စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၁)

စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၁)

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဉာဏ်လင်း ရေးသည်။

မပီဝိုးဝါးနိုင်လှသော အနာဂတ်ကို လှမ်းကြည့်မိတိုင်း အသက် ၆၂ နှစ်အရွယ် ဒေါ်ဂျာတောင် စိတ်မော၊ လူမောဖြစ်ရသည်။ ရင်အေးစရာကား တစ်စက်ကလေး မှမရှိ။  ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သော ရွာကအိမ်ကလေး အကောင်းပကတိရှိမှ ရှိပါတော့မလား သောကပွားသည့်အခါ ပွားမိရဲ့။ ပိုင်ရှင် မကြည့်နိုင်တော့သော ရွာနား၊ ချောင်းနားက လယ်ခင်းယာခင်း များ ယခုချိန်ဆို ပျက်စီးကြရောပေါ့ဟု စိတ်ပူသည့်အခါ ပူမိရဲ့။

ပြီးတော့ တရုတ် – မြန်မာ နယ်စပ် တွင် အလုပ်လုပ်နေကြသည့် သမီးသုံး ယောက် အရေး။ သူတို့နှင့်လည်း အမြန် ဆုံး ပြန်ဆုံချင်သည်။ သို့သော် အမေနှင့် သမီးများကြား မှာ စစ်တပ်ကြီးနှစ်တပ်က ယခု အထိစစ်တိုက်၍ ကောင်းနေကြတုန်း။

ရင်လေးစရာ ထိုထိုအတွေးများကို အချိန်ပြည့် ခေါင်းထဲတွင်ထည့်လျက် ဒေါ်ဂျာတောင် အိပ်ရာဝင်သည်၊ အိပ်ရာ ထသည်၊ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ သည်မှာ တစ်နှစ်တောင် ကျော်ခဲ့ပေါ့။

သူနှင့် မြေးနှစ်ယောက် နားခိုရာ ဝိုင်းမော်မြို့ပေါ်က နှစ်ခြင်းဇုန်နယ် ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ ခပ် ဟောင်းဟောင်း သစ်သားခုံတန်းလေး ပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ရင်း”အမေတို့တစ်တွေမှာ တစ်ရက်ကလေးမှ စိတ်မချမ်းသာရပါဘူး။ စစ်ပွဲတွေကလည်း ဘယ်တော့ပြီးမယ်ဆိုတာ မသိရတော့”ဟု ဒေါ်ဂျာတောင်က ညည်းသည်။

”အမေတို့တစ်တွေရဲ့ ဘဝမှာ အေး အေးချမ်းချမ်းနေခဲ့ရတဲ့ အချိန်က မရှိသလောက်ပါပဲ”

ဘယ်အခါများမှ ငြိမ်းချမ်းရေး ရနိုင်ပါ့မလဲဆိုသည်ကို မဝံ့မရဲလှမ်းမျှော် ကြည့်ရင်း ဒေါ်ဂျာတောင်ကဲ့သို့ သောင်း ဂဏန်းချီသည့် စစ်ဘေးရှောင်ဒုက္ခသည် များမှာ သူတို့နောင်ရေး ရင်အလေးကြီး လေးနေကြသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်ခဲ့ပြီး ကာမှ ယမန်နှစ် ဇွန်လကစပြီး မြန်မာစစ်တပ်နှင့်ကချင်လွတ်မြောက်မှု တပ်မ တော် (Kachin Independence Army – KIA) တို့အကြား တိုက်ပွဲတွေပြန်ဖြစ် လာခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ခွဲ တောင် ရှိသွားခဲ့ပါပြီ။

မြန်မာပြည်မြောက်ပိုင်း ဤကချင် ပြည်နယ်တစ်ဝန်း သေနတ်သံတွေ တိတ် သွားဖို့၊ ဒေသခံတွေ၏ အသက်အိုးအိမ်ကို ငဲ့ကွက်ကြဖို့ တစ်နိုင်ငံလုံးက တောင်းဆို နေသည့်တိုင် ယနေ့အထိ သေနတ်သံများ ကို ကြားနေကြရဆဲ။

တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတချို့ကိုကြည့်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဦးသိန်းစိန်အစိုးရကို ချီးကျူးထောပနာပြုပြီး လက်ခုပ်သြဘာ သောသောညံအောင် ပေးနေကြချိန်မှာ ကချင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခ သည်များကတော့ သေနတ်သံတွေကြား၊ အမြောက်သံတွေကြားမှာ အထိတ်ထိတ် အပြာပြာဖြင့် ပုန်းရှောင်နေကြရဆဲ။ မသေချာ မရေရာသော ပစ္စုပ္ပန်ကို ဖြတ်သန်း နေကြရဆဲ။

