စစ်ကောင်စီလက်ထက် မြင့်တက်လာတဲ့ လူကုန်ကူးမှု အန္တရာယ်

ရန်ကုန်မေ ၂၀၂၃ မော်ကွန်း

ပဲခူးမြစ်အရှေ့ဘက်ကမ်းနဖူးပေါ်မှာ ရေလုပ်ငန်းလုပ်ပြီးအေးအေးချမ်းချမ်းနေထိုင်နေတဲ့ ကိုမောင်ဦးရဲ့မိသားစုဆီကို သူတိုနဲ့သိကျွမ်းဖူးခဲ့တဲ့ ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်ကအမျိုးသမီးနှစ်ဦး ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ရောက်ရှိလာပြီး ကိုမောင်ဦးကို ထိုင်းနိုင်ငံမှာအလုပ်အကိုင် တရားဝင်ရရှိစေမယ်လို့ အဲ့ဒီအမျိုးသမီးနှစ်ဦးကစည်းရုံးပြောဆိုခဲ့ပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးဟာပွဲစားခ၂၈သိန်းကျပ်ရပြီးနောက်ကိုမောင်ဦးအပါအဝင်လူခုနစ်ဦးကိုရန်ကုန်မှာပတ်စ်ပို့ပြုလုပ်ပေးခဲ့ပြီး၂၀၂၂အောက်တိုဘာထဲမှာမြဝတီနယ်စပ်ကနေထိုင်းနိုင်ငံကိုသောင်ရင်းမြစ်ကိုဖြတ်ကျော်ပို့ဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဆပ်ပြာကုမ္ပဏီတစ်ခုမှာ တစ်လကို ငွေကျပ် ၁၂ သိန်းနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရမယ်ဆိုတာကြောင့် ကိုမောင်ဦးတို့ဟာ ထွက်ခွာလာခဲ့ကြတာပါ။

ထိုင်းနိုင်ငံရောက်သွားတဲ့အခါမှာတော့ သူတို့ပြောထားသလို ဆပ်ပြာကုမ္ပဏီမှာမဟုတ်ဘဲ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ စောင်စက်ရုံတစ်ခုမှာပဲ သူတို့ကိုအလုပ်သွင်းပေးခဲ့ပါတယ်။

အဲဒီ စက်ရုံမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ဇယ်ဆက်သလို အလုပ်လုပ်နေရပြီး နေ့စဉ်အလုပ်ခွင်မှာလည်း အော်ဟစ်ကြိမ်းမောင်းခိုင်းစေတာကို ခံခဲ့ရပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကိုလည်း စက်ရုံဝင်းအတွင်းမှာရှိတဲ့ အခန်းဖွဲ့မထားတဲ့ တိုက်တန်းလျားတစ်ခုမှာ နေထိုင်စေပါတယ်။

အဲ့ဒီတိုက်တန်းလျားထဲမှာ အလုပ်သမားတွေဟာ တန်းစီကာကျပ်ကျပ်တည်းတည်းအိပ်စက်ရပြီး ရေချိုးခန်း၊ အိမ်သာ မလုံလောက်သလို သန့်ရှင်းမှုလည်းမရှိဘူးလို့ ကိုမောင်ဦးကပြောပါတယ်။

အဲဒီအလုပ်မှာ ဘာမှအလုပ်သမားအခွင့်အရေးလည်းမရှိဘူး။ ကျွန်တော်တို့ကို ကျွန်တွေလိုထားတာ၊ လုပ်ခလစာ ကလည်း သူတို့ပြောထားတာရဲ့ထက်ဝက်တောင်မရှိဘူးလို့ပြောပါတယ်။

ဒီလိုနဲ့ စောင်စက်ရုံမှာ ၁၅ ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက်မှာတော့ ကိုမောင်ဦးအပါအဝင်ခုနစ်ဦးဟာ မြန်မာနိုင်ငံကို ပြန်ဖို့ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံက လူမှုကူညီရေးအသင်းတစ်ခုကို ဆက်သွယ်အကူအညီတောင်းခံခဲ့ပါတယ်။

