စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။
ငါးလုပ်ငန်းကိုလည်း မမေ့သင့်
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ရာမှာ စိုက်ပျိုးရေးလုပ်ငန်းအပြင် ငါးကန်၊ ပုစွန်မွေးမြူရေး ကန်တွေ ပြန်လည်ထူထောင်ဖို့ကလည်း အာရုံစိုက်ကြရမယ့် အရာပါ။
ကနဦးရထားတဲ့စာရင်းတွေအရ ငါးကန်ဧက ၂၂,ဝဝဝ လောက် ရေမြုပ်သွားပြီး နောက်ထပ်လည်း နစ်မြုပ်နိုင်တဲ့ ဒေသ တွေလည်း ရှိနေတော့ ဒီနှစ်မှာ ငါးမွေးကန်အားလုံးရဲ့ ၁၅ ရာခိုင် နှုန်းထက်မနည်း ဆုံးရှုံးလိမ့်မယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးဝင်းကြိုင်ကတော့ ခန့်မှန်းပြောဆိုပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေရဲ့ မြောက်ဘက်နဲ့ ဘူးသီးတောင်၊ မောင်တောကြားမှာရှိတဲ့ ပုစွန်မွေးကန် ဧက တော်တော်များ များလည်း မြုပ်သွားတယ်။ ”အဲဒီဆုံးရှုံးထိခိုက်နစ်နာမှုတွေက တော်တော့်ကို ကြီးမားတယ်လို့ ပြောလို့ရတယ်” လို့ ဦးဝင်း ကြိုင်က ဆိုတယ်။
သြဂုတ် ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ငါးလုပ်ငန်းဦးစီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ ပုဂ္ဂလိကနဲ့ အစိုးရ နှစ်ခုပေါင်း ကျပ် ၂၅ ဘီလီယံ ဖိုးလောက် (ပုဂ္ဂလိကမှ ၂၄,၃၈၅ ဒသမ ၁၄၆ သန်း နဲ့ အစိုးရမှ ၈၉ ဒသမ ၁၃၆ သန်း) ဆုံးရှုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
”ဒီကွင်းဆက်ရဲ့ အကြောင်းဆက်က ငါးကတော့ ဈေး တက်မယ်”လို့ ဦးဝင်းကြိုင်က ပြောပါတယ်။ လောလောဆယ် တော့ ငါးဈေးမတက်ရင်တောင် အင်းအိုင်ရာသီကုန်သွားတဲ့ နောက်နှစ် မတ်လနှောင်းပိုင်းလောက်ဆိုရင်တော့ ငါးရှားတဲ့ ပြဿနာစလာတော့မယ်လို့ ဦးဝင်းကြိုင်က ဟောကိန်းထုတ်တယ်။
”ဒါက စားသုံးသူတွေ အဓိက ခံစားရမယ်။ နိုင်ငံတော် လည်းခံရမယ်။ Export ကျသွားမယ်။ အမျိုးသားဝင်ငွေ လျော့ သွားမယ်”လို့ သူက သတိပေးပြောဆိုပါတယ်။
သြဂုတ် ၂၆ ရက်သတင်းစာရှင်းလင်းပွဲမှာတော့ ဝန်ကြီး ဌာနအနေနဲ့ မျိုးငါးတွေ ငါးသားပေါက်တွေကို သိန်း ၁,၅ဝဝ ဖိုး ဖြန့်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။”ဒါကကျေးဇူးတင်စရာတော့ကောင်းတယ်။ သို့သော် လည်း ဒီလောက်က သားပေါက်လိုအပ်ချက်ကိုတောင်မှ မပြည့်မီ နိုင်ပါဘူး”လို့ ဦးဝင်းကြိုင်က ထောက်ပြတယ်။ အဲဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း အကူအညီတောင်းထား တယ်လို့ ဦးဝင်းကြိုင်က ဆိုတယ်။
ဘာတွေ ဘယ်လိုထူထောင်မလဲ
ပြန်လည်ထူထောင်ရေးလုပ်ရာမှာ ငွေကြေးစီးဆင်းလည်ပတ်နိုင်အောင်လို့ အသေးစားငွေချေးလုပ်ငန်းတွေ လုပ်ပေးဖို့ အထိပါ စဉ်းစားထားတယ်လို့ ရေဘေးသင့်ဒေသများပြန်လည်ထူ ထောင်မှုလုပ်ငန်းညှိနှိုင်းမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဖြစ် တဲ့ ဦးစိုးအောင်က ပြောပါတယ်။
”အဲဒီအထဲမှာ ဆံသဆိုင်ဖွင့်တဲ့လူက ဆံသဆိုင်ပြန်ဖွင့်နိုင် အောင် လုပ်ပေးရမယ်။ ကုန်စုံဆိုင်ဖွင့်တဲ့လူက ကုန်စုံဆိုင် ပြန်ဖွင့် နိုင်အောင် လုပ်ပေးရမယ်။ နောက်တစ်ခါ ခေါင်းရွက်ဗျပ်ထိုးက လည်း ခေါင်းရွက်ဗျပ်ထိုး ပြန်ရောင်းနိုင်အောင် ဒီလိုမျိုးတွေ စီစဉ် ပေးရမှာပေါ့” လို့ ဦးစိုးအောင်က ပြောပြပါတယ်။ ဦးစိုးအောင်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနရဲ့ အမြဲတမ်းအတွင်းဝန်လည်း ဖြစ်ပါတယ်။
ဒီလိုတွေဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပျက်စီးဆုံးရှုံးတဲ့စာရင်းတွေ အိမ်ထောင်စု အလိုက်ကောက်ဖို့ သြဂုတ် ၁၈ ရက်က ညွှန်ကြားထားပြီး စက် တင်ဘာလဆန်းမှာ ဒီစာရင်းတွေ ရမယ်လို့လည်း သူက ပြောပါ တယ်။ ရလာတဲ့ အချက်အလက်တွေကို အကဲဖြတ်ပြီးမှ လိုအပ် သလို ကူညီပေးသွားဖို့ ရှိတယ်လို့လည်း ဦးစိုးအောင်က ဆိုပါတယ်။
အဆိုပါအချက်အလက်တွေကိုအခြေခံပြီး ခြောက်လ၊ တစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်အတွင်းဆောင်ရွက်မယ့် ရေတို၊ အလယ်အလတ်နှင့် ရေရှည်စီမံကိန်းတွေ ချမှတ်ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဦးစိုးအောင်က ဆိုပါတယ်။
”ပြန်လည်နေထိုင်နိုင်ဖို့ စီမံတာတို့၊ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးတာတို့၊ ရေရှည်ဒီနေရာမှာ မသင့် တော်ဘူးဆိုရင် သင့်တော်တဲ့နေရာမှာ နေနိုင်အောင် စီမံတာတို့ ဒါတွေ ကျွန်တော်တို့ တောက်လျှောက်လုပ်မှာပါ။ အချက် အလက်တွေရမှ ထပ်ပြီးဆုံးဖြတ်ချက်ချရမှာပေါ့”လို့လည်း သူက ဆိုပါတယ်။
လက်ရှိအချိန်တွင်တော့ သဘာဝဘေးအန္တရာယ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတဲ့ ဒေသတွေကို ဦးစားပေးပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဦးစိုးအောင်က ပြော ပါတယ်။
ဘေးအန္တရာယ်တိုက်ရိုက်မထိခိုက်ပေမယ့် ထိုဒေသကို မှီခို ပြီး နေရတဲ့ ကျေးရွာတွေနဲ့ အိမ်ထောင်စုတွေအတွက်လည်း ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်မှာဖြစ်တယ်လို့ ဦးစိုး အောင်က ပြောပါတယ်။
”ဟားခါးမှာ ထိခိုက်တယ်။ တချို့ ရွာတွေမှာတော့ မထိ ခိုက်ဘူး။ ဒါပေမဲ့ ဟားခါးနဲ့ လမ်းတွေ ပြတ်သွားလို့ စီးပွားရေး စီးဆင်းမှု မရှိဘူးဆိုရင် သူတို့စီးပွားရေးလည်း ထိခိုက်သွားတာ ပေါ့”လို့ သူက ရှင်းပြပါတယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပြင် အိုးအိမ်တွေ ပြန်လည်တည်ထောင်ဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ် ရေ သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် လည်း လုပ်ဆောင်စရာတွေကို ဆက်လုပ်သွားမယ်လို့ ဦးစိုး အောင်က ဆိုပါတယ်။
”နောက် ထိခိုက်လွယ်တဲ့လူတွေ၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုတွေကိုလည်း လုပ်ပေးရ အုံးမှာ။ လူမှုကာကွယ်စောင့်ရှောက်ရေးအပိုင်းတွေ၊ နောက် သူ တို့ စိတ်ဓာတ်တွေ မကျအောင် မြှင့်တင်တာတွေလည်း လုပ်ပေးရ ဦးမှာ”လို့ ဦးစိုးအောင်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်း ကြိုင်ကတော့ အခုရေဘေးဟာ မြန်မာ့စီးပွားရေးကို ”စပါးတစ်နှံ ကို လက်နဲ့ ဆွဲပြီးသပ်လိုက်သလို ခြွေသွားတာ”လို့ တင်စားပြော ဆိုပါတယ်။
