး ဘောင်းဘီပုံစံကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တွေက ဝိုင်းဝန်းတိုက်ခိုက်တာ တွေ့ရ ပါတယ်။
အဲဒီပြိုင်ပွဲဝင်အမျိုးသမီးရဲ့ ပုံ အောက်က တိုက်ခိုက်မှုတွေကို လေ့လာ ကြည့်ရင် “တိုင်းပြည်နှစ်ခြမ်းကွဲမယ်ဆိုတဲ့ နိမိတ်ပဲ သတိထားကြပါ”၊ “မြောက်မြို့ ရိုးတွင် နေထိုင်သည့် ရေသည်ယောက်ျား နှင့် တောင်မြို့ရိုးတွင် နေထိုင်သည့် ရေ သည် မိန်းမတို့ တွေ့ဆုံရာ ဗာရာဏသီမြို့ လမ်းခုလတ်တစ်နေရာ” စတဲ့ သူ့ရဲ့ ခန္ဓာ အောက်ပိုင်းကို လှောင်ပြောင် တိုက်ခိုက် တာတွေ တွေ့ရပါတယ်။

Photo-Banyar Kyaw မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်
မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (Myanmar ICT for Development Organization – MIDO) ရဲ့ အစီအစဉ် ဩန်ကြားရေးမှူး ဒေါ်ဖြူဖြူသီကတော့ အဲဒီလို ဝိုင်းဝန်းတိုက်ခိုက်တာဟာ ပြိုင် ပွဲဝင်အမျိုးသမီးအတွက် ““နောင်အနာဂတ်ကို ထိခိုက်နိုင်တယ်”” လို့ မှတ်ချက်ပြု ထားပါတယ်။
““လှယဉ်ကျေးမယ်က နောက်တစ် ခါ ဒါမျိုး ပြိုင်တော့မှာ မဟုတ်တာ လည်းဖြစ်သွားနိုင်တယ်လေ။ ဒါဆို သူ့ ဘဝတက်လမ်း ပျက်သွားတာပဲလေ””လို့ သူက ပြောပါတယ်။
သူ့အဆိုအရတော့ ဝေဖန်တာဟာ အကြုံပြုချက်တွေ ဖြစ်ကောင်းဖြစ်လာနိုင် ပေမယ့် အခုလိုမျိုး လူအများကြီးက လှောင်ပြောင်အပြစ်တင်ပြောဆိုတာဟာ ပြိုင်ပွဲဝင်သူကို နစ်နာသွားစေနိုင်တယ်လို့ ဆိုပါတယ်။
ယခုနှစ်ဆန်းပိုင်းတုန်းကလည်း သန်လျင်တံတားအနီးမှာ ဖရဲသီးရောင်း တဲ့ မသန်စွမ်းသူတစ်ဦးကို လူတစ် ယောက်က ဓာတ်ပုံရိုက်ပြီး သူဟာ ဖရဲသီး ဗန်းကို လမ်းပေါ်မှာ မှောက်ချပြီး လျော် ကြေးငွေတောင်းတတ်ကြောင်း ဖေ့စ် ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပါတယ်။
အဲဒီနောက် ဓာတ်ပုံတွေဟာ ဖေ့စ် ဘွတ်ခ်ပေါ်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွား ပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တချို့ကလည်း ပုံတွေကို ဝေမျှကြပြီး အပြစ်တင် ပြောဆို ကြတာတွေကို မသန်စွမ်းသူဖရဲသီးသည် က ပြန်ကြားသိရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါတော့တယ်။
““Cyberbullying လုပ်တဲ့ဟာက လူတစ်ယောက်ရဲ့ အသက်ဆုံးတဲ့အထိ၊ သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ် တွေ ကျသွားစေနိုင်လို့ ဒါတွေကို ကျွန် တော်တို့ မလုပ်သင့်ဘူး””လို့ မောင်ဆောင်းခ က မှတ်ချက်ပေးပါတယ်။

7Day သတင်းဂျာနယ်တွင် ပါဝင်သည့် နည်းပညာသတင်းကို ဖတ်ရှုနေသူတစ်ဦး
Photo-Banyar Kyaw
7Day သတင်းဂျာနယ်တွင် ပါဝင်သည့် နည်းပညာသတင်းကို ဖတ်ရှုနေသူတစ်ဦး
ဘယ်သူတွေ ခံရ