အဲဒီလူမှုကူညီရေးအသင်းဟာ အာဏာပိုင်တွေနဲ့ချိတ်ဆက်ပြီး ကိုမောင်ဦးတို့ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင် ပေးခဲ့ပါတယ်။

ဒါ့အပြင်  သူတို့ကို ထိုင်းနိုင်ငံကိုပို့ဆောင်ပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း လူကုန်ကူးမှုနဲ့တိုင်ကြားခဲ့တာကြောင့် အဲဒီ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ယိုယွင်းလာတဲ့တရားဥပဒေစိုးမှုအခြေအနေတွေကြောင့် လူကုန်ကူးမှုတွေနဲ့ လူပွဲစားတွေဟာ တစ်စခန်းထလာပြီး ကိုမောင်ဦးတို့ကြုံတွေ့ရသလို အလားတူဖြစ်စဉ်မျိုးတွေ ရှိလာခဲ့ပါတယ်။ 

(၂၀၂၁ နိုဝင်ဘာတွင် ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်သော မြန်မာထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိသည့် လူကုန်ကူးခံရသောမြန်မာနိုင်ငံသားများ

Photo: Royal Thai Army)

လူကုန်ကူးမယ့်သူတွေ၊ ပွဲစားတွေဟာ  ကျေးလက်ဒေသတွေအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းခက်ခဲနေတဲ့ ပြည်သူ တွေကို ပစ်မှတ်ထားကာစည်းရုံးလာပါတယ်။

ပြည်တွင်းမှာရှိတဲ့ နိုင်ငံကတကာရင်းနှီးမြှပ်နှံမှုတွေလည်း စစ်အာဏာသိမ်းမှုကြောင့်ပြန်လည်ထွက်ခွာခဲ့ကြပြီး အဲဒီထဲမှာ အလုပ်အကိုင်အများအပြားဖန်တီးပေးထားနိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ၊ စွမ်းအင်လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေပါဝင်ပါတယ်။

ပြင်သစ်စွမ်းအင်လုပ်ငန်းစုဖြစ်တဲ့ TOTAL ၊ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron ၊ ဂျပန်အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်း Kirin ၊ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ၊ စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ Nestle ၊ အမေရိကန် အခြေစိုက် အဝတ်အထည်ချုပ်လုပ်ငန်း Primark အစရှိတဲ့လုပ်ငန်းစုကြီးတွေဟာမြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ရုပ်သိမ်းပြီးထွက်ခွာခဲ့ကြပါတယ်။

နဂိုကတည်းက အလုပ်အကိုင်လိုအပ်ချက်မြင့်မားနေတဲ့နိုင်ငံမှာ စစ်တပ်အာဏာထပ်သိမ်းတဲ့အတွက် ဒီလိုနိုင်ငံတကာ လုပ်ငန်းစုကြီးတွေ ပြန်လည်ထွက်ခွာမှုကြောင့် လူထုကြားမှာအလုပ်အကိုင်လိုအပ်မှုဖိအားတွေ တိုးလာပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေဖြစ်လာတဲ့အပြင် မြင့်တက်လာတဲ့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီအခက်အခဲတွေကြောင့် လူငယ်လူရွယ်အများအပြားဟာ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်ကြဖို့ ဆုံးဖြတ်လာ ကြတာပါ။