စစ်ပွဲကာလ ရှည်ကြာလာသည်နှင့် အမျှ ဒုက္ခသည်ဦးရေလည်း တိုးပြီးရင်း တိုးလာနေသည်ဟု အကူအညီများ     ထောက်ပံ့ပေးနေသောလူမှုအဖွဲ့အစည်း များက ဆိုကြသည်။

ကချင် ဒေသခံလူမှုအဖွဲ့အစည်းများ ခန့်မှန်းကြသည်ကတော့ ဒုက္ခသည်ဦးရေ မှာ တစ်သိန်းဝန်းကျင်အထိပင် ရှိနိုင် သည်ဟု ဆိုသည်။ အချို့ဒုက္ခသည်များမှာ ကယ်ဆယ်ရေးစခန်းများသို့ မသွားကြဘဲ မြို့ပေါ်က သူတို့နှင့် ဆွေမျိုးတော်စပ်သူ များထံတွင် ခိုလှုံကြသည်များလည်းရှိ သည်ဟုဆိုသည်။ အချို့ကျတော့လည်း တောထဲတောင်ထဲတွင် ရှောင်တိမ်းသွား လာရင်း ရွှေ့ပြောင်းနေကြသည်များ လည်း ရှိသည်ဟုဆိုပါသည်။

(ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံး (OCHA) ကတော့စစ်ပြေးရှောင် ဒုက္ခသည် ဦးရေမှာ ၇၅,ဝဝဝ အထိရှိသည် ဟုဆိုသည်။ ယင်းတို့အနက်မှ ၃၉,ဝဝဝ ဝန်းကျင်သည် KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒုက္ခသည်စခန်း ၃၆ ခုနှင့် သစ်တောဧရိယာ နှစ်နေရာတို့တွင် ရှောင်တိမ်းနေကြပြီး ကျန် ၃၃,၃ဝဝ ကျော်တို့သည် မြန်မာအစိုးရ ထိန်းသိမ်း နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းပေါင်း ၁ဝ၆ ခုတို့တွင် ခိုလှုံနေကြသည်ဟုဆို ပါသည်။)

ရွေးကောက်ပွဲပြီး တက်လာသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များကို လုံးလုံး မခံစားရသေးသည့်အပြင် နေရပ်နှင့် အိုးအိမ်ကိုစွန့်ကာ အသက်လု ပြီး ရှောင်တိမ်း ထွက်ပြေးနေရသော ထို သောင်းဂဏန်းချီသည့် ဒုက္ခသည်များ၏ တစ်ခုတည်းသောဆန္ဒက သူတို့တစ်တွေ ကိုယ့်ရပ်ကိုယ့်ရွာကို အမြန်ဆုံးပြန်သွား နိုင်ကြရေးပဲဖြစ်ပါသည်။

Photo: Nyan Lynn  

မြစ်ကြီးနားမြို့ပေါ်ရှိ စီတာပူအသင်းတော်ဝင်းအတွင်းက ဒုက္ခသည်စခန်းမှ သားအမိ

ငြိမ်းချမ်းရေး အလှမ်းဝေးဆဲ

ဒေါ်ဂျာတောင်တို့မြေးအဘွားတွေ ခိုနားရာ ဒုက္ခသည်ဦးရေ ၄၂ဝ ဝန်းကျင်ရှိသည့် ကယ်ဆယ်ရေးစခန်း ဒုတိယတာဝန်ခံ    ဦးကျန်းဘောမ်ဆိုလျှင် သူကိုယ်တိုင် ၌မှာပင် အဖြေရှာမရဖြစ်နေသည့် မေးခွန်း တစ်ခုကို တစ်မေးတည်း အမေးခံနေရသည်။

စစ်ပြေးဒုက္ခသည်များ လာလာမေး ကြသည်က ”စစ်ပွဲတွေ ဘယ်တော့ပြီးမှာ လဲ။ သူတို့ ဘယ်တော့ အိမ်ပြန်နိုင်မှာလဲ”ဟူ၍။

”ဘယ်လိုပြန်ပြောရမလဲ၊ ကျွန် တော်တို့လည်း သိနိုင်တာမဟုတ်ဘူး လေ”ဟု ဦးကျန်းဘောမ်က စိတ်ရှုပ်ထွေး နေဟန်ဖြင့် ပြောပြသည်။