ဆိုက်ဘာအနိုင်ကျင့်မှုကို မြန်မာ ပြည်မှာ သေချာ စစ်တမ်းကောက်ယူထား တာ မရှိသေးပေမယ့် မော်ကွန်းက ချဉ်း ကပ်မေးခဲ့တဲ့ နည်းပညာဆိုင်ရာကျွမ်း ကျင်ပညာရှင်တွေကတော့ ဆိုက်ဘာ အနိုင်ကျင့်တာကို အမျိုးသမီးတွေနဲ့ LGBT တွေ အများဆုံး ခံရတယ်လို့ ဆို ကြပါတယ်။
အသံအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခဆိုရင် သူအနေနဲ့ ဆိုက်ဘာ အနိုင်ကျင့်ခံရတာနဲ့ ပတ်သက်ပြီး တစ်ပတ်ကို တစ်ကြိမ်နီးပါးလောက် ဖုန်း လက်ခံပြောနေရတယ်လို့ ဆိုပါတယ်။ သူ့ ကို ဆက်သွယ်အကူအညီတောင်းတဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ ပုံတွေနဲ့ ဖုန်းနံပါတ်တွေကို တခြားလူတစ်ဦးက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကိုပဲ စိုက်လိုက်မတ်တတ် တင်လေ့ရှိတဲ့ ဖေ့စ် ဘွတ်ခ် ဂရုဖ်တွေထဲမှာတင်ပြီး ဈေးစုံစမ်း နိုင်ကြောင်း ရေးတင်ထားတယ်လို့ ဆို ပါတယ်။
အဲဒီနောက် ကာယကံရှင်တွေဆီကို ဖုန်းခေါ်ဆိုမှုတွေ အများအပြား ဝင်လာပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ သူ က ဆိုပါတယ်။
အထူးသဖြင့် ဆိုက်ဘာအနိုင်ကျင့် မှု လုပ်တဲ့အခါ မိန်းကလေးတစ်ဦးရဲ့ ဖုန်း နံပါတ်သိထားရင် သူ့ဓာတ်ပုံ ဒါမှမဟုတ် တခြားတစ်ယောက်ပုံကို သုံးပြီး သူ့ကို အနှောင့်အယှက်ဖြစ်အောင်၊ ဒုက္ခရောက် အောင် ချောက်ချနိုင်တယ်လို့ သူက ရှင်း ပြပါတယ်။
““အဲဒီကိစ္စက တော်တော်ဆိုးတယ်၊ အဖြစ်အများဆုံးပေါ့””လို့ မောင်ဆောင်းခ က ဆိုပါတယ်။
မဟန်နီတို့ဆိုရင် သူ့တို့ဓာတ်ပုံ တချို့ကိုယူပြီး မေပြည့်ဖူးဇင်ဆိုတဲ့ နာမည် နဲ့ လိင်လုပ်သားပုံစံအကောင့်တု ဖွင့်ခံ လိုက်ရတယ်လို့ မော်ကွန်းကို ပြောပြပါ တယ်။ သူ့အနေနဲ့ ဒါကို ဖြေရှင်းဖို့ သူငယ် ချင်းတစ်ယောက် ပို့ပေးတဲ့ ဆိုက်ဘာရဲ ဖုန်းနံပါတ်ဆိုတာကို ဆက်ကြည့်ပေမယ့် ဆက်သွယ်လို့ မရဘူးလို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ကလည်း အဲဒီ အကောင့်ပိုင်ရှင်ဟာ သူတို့မဟုတ် ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန်ဖြေရှင်း ပြီး အကောင့်တု ပျက်သွားအောင် သူငယ် ချင်းတွေကို ရီပို့လုပ်ပေးကြဖို့ တောင်းဆို ခဲ့ပေမယ့် အကောင့်က ပျက်မသွားသေး တာကြောင့် ဒီအတိုင်း လျစ်လျူရှုထား လိုက်ရတယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာပြည်အနေအထား မှာ အွန်လိုင်းကနေ အကောင့်တုနဲ့ တစ် ယောက်ယောက်ကို တိုက်ခိုက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေနဲ့ ဆိုက်ဘာအနိုင်ကျင့်တာတွေကို ယနေ့ အချိန်အထိ အရေးယူနိုင်တာတစ်ခုမှ မရှိ သေးဘူးလို့ မော်ကွန်းက ချဉ်းကပ်မေး မြန်းခဲ့တဲ့ နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဆိုက်ဘာရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး တိုင်လို့ရတယ်လို့ သတင်းတချို့ ထွက်ပေါ် ခဲ့ပေမယ့် အခုအချိန်ထိ ဆိုက်ဘာရဲတပ်ဖွဲ့ က ဘယ်လိုနည်းတွေနဲ့ တစ်နှစ်ကို အမှု ဘယ်လောက်ဖြေရှင်းလိုက်ပြီး ဘာတွေ ကို အရေးယူလိုက်တယ်ဆိုတာကို သေ ချာ ဘာမှ မသိရဘူးလို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ဝက်ဘ်ဆိုက်တည်ဆောက်ခြင်းနဲ့ ဒီဇိုင်းဆွဲခြင်းဆိုင်ရာ သင်ကြားပေးတဲ့ Myanmar Links သင်တန်းကျောင်းရဲ့ သင်တန်းမှူး ဦးစိုးသီဟနောင်က အဲဒီလို ဆိုက်ဘာ အနိုင်ကျင့်ခံရတာပဲ ဖြစ်ဖြစ်၊ အကောင့်ခိုးခံရပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရှက်ခွဲခံရတာ ဖြစ်ဖြစ် အစိုးရပိုင်းက ချက်ချင်း အရေးယူ မတုံ့ပြန်နိုင်တာတွေ ကြောင့် အွန်လိုင်းပေါ်မှာ အချိန်တို အတွင်း ချက်ချင်းပျံ့နှံ့သွားပြီး ဘာမှ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဆိုက်ဘာရဲ ဆိုပြီး သီးသန့်ဖွဲ့ထားတာ မရှိဘဲ မှုခင်း တစ်စုံတစ်ရာဖြစ်လာရင် မှုခင်းရဲတပ်ဖွဲ့ ကပဲ ကိုင်တွယ်ဆောင်ရွက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ရုံးက ပြန်ကြား ရေးတာဝန်ခံ ရဲမှူးကြီးအောင်မြင့်နိုင်က တယ်လီဖုန်းကတစ်ဆင့် ရှင်းပြပါ တယ်။
မရင့်ကျက်သေးတဲ့ နည်းပညာနားလည်မှု
Fairway Technology သင် တန်းကျောင်းရဲ့ တည်ထောင်သူ ဦးအိ မောင်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ““နည်း ပညာကို ကျွန်တော်တို့က တဖြည်းဖြည်း ချင်း ထိတွေ့တာမဟုတ်ဘဲ ချက်ချင်း လက်ငင်းကြီး ရုတ်တရက် ထိတွေ့လိုက် တော့ ရင့်ကျက်မှုမဖြစ်တဲ့ ပြဿနာက အခြေခံစတာပဲ”” လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၂ လောက် ကစပြီး နိုင်ငံရေးအပြောင်းအလဲကြောင့် နည်းပညာကဏ္ဍကို ဖွင့်ပေးလိုက်တဲ့အခါ နည်းပညာနဲ့ ပတ်သက်တဲ့ ဖုန်းတွေ၊ အင် တာနက်တွေကို လူတိုင်း အလွယ်တကူ အလျင်အမြန် အသုံးပြုခွင့်ရလာပေမယ့် ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ အသိဉာဏ် ရေချိန်ကတော့ အားနည်းနေတယ်လို့ မော်ကွန်းက ချဉ်းကပ်မေးခဲ့တဲ့ ပညာရှင် တွေက ဆိုကြပါတယ်။
အမေရိကန်စာကြည့်တိုက်အသင်း ရဲ့ အဆိုအရ ဒစ်ဂျစ်တယ် အသိဉာဏ်ရေ ချိန်ဆိုတာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကို အသုံး ချပြီး သိလိုတာတွေ ရှာဖွေရန်၊ အကဲ ဖြတ်ရန်၊ တီထွင်ကြံဆရန်နှင့် သတင်း အချက်အလက်ဆက်သွယ်ရန် လိုအပ်တဲ့ မှတ်ဉာဏ်နဲ့ နည်းပညာကျွမ်းကျင်မှုစွမ်း ရည်တို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ် တုန်းက အင်တာနက် အသုံးပြုသူဦးရေ ဟာ တစ်ထောင်ဝန်းကျင်သာ ရှိခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာ အကုန်မှာတော့ ၁၈ သန်းအထိ ရှိလာကာ ဖေ့စ်ဘွတ်ခ် အသုံး ပြုသူ ၁၆ သန်း ဝန်းကျင်ထိ ရှိလာတယ်လို့ Internet World Stats ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ အင်တာနက်အသုံးပြုတဲ့ နိုင်ငံတွေရဲ့ ဆိုရှယ်မီဒီယာ ဆိုင်ရာ အချက်အလက် တွေကို စာရင်းပြုစုပြီး ခွဲခြမ်းစိတ်ဖြာနေ တာဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ အွန်လိုင်း (အထူးသဖြင့် ဖေ့စ်ဘွတ်ခ်)ပေါ်မှာ တင် သမျှကို အင်တာနက်အသုံးပြုသူအချို့က ယုံကြတယ်လို့ မောင်ဆောင်းခက ဆိုပါ တယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွေကို အလွယ်တကူ ဖွင့်လို့ရနေတာ ကြောင့် လူကြိုက်များတာ တင်ဖို့ လွယ်ကူ သလို အွန်လိုင်းပေါ်မှာ ဘာကို ဝေမျှသင့်၊ မမျှသင့်ဘူးဆိုတာ မသိကြဘူးလို့ သူက ဆက်ပြောပါတယ်။
တိကျတဲ့ ဥပဒေဖော်ဆောင်ဖို့ လိုအပ်
မြန်မာနိုင်ငံမှာ ဆိုက်ဘာနဲ့ ပတ် သက်ပြီး ဆက်သွယ်ရေးဥပဒေ၊ ကွန်ပျူ တာပညာ ဖွံ့ဖြိုးရေးဥပဒေနဲ့ အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဆိုပြီး သုံးခု ပြဋ္ဌာန်းထားပေမယ့် တကယ်တမ်း ဆိုက်ဘာအနိုင်ကျင့်တာ တင်မကဘဲ တခြားသော ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်တာတွေ ဖြစ်လာရင် ထိရောက်အောင် ကာကွယ်နိုင်တဲ့ ဆိုက် ဘာမှုခင်း ဥပဒေတစ်ရပ် မရှိသေးဘူးလို့ မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့တဲ့ နည်း ပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း တွေက ဆိုကြပါတယ်။
ဆိုက်ဘာအနိုင်ကျင့်မှုလုပ်တဲ့အခါ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာလား၊ မရည်ရွယ်ဘဲ ဖြစ်သွားတာလားဆိုတဲ့ အပိုင်းကိုကြည့်ပြီး ရည်ရွယ်ချက်အရ လုပ်တယ်ဆိုရင် ဥပဒေကြောင်းအရ ပိုပြီး ပြင်းပြင်းထန်ထန် ကာကွယ်ရမယ်လို့ MIDO ရဲ့ အစီအစဉ် ဩန်ကြားရေးမှူး ဒေါ်ဖြူဖြူသီက ဆိုပါတယ်။
ဆိုက်ဘာမှုခင်းဥပဒေက တခြား ဥပဒေနဲ့မတူဘဲ နည်းပညာတွေ ပါလာ တာကြောင့် ဥပဒေကိုအသုံးပြုမယ့် ရဲ တပ်ဖွဲ့ဝင်တွေနဲ့ တရားစီရင်ရေးသမား တွေကိုပါ နည်းပညာပိုင်းဆိုင်ရာ အသိ ပညာပေး သင်တန်းအများကြီးပေးဖို့လို တယ်လို့ သူက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း ခံရတဲ့သူတွေက ရဲစခန်းတွေမှာ သွားတိုင်ကြားတဲ့အခါ စခန်းမှူးတွေကိုယ်တိုင်က ““နင်တို့က မိန်းကလေးဖြစ်ရဲ့သားနဲ့ ဒါတွေ ဘာလို့ တင်တာလဲ””ဆိုတဲ့ နစ်နာတဲ့သူကိုပဲ အပြစ်တင်နေတဲ့ အတွေးအခေါ်တွေ ရှိနေ သေးတာ ကူညီရာ မရောက်ဘူးလို့ သူက သုံးသပ်ထားပါတယ်။ ဥပဒေဖော်ဆောင်တဲ့အခါမှာ လည်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အသံ ကို နားမထောင်ဘဲ အဆောတလျင် ဥပဒေပြုလိုက်မှာလည်း စိုးရိမ်တယ်လို့ မောင်ဆောင်းခက ဆိုပါတယ်။