ပြောရရင် ပြည်တွင်းမှာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက သိပ်မရှိဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ အပါအဝင် အဖွဲ့လိုက် ထိုင်းကိုထွက်ကြမှာလို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ ကိုဝေယံက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့  ၂၀၂၂  ဩဂုတ်မှာ ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ပွားမီ ၂၀၂၀ ပြည့်နှစ်ကထက် အလုပ်အကိုင်အခွင့်အလမ်း ၁၁ သိန်း ကျော် လျော့နည်းသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကာလအတွင်းနဲ့ ကိုဗစ်ကပ်ရောဂါကာလတွေမှာ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုတွေ အလွန်အမင်းရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် အလုပ်အကိုင်အရည်အသွေးတွေဟာ ပိုမိုကျဆင်းလျက်ရှိပြီး  ကုန်ထုတ်စွမ်းအားတွေဟာလည်း ၂၀၂၀ ပြည့်နှစ် အချိန်ကာလက အလုပ်အကိုင်တွေထက် အဆင့်နိမ့်ကျလျက်ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းကျဆင်းလာမှုတွေကြောင့် အလုပ်အကိုင်လိုအပ်နေတဲ့ လူငယ်တွေဟာ ပြည်ပကိုထွက်ခွာရာမှာ တရားဝင်နည်းလမ်းတွေအပြင် တရားမဝင်ထွက်ခွာမှုတွေလည်း ပြုလုပ်လာကြတယ်လို့ ရွှေမြင့်မိုရ်ဦး ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ မရွှေရည်ဝင်းက ပြောပါတယ်။   

အမှန်ကတော့ တရားဝင်အေဂျင်စီတွေနဲ့ ချိတ်ဆက်သွားရမှာပေါ့။ တချို့ကတော့ အဲ့ဒီလုပ်ငန်း Process နဲ့မဟုတ်ဘဲအပြင်က ပွဲစားတွေနဲ့ ချိတ်သွားကြတယ်။ MoU (နှစ်နိုင်ငံ အလုပ်ခန့်အပ်မှု နားလည်မှုစာချွန်လွှာ) နှစ်ဖက်သေချာ သဘောတူစာချုပ်ချုပ်ပြီးမှလွှတ်ရတာဆိုတော့ ခေါ်တာ၊ စောင့်ရတာတွေရှိတယ်။ လူကလည်းများတော့ ကြာတယ်။ အဲဒီမှာ မစောင့်နိုင်ဘူး၊ တရားမဝင်လမ်းကြောင်းတွေကနေသွားကြတော့ လူကုန်ကူးမယ့်သူတွေရဲ့ သားကောင်တွေ ဖြစ်လာတာပေါ့လို့ သူကပြောပါတယ်။

လူကုန်ကူးမယ့်သူတွေဟာ သူတို့ကိုယ်သူတို့ တရားဝင်အေဂျင်စီတွေလို့လိမ်ညာကာ ပြည်ပကိုပို့ဆောင်ပေးမယ်ဆိုပြီး အခြေခံ လူတန်းစားတွေ၊ အလုပ်အကိုင်မရှိသူတွေကို ပစ်မှတ်ထားစည်းရုံးလိမ်လည်နေကြတယ်လို့ မရွှေရည်ဝင်းက ပြောပါတယ်။

ကျွန်မတို့ လက်တစ်ကမ်းမှာပဲ လူကုန်ကူးမှုတွေကဖြစ်နေတာ။ ပွဲစားတွေဟာ ရပ်ကွက်တွေ၊ ကျေးရွာတွေထိလာပြီး ပြည်ပသွားမလားလို့ မက်လုံးပေးဆွဲဆောင်နေတာ။ ခုနောက်ပိုင်းဆိုရင် ဖေ့စ်ဘွတ်လိုနေရာတွေကနေပါ လိမ်လာကြတာတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

(မြဝတီမဲဆောက် နယ်စပ်ဂိတ်တွင်စောင့်ဆိုင်းနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ

Photo: Mawkun)

လူကုန်ကူးမှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ဖြစ်နိုင်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ () အရ ပုဂ္ဂိုလ်တစ်ဦးဦးက တခြားတစ်ဦးတစ်ယောက်ကို သူ့ရဲ့သဘောတူညီမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုလုပ်ဖို့အလို့ငှာ စည်းရုံးသိမ်းသွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်းတို့ ပြုလုပ်ပါက လူကုန်ကူးမှုမြောက်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