”စခန်းမှာက ဘယ်သူမှ တစ်ရက် ကလေးတောင် နေချင်ကြတာ မဟုတ် ဘူး၊ အခုပြန်လို့ရရင် ထပြန်ချင်နေကြတဲ့ သူတွေချည်းပဲ”

ထို့ကြောင့်လည်း သတင်းကောင်း ကြားရနိုး၊ ကြားရနိုးနှင့် အချိန်နှင့်အမျှ နားစွင့်လို့နေကြသည်။ အချိန်နှင့်အမျှ မေး မြန်းစူးစမ်းလို့နေကြသည်။

နေရပ်ကို ပြန်ချင်စိတ်ပြင်းပြင်းဖြင့် ဖမ်းလို့ရသမျှ ရေဒီယိုလိုင်းတွေကို လိုက်ဖမ်းကာ ဘာသတင်းထူးမလဲဆိုသည်ကို နားစွင့်သူများကလည်း စွင့်နေကြသည်။ ရရှိလာသည့် သတင်းများကို ဝေဖန်ဆန်း စစ်သူများကလည်း ဆန်းစစ်ကြသည်။

တေးသံသာများနှင့်အတူ စစ်ပွဲ အခြေအနေသတင်းများပါ လွင့်ပျံ့လာ တတ်သော (KIO ဌာနချုပ်မှ ထုတ်လွှင့် သည့်) လိုင်ဇာFM သည်လည်းဒုက္ခသည် များအားထားကာ နားဆင်နေရသည့် ရေဒီယိုလိုင်းများထဲတွင် ပါဝင်သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော အသက် ၆ဝ ကျော် ကချင်ဦးလေးကြီးတစ် ယောက်ဆိုလျှင် ဟောင်းနွမ်းပြီး သံချေး များတက်ကာ အင်တာနာတိုင်ပင် မရှိ တော့သည့် သူ၏တရုတ်ပြည်လုပ် Kachibo ရေဒီယိုလေးနှင့် အောက်တို ဘာလ၏ ညနေခင်းတစ်ခုတွင် ဟိုလိုင်း ဖမ်းလိုက်၊ ဒီလိုင်းဖမ်းလိုက်ဖြင့် အလုပ်ရှုပ် နေသည်။

မကြည်မလင် တရှီးရှီး၊ တရှဲရှဲ အသံ များကြားမှ တိုက်ပွဲသတင်း နားထောင်နေ ရင်း မျက်မှောင်ကြုတ်လိုက်၊ ခေါင်းခါ လိုက် လုပ်ဖြစ်နေသည်။

”ဘာမှတော့ မထူးသေးဘူး”ဟု ကချင်သံ ဝဲတဲတဲဖြင့် ၎င်းက ဆိုသည်။

အောက်တိုဘာလအတွင်း တရုတ် ပြည်၊ ရွှေလီမြို့တွင် ကျင်းပခဲ့သော ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကနေ သတင်း ကောင်းများ ကြားရလိမ့်မည်ဟု ဒေသခံ များ အမှန်ပင် မျှော်လင့်ခဲ့ကြပါသည်။ သို့သော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင် လောက်သော ရလဒ်တစ်စုံတစ်ရာ ပေါ် ထွက်မလာဘဲ ဆွေးနွေးပွဲမှာ မအောင် မမြင်နှင့် အဆုံးသတ်သွားခဲ့ပါသည်။

ယင်းဆွေးနွေးပွဲ၌ နိုင်ငံရေးအရ ဆွေးနွေးမှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ သလို စစ်ပွဲရပ်စဲရေးအတွက်လည်း မဆွေး နွေးနိုင်ခဲ့ပါ။ ဆွေးနွေးပွဲများ ဆက်လက်ပြု လုပ်သွားမည်ဟူ၍သာ နှစ်ဖက်စလုံးက မီဒီယာများသို့ ထုတ်ဖော်ပြောဆို ကြသည်။

”အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်း တာ မဟုတ်ဘဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ ထပ်တောင်း ဆိုပါတယ်” ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ပြောဆိုကြောင်း ဧရာဝတီသတင်းတစ်ပုဒ် က ကိုးကားဖော်ပြခဲ့သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကတော့ နိုင်ငံရေးဆွေးနွေးပွဲ များဖြစ်ထွန်းလာဖို့ ”ကတိပေး” သည်ဟု ဆိုသည်။