အဲဒါကြောင့် စနစ်တကျ ပြန်လည်ထူထောင်ရေးတွေ မလုပ်ရင် ပြည်တွင်းကုန်ဈေးနှုန်းတွေ ကျိန်းသေတက်လာမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအညွှန်းကိန်း မြင့်တက်လာ မယ်လို့ သူက ပြောပါတယ်။
Photo: Khin Maung Myint မြောက်ဦးမြို့နယ် စင်္ဘောကိုင်း ကျေးရွာမှ ပြိုကျနေသော မြစ်ကမ်းပါးတစ်နေရာ
ပြန်ထူကာလ ကြာမြင့်နိုင်
လူပေါင်းတစ်သိန်းလေးသောင်းကျော်လောက် သေကျေ ပျောက်ဆုံးခဲ့တဲ့ ၂ဝဝ၈၊ မေမှာ တိုက်ခတ်တဲ့ နာဂစ်မုန်တိုင်းတုန်း က မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့ ကိုပဲ ဆိုးဆိုးရွားရွား ထိခိုက်သွားတာဖြစ်ပါတယ်။ အခု ရေဘေးလောက် ထိခိုက်တဲ့ ဧရိယာ မကျယ်ပြန့်ပါဘူး။ ဒါ ပေမဲ့ မုန်တိုင်းတိုက်ပြီးတာ ခုနစ်နှစ်ကြာခဲ့ပြီ ဖြစ်တာတောင် နိုင်ငံတကာအဖွဲ့ အစည်းအချို့ဟာ အခုထိကူညီနေရတုန်းပဲလို့ OCHA ပြောခွင့်ရ ပုဂ္ဂိုလ် ပီးရားပီရွန်က ဆိုပါတယ်။
အခုရေဘေးက လူသေတာနည်းပေမယ့် ထိခိုက်တဲ့ဧရိယာ က ပိုပြီးကျယ်ပြန့်လို့ ရေရှည်ထူထောင်ရေးတွေလုပ်ဖို့ အဖွဲ့ အစည်းတွေဟာ ဧရိယာအကျယ်ကြီးမှာ လှုပ်ရှားကြရမှာ ဖြစ်တယ် လို့ သူကနှိုင်းယှဉ်ပြပါတယ်။ ဒီနေရာမှာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအတွက် ခေါင်းခဲစရာကိစ္စက နိုင်ငံတကာ အလှူ ငွေကိစ္စပါ။
ဒီကနေ့ နိုင်ငံတကာမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို လိုအပ်နေတဲ့နေရာအများအပြားရှိနေခြင်း ဟာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နိုင်တယ်လို့ OCHA အရာရှိက ဆိုပါတယ်။ ဆီးရီးယားနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေမှာ ဖြစ်နေတဲ့ အကျပ်အတည်းတွေနဲ့ နီပေါနိုင်ငံ ငလျင်ဘေးလွန်ကာလ ပြန် လည်တည်ဆောက်ရေးတွေကလည်း နိုင်ငံတကာ အလှူရှင်တွေ ရဲ့ အကူအညီတွေကို တောင်းခံနေကြပါတယ်။
”အဲဒီနိုင်ငံတွေမှာလည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပြဿ နာတွေရှိနေတော့ အဲဒီလိုအချိန်မျိုးမှာ နိုင်ငံ တကာရန်ပုံငွေရှာရတာက စိန်ခေါ်မှုပါ”လို့ ပီးရားပီရွန်က ဆိုပါတယ်။
”ဒါပေမဲ့ အာရှမှာ သဘာဝဘေးကြုံတွေ့နေရတာတွေကို ကူညီ်ပေးဖို့ အလှူရှင်တွေက ဦးစားပေးကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွက်ဆိုရင် အခုထိ တော်တော်ရက်ရောကြ ပါတယ်”
အဲဒီတော့ နိုင်ငံတကာမှာ အခြား လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ပြဿ နာတွေရှိနေပေမယ့် အလှူရှင် တွေက မြန်မာ့ရေဘေးကို ထောက်ပံ့ဖို့ စိတ်ဝင်စားကြလိမ့်မယ် လို့လည်း OCHA ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ရေဘေးသင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ် သက်ပြီးတော့ Action Aid Myanmar အစီအစဉ်မှူး သော်ဟစ် အိုင်ဘင်ဖာရစ် စိုးရိမ်နေတာ တစ်ခု ရှိပါသေးတယ်။ အဲဒီစိုးရိမ်မှု ကို သူက အခုလို ပြောပြပါတယ်။
”ရွေးကောက်ပွဲကလည်း နီးလာတော့ UN တို့၊INGO တို့ အဖွဲ့အစည်းတွေအားလုံးက ရွေးကောက်ပွဲကို အာရုံစိုက်ကြ မှာ ဖြစ်လို့ ဒီရေဘေးသင့်လူတွေကို ကူညီကာကွယ်တာတွေ လျော့သွားမှာစိုးတယ်” ။ ။ အပိုင်း(၁)သို့