လူကုန်ကူးမှုတွေမှာ တစ်ဖက်နိုင်ငံကိုပို့ဆောင်ခံရပြီး အလိမ်ခံရတဲ့လူကုန်ကူးမှုတွေရှိသလို ဘယ်နိုင်ငံမှမရောက်လိုက်ဘဲ ငွေကြေးအလိမ်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီမှာနေထိုင်တဲ့ ကိုရွှေထွန်းနဲ့ သူ့ရဲ့ရပ်ဆွေရပ်မျိုးခြောက်ဦးဟာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ရန်ကုန်က ပွဲစားအမျိုးသမီးတစ်ဦးရဲ့စည်းရုံးမှုကြောင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့စီစဉ်ခဲ့ရာက တစ်ဦးကို ငွေကျပ်သိန်း ၃၀ ကျော် အလိမ်ခံခဲ့ရပါတယ်။

အဲဒီလိုစည်းရုံးခံရမှုကြောင့်ကိုရွှေထွန်းတို့ဟာမလေးရှားနိုင်ငံကိုထွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ကိုရွှေထွန်းဟာ သာယာဝတီမြို့က သူပိုင်ဆိုင်တဲ့ စပါးစိုက်တဲ့လယ်မြေလေးဧကကို ကျပ်သိန်း ၂၀ နဲ့ ရောင်းချခဲ့ကာ သူစုဆောင်းထားတဲ့ ငွေကြေးအချို့နဲ့ ချေးငှားထားတဲ့ ငွေကြေးအချို့ကိုရင်းနှီးပြီး စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ပွဲစားအမျိုးသမီးက  ကိုရွှေထွန်းတို့ကို မလေးရှားနိုင်ငံက ဖိနပ်စက်ရုံတစ်ခုမှာအလုပ်ရဖို့ စီစဉ်ပေးမှာဖြစ်ပြီး ပွဲစားခ တစ်ဦးကို ကျပ်သိန်း ၅၀ ပေးရမယ်လို့ စည်းရုံးခဲ့တာပါ။

ဒီဇင်ဘာလပိုင်းမှာတော့ အဲဒီပွဲစားအမျိုးသမီးဟာ ကိုရွှေထွန်းအပါအဝင် ရပ်ဆွေရပ်မျိုးခြောက်ဦးဆီက  ပွဲစားခနဲ့ ပတ်စ်ပို့ ပြုလုပ်ခအဖြစ် စုစုပေါင်း ငွေကျပ် သိန်း ၁၈၀ ကျော် ရယူခဲ့ပြီးနောက်မှာ သူတို့ကို ထိုင်းနယ်စပ်၊ ဘုရားသုံးဆူကို ပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပြပါတယ်။

ဘုရားသုံးဆူကို ရောက်ရှိပြီးနောက်မှာတော့ ပွဲစားအမျိုးသမီးဟာ ကိုရွှေထွန်းတို့အဖွဲ့ကို ထမင်းဆိုင်တစ်ဆိုင်မှာထားခဲ့ပြီး တစ်ဖက်နိုင်ငံက ပွဲစားနဲ့သွားတွေ့မယ်ဆိုကာ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတော့တယ်။

သူတို့ရဲ့ ပွဲစားခတွေ၊ ပတ်စ်ပို့စာအုပ်တွေပါ ယူဆောင်သွားပြီး အဲဒီပွဲစားအမျိုးသမီးဟာထွက်ပြေးသွားတာလို့ ကိုရွှေထွန်းက ပြောပါတယ်။

 “ ကျွန်တော်တစ်သက်လုံး စုဆောင်းထားတာတွေနဲ့ လယ်ရောင်းရငွေ အကုန်ပါသွားတယ်။ ပြီးတော့ ရပ်ဆွေရပ်မျိုးတွေဆီက ချေးငှားထားတာလေးတွေကော ပါသွားတယ်။ ကျွန်တော့်ဘဝတော့ပျက်ပြီပဲ။ အခုထိ အကြွေးတွေလည်း မဆပ်နိုင်၊ လယ်လည်း မလုပ်နိုင်ဖြစ်နေတာလို့ သူကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတလွှားလူကုန်ကူးမှုတိုက်ဖျက်ရေးအခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးခံရမှုအဆင့်သတ်မှတ်ချက် အဆိုးဝါးဆုံးအဆင့် Tier 3  သတ်မှတ် ထားတယ်လို့  ဖော်ပြထားပါတယ်။