ဥပဒေရေးဆွဲတဲ့ နေရာမှာလည်း လုံခြုံရေးဆိုပြီး အမြဲတမ်း တင်းတင်း ကျပ်ကျပ်ပဲ စဉ်းစားရင် တစ်ဖက်မှာ ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေ ကို ထည့်သွင်းမစဉ်းစားမှာကို စိုးရိမ် တယ်လို့ မောင်ဆောင်းခက ဆိုပါတယ်။ ဒါကြောင့် ပညာရှင်တွေနဲ့ စနစ်တကျ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ လုပ်မှ ““တကယ်ထိရောက်တဲ့ ဥပဒေဖြစ်မယ်””လို့ သူက ထောက်ပြပါတယ်။
ဆိုက်ဘာအနိုင်ကျင့်မှု ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ပတ်သက် ပြီး မော်ကွန်းက မှုခင်းရဲတပ်ဖွဲ့ကို တရား ဝင် တွေ့ဆုံမေးမြန်းဖို့ နိုဝင်ဘာ ၁၂ ရက် က အမြန်ချောပို့နဲ့ စာပို့ ဆက်သွယ် မေး မြန်းပေမယ့် မဂ်္ဂဇင်းဖောင်ပိတ်ချိန် နိုဝင် ဘာ ၂၉ ရက် အထိ အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
ဘယ်လိုဖြေရှင်းမလဲ
ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်း အဝေးမှာ မိတ္ထိလာမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက နိုင်ငံတော်သမ္မတရုံးရဲ့ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့် ကြည့်ရေးအတွက် ငွေကျပ် သန်းပေါင်း ၆,၅၀၀ နီးပါး သုံးစွဲခြင်းမှာ ဘယ်သူ တွေက ဘယ်ဥပဒေအရ ဘယ်အတိုင်း အတာထိ ဘယ်လို အကြောင်းအရာတွေ ကို စောင်ကြည့်ပြီး ဘယ်လို အပြစ်ပေး အရေးယူမှာလဲဆိုတာကို မေးမြန်းခဲ့ ပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးကျော်မျိုး ကတော့ ဆိုရှယ်မီဒီယာစောင့်ကြည့်ထိန်း ကျောင်းမှုပြုနိုင်ရေးအဖွဲ့က လူတိုင်းဝင် ရောက်ကြည့်ရှုနိုင်တဲ့ Open Source လို့ ဆိုတဲ့ Facebook, Messenger,Twitter စတဲ့ လူမှုကွန်ရက်မှတစ်ဆင့် လူငယ်လူ ရွယ်တွေ အကျင့်စာရိတ်္တပျက်ပြားစေမယ့်၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ မယ့်၊ နိုင်ငံတော်လုံခြုံရေး (သို့) တရား ဥပဒေစိုးမိုးရေးကို ထိပါးစေမယ့် ပြုမူ ဆောင်ရွက်ချက်တွေကို စောင့် ကြည့်ဖော် ထုတ်ပြီး ပြည်သူလူထုကို ပညာပေးတာ၊ သတိပေးနှိုးဆော်တာနဲ့ ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများနဲ့ ပူး ပေါင်း ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်။
ဒါ့အပြင် တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတဲ့ ကိစ္စရပ်တွေအတွက် သက်ဆိုင် ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတို့နဲ့ အရေး ယူ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းသွားမယ်လို့ ဒုတိယဝန်ကြီးက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အနေနဲ့ ဘယ်လောက်အတိုင်းအတာ ထိရောက်ခဲ့ ပြီးပြီ ဆိုတာကို ဒုတိယဝန်ကြီးက တိတိ ကျကျရှင်းလင်း ဖြေကြားခဲ့တာမရှိပါဘူး။