အဲဒီ  အဆိုးရွားဆုံးအဆင့်ထဲမှာ မြန်မာနိုင်ငံအပါအဝင်  အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ အီရန်နိုင်ငံ တို့လည်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရှားပါးလာပြီး အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာကာ အလုပ်အကိုင်ရှာဖွေကြရာက လူကုန်ကူးခံရမှုတွေ ဖြစ်လာတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတည်ငြိမ်မှုအားနည်းခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ ပြည်ပကို တရားမဝင် ထွက်ခွာမှုတွေရှိလာတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ဒါ့အပြင် အစီရင်ခံစာထဲမှာ အာဏာသိမ်းစစ်ကောင်စီဟာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်လည်း လုံလောက်တဲ့ကြိုးပမ်းအားထုတ်မှုမရှိခဲ့ဘဲ အလွန်နည်းပါးတဲ့ လူကုန်ကူးမှုအရေအတွက်ကိုသာ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

လူကုန်ကူးမှုတားဆီးရေးအတွက် အစိုးရနဲ့အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေခဲ့တဲ့လုပ်ငန်းစဉ်တွေဟာလည်း စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်မှာ ရပ်တန့်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးရေးလုပ်ကိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

 (၂၀၂၀ ခုနှစ်အရပ်သားအစိုးရလက်ထက်က လူကုန်တားရဲတပ်ဖွဲ့

 Photo – လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့)

စစ်ကောင်စီလက်ထက်မှာ လူကုန်ကူးမှုတွေကို ဖမ်းဆီးအရေးယူမှုတွေအားနည်းခဲ့တဲ့အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကိုလည်း ကူညီထောက်ပံ့ခွင့်တားမြစ်ထားတယ်လို့ တာချီလိတ်နဲ့ရန်ကုန်အခြေစိုက် လူကုန်ကူးမှု တားဆီးရေးအဖွဲ့တစ်ခုက  တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါအဖွဲ့အနေနဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကိုရပ်နားထားရပြီး လုံခြုံရေးအခြေအနေအရ အဖွဲ့အစည်းအမည်ကို ဆောင်းပါးမှာအသုံးမပြုဖို့ တောင်းဆိုခဲ့ပါတယ်။

အရင်က နိုင်ငံတကာအဖွဲ့အစည်း USAID တို့နဲ့ပေါင်းပြီး လူကုန်ကူးနဲ့ပတ်သက်လို့ ပညာပေးတာ၊ ကူညီထောက်ပံ့တာ ရှိတယ်။ အခု အဲဒီလုပ်ငန်းစဉ်တွေရပ်သွားတယ်။ လူကုန်ကူးမှုကိုအဓိကလုပ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲလည်း အာဏာသိမ်းပြီး လုပ်ငန်းစဉ်တွေရပ်နားခဲ့ရတယ်” လို့ သူကပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ အခုလိုရပ်နားထားရပေမယ့် လူကုန်ကူးမှုတွေဟာတော့ ရပ်တန့်သွားခြင်းမရှိဘဲ နေရာတိုင်းမှာဖြစ်ပွားနေတယ်လို့ သူကဆက်လက်ပြောပါတယ်။