ဆိုရှယ်မီဒီယာစောင့်ကြည့်ထိန်း ကျောင်းမှုပြုနိုင်ရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ်က နိုင်ငံတော်သမ္မတရုံးရဲ့ အထူးရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေသုံးစွဲမှု မူဝါဒဖြင့် ဖွဲ့ စည်းခဲ့တာဖြစ်ပြီး ဘယ်လိုဆောင်ရွက် ချက်တွေကို လုပ်ဆောင်ခဲ့လဲဆိုတာ ဘာ မှ မသိခဲ့ရဘူးလို့ နည်းပညာဆိုင်ရာ အရပ် ဘက်အဖွဲ့အစည်းတွေက မော်ကွန်းကို ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲကစင်ကာပူနိုင်ငံဆိုရင် အီးမေးလ် ဘယ်လို သုံးမလဲ၊ ဖေ့စ်ဘွတ်ခ် ဘယ်လို လုံခြုံ အောင် ထားမလဲ ဆိုတာတွေကို ကျောင်း သင်ခန်းစာတွေမှာ အခန်းဆက်အလိုက် ငယ်စဉ်ကတည်းက သင်ကြားပေးထား တယ်လို့ ဦးစိုးသီဟနောင်က ဆိုပါတယ်။
လက်ရှိမြန်မာပြည်မှာတော့ ဖုန်း ဆိုင်က ဖွင့်ပေးတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ကို အလွယ်တကူ သုံးစွဲနေကြပြီး ““ဘာမှ မဖြစ်တော့လည်း မဖြစ်ဘူးပေါ့၊ ဖြစ်ခါမှ ဖြစ်ရော။ ဒီအတိုင်းပဲ ချနေကြတာ””လို့ သူက ဆက်ပြောပါတယ်။
ဦးအိမောင်ကတော့ အွန်လိုင်း ပေါ်မှာ ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာအချက် အလက်ကိုတော့ လုံခြုံအောင် လုပ်ထား တဲ့ကြားက တိုက်ခိုက် အနှောင့်အယှက် ပေးခံရရင် ပထမဆုံးအနေနဲ့ ခြိမ်းခြောက် အနှောင့်အယှက်ပေးတဲ့သူကို မတုံ့ပြန်ဘဲ အဲဒီ နှောင့်ယှက်တဲ့ မှတ်တမ်းတွေကို တတ်နိုင်သမျှ စုံစုံလင်လင်ရအောင် သိမ်း ထားဖို့ လိုတယ်လို့ ရှင်းပြပါတယ်။
““ဘယ်လိုနည်းနဲ့ပဲ ယူယူ စခရင် ရှော့ (Screen Shot) ကို ရအောင်သိမ်း ထား။ ပို့စ်တွေ ဘာတွေက ဖျက်သွားနိုင် တယ်””လို့ သူက ဆိုပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ အရေးမယူတာ၊ ယူတာ နောက်ထားပြီး စုဆောင်းထားတဲ့ အချက်အလက်တွေကို သုံးပြီး တိုင်လို့ရမယ့် နေရာကို သွားတိုင် ဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာကလည်း အစိုးရပိုင်း အနေနဲ့ ဆိုက်ဘာအနိုင်ကျင့်တဲ့ အမှုတွေ တိုင်လာပြီဆိုရင် အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ အရေးယူပေးဖို့ လိုတယ်လို့ သူ က ဆိုပါတယ်။ တစ်ဖက်က အရေးယူ လိုက်ပြီ ဆိုတာနဲ့ အနှောင့်အယှက်ပေးတဲ့ သူတွေက ဆက်ပြီးတော့ မလုပ်ရဲတော့ ဘူး၊ မခြိမ်းခြောက်ရဲတော့ဘူးလို့ သူက ဆိုပါတယ်။ လက်ရှိ အနေအထားမှာ အွန် လိုင်းပေါ်ကနေ အနှောင့်အယှက် ပေးနေ တာတွေကလည်း နက်နဲတဲ့ နည်းပညာ တွေကို သုံးပြီးတော့ ဖမ်းလို့မမိအောင် လုပ်နေတာမျိုးတွေ မဟုတ်လို့ ရေတို အနေနဲ့ လောလောဆယ် ဒီအဆင့်မှာတင် အရေးတယူ လုပ်ဖို့ပဲ လိုတယ်လို့ ဦးအိ မောင်က သတိပေးပါတယ်။
ပြီးတော့ သူက အခုလိုလည်း ဆို လိုက်ပါတယ်။
““ရေရှည်ကတော့ Cyber Crime Law ကိုပီပြင်အောင် ဖော်ဆောင်ရမယ်။ လက်ရှိ ကာလတိုအတွင်းမှာတော့ တုံ့ပြန် ရမယ်””