လူကုန်ကူးမှုတွေက ပိုဆိုးလာတဲ့အခြေအနေလို့ ပြောလို့ရတယ်။ နယ်စပ်နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ ဖြစ်နေတာ။ ကျွန်တော်တို့ ဆီလည်း တိုင်ကြားချက်တွေ မကြာခဏဆိုသလိုရောက်တယ်။ လက်လှမ်းမီသလောက်တော့ ဖြေရှင်းပေးပါတယ်လို့ သူက ပြောပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ စစ်အာဏာမသိမ်းမီက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လုပ်ဆောင်တဲ့ လူကုန်ကူးမှုတားဆီးရေး၊ ပညာပေးရေးလှုပ်ရှားမှုတွေကို သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်လေ့ ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မထုတ်ပြန်တော့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင်တဲ့နယ်စပ်ဖြတ်ကျော်မှုတွေ မြင့်တက်ခဲ့ပြီး လူကုန်ကူးမှုနဲ့ လူမှောင်ခိုမှုတွေဟာ ယခင်နှစ်တွေကထက်များပြားလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အရေးဆောင်ရွက်နေတဲ့ Foundation for Education and Development (FED) အဖွဲ့တည်ထောင်သူ ဦးထူးချစ်က မော်ကွန်းကိုပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ အရပ်ဘက်အဖွဲ့တွေဟာ လူကုန်ကူးမှုတွေဖြစ်လာပြီးနောက် ဌာနဆိုင်ရာတွေကို ဆက်သွယ်ကာ အကူအညီတောင်းခံပေမယ့် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်အားနည်းနေတယ် ဦးထူးချစ်က ပြောပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်ဆက်သွယ်တာ ဆက်သွယ်လို့မရဘူး၊ အရမ်းအားနည်းနေတယ်။ အဲဒါတွေက ဘာတွေ ဆက်ဖြစ်လဲဆိုရင် အလုပ်သမားတွေ လူကုန်ကူးခံရလို့ရှိရင် အားကိုးရာမဲ့တာပေါ့၊ ကူညီမယ့်သူမဲ့သလိုဖြစ်တယ်။ အဓိကက လူကုန်ကူးမှု(တိုက်ဖျက်ရေး)ဆိုတဲ့ကိစ္စတွေက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေပဲ လုပ်လို့ရတာမဟုတ်ဘူး။ အဓိကကတော့ အစိုးရအဖွဲ့အစည်းတွေက ပါကိုပါရမှာ။ အစိုးရအဖွဲ့အစည်းရဲ့ပူးပေါင်းဆောင်ရွက်မှုက ပျက်ကွက်တာ နှောင့်နှေးတာ၊ လူကုန်ကူးမှုတွေကို ပိုပြီးတော့ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)ရဲ့  ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအရလူကုန်ကူးခံရသူစုစုပေါင်းရဲ့၇၇ဒသမ၂၁ရာခိုင်နှုန်းဟာတရုတ်နိုင်ငံကိုကုန်ကူးခံရတာဖြစ်ပြီးထိုင်းနိုင်ငံကို၂ဒသမ၄၉ရာခိုင်နှုန်း၊မလေးရှားနိုင်ငံကို၀ဒသမ၆၂ရာခိုင်နှုန်းနဲ့ကျန်တာကပြည်တွင်းမှာဖြစ်ပွားခဲ့တာလို့ဖော်ပြပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရဲတပ်ဖွဲ့ဟာ မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အာရုံစိုက်မလုပ်နိုင်တဲ့အတွက် အခုလို လူကုန်ကူးမှုတွေ ဆိုးဝါးစွာဖြစ်ပေါ်နေတာလို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေတစ်ဦးက‌သုံးသပ်ပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရဲက ရဲအလုပ်မလုပ်ရတာ ကြာပြီ။ ရဲနဲ့စစ်တပ်က တော်လှန်ရေးကိစ္စတွေမှာပဲ ပိုအာရုံ စိုက်နေတယ်။ တရားဥပဒေစိုးမိုးရေးလည်း ဟိုးအောက်ဆုံးကိုကျဆင်းသွားတယ်။ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကိစ္စတွေ  ပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။

လူကုန်ကူးမှုတားဆီးရေးအတွက် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးမှုတွေကို ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေဖို့နဲ့ လူကုန်ကူးခံရသူတွေကို စာနာနားလည်စွာ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တယ်လို့ အဆိုပါ‌ရှေ့နေကပြောပါတယ်။

တကယ်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေပါပူးပေါင်းဆောင်ရွက်မှ တိုက်ဖျက်နိုင်မှာပါ။ အခုစစ်ကောင်စီလက်ထက်မှာတော့ အဲဒီလုပ်ငန်းစဉ်တွေ အားနည်းချက်တွေရှိနေတယ်လို့ သူကပြောပါတယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."