”KIO နဲ့ နောက်တစ်ကြိမ် ဆွေးနွေးတဲ့အခါ ပြည်တွင်းမှာပဲ တွေ့ချင် တယ်။ ဗန်းမော်သို့မဟုတ် မူဆယ်ကို KIO က ရွေးပေးပါ။ နောက်ထပ်လည်း တွေ့ချင် တယ်”ဟု၎င်းကပြောဆိုကြောင်း ဧရာဝတီက ကိုးကားဖော ်ပြပါသည်။

လူမှုအဖွဲ့အစည်းများ အင်မတန် စိုးရိမ်နေကြသည်မှာ စစ်ပွဲကာလ ကြာရှည်လေ စစ်ပြေးရှောင် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်း၊ လူမှုရေးရာ များနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အပေါ် ဆိုးဆိုးရွားရွား ထိခိုက်လေ ဖြစ်လာမည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။

ဒုက္ခသည်ဦးရေ ၇၅ဝ ကျော်ကို ကျွေးမွေးစောင့်ရှောက်နေရသည့် မြစ်ကြီးနားမြို့ပေါ်ရှိ အကြီးဆုံးဒုက္ခသည် စခန်း ဂျာမိုင်ကောင်းမှ တာဝန်ရှိသူများက လည်း ရေရှည်တွင် အစားအစာ လုံလုံ လောက်လောက် ထောက်ပံ့ပေးနိုင်မည်၊ မထောက်ပံ့ပေးနိုင်မည်ကို မှန်းဆမရဖြစ် နေကြသည်။

လောလောဆယ်အနေအထား တွင် စားရေးသောက်တာအဆင်ပြေနေ သေးသော်လည်း နောက်ပိုင်းကာလတွင် အခက်ကြုံလာနိုင်သည်ဟု အဆိုပါ စခန်း တာဝန်ခံ ဦးအောင်မြတ်ကဆိုသည်။

”ဒီအတိုင်းသာ စစ်ပွဲတွေဆက်ဖြစ် နေမယ်ဆိုရင်တော့ ဒုက္ခသည်တွေကို ရေရှည်ထောက်ပံ့ဖို့ဆိုတာ တော်တော် ခက်လာလိ့မ်မယ်၊ အလှူရှင်တွေဘက်က လည်း ရေရှည်မှာ ဆက်ပြီးလှူဒါန်းနိုင်ပါ့ မလားဆိုတာ စိုးရိမ်စရာပဲ”ဟု ၎င်းက ဆိုသည်။

Photo: Nyan Lynn

မြစ်ကြီးနားမြို့ပေါ်ရှိ ဂျာမိုင်ကောင်းဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပုံ

အကူအညီ ရရှိမှု မညီမျှ

ပြည်တွင်းပြည်ပ အလှူရှင်အများ အပြား လက်လှမ်းမီရာ မြန်မာအစိုးရထိန်း သိမ်းနယ်မြေအတွင်းက ဒုက္ခသည်စခန်း များအနေဖြင့် အစားအသောက်ရရှိရေး မှာ ကျပ်ကျပ်တည်းတည်းမရှိလှသေး သော်လည်း နိုင်ငံတကာအလှူရှင်များ အရောက် အပေါက် အင်မတန်နည်းသော KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခ သည် စခန်းများတွင်တော့ များမကြာမီ စားနပ်ရိက္ခာ အခက်ကြုံလာနိုင်စရာရှိ သည်ဟု လူမှုအဖွဲ့အစည်းများက မှန်းဆ ကြသည်။

အဆိုပါဒေသများ၌ လောလော ဆယ် အနေအထားတွင် စားနပ်ရိက္ခာ ပြတ်လပ်သည့်အဆင့် မဟုတ်သေးသော် လည်း နောက် နှစ်လ၊ သုံးလအတွက် စားနပ်ရိက္ခာလုံလုံလောက်လောက်ရရှိမည်၊ မရရှိမည်မှာ မခန့်မှန်းနိုင်ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ ရှစ်ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ကချင်အလင်း (Wun Pawng Ninghtoi – WPN) မှ တာဝန်ရှိသူက ဆိုသည်။

”ကူညီထောက်ပံ့နေတဲ့အဖွဲ့တွေက ဘယ်လောက်ကြာကြာ ကူညီနိုင်တယ် ဆိုတဲ့ ဘတ်ဂျက်အာမခံချက်မရှိကြဘူး”ဟု ယင်းအဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါ်မေလိအောင်က ပြောပြပါသည်။

စစ်ပွဲစဖြစ်ကတည်းက ယခုချိန် အထိ တိုးပြီးရင်း တိုးလာနေသော ဒုက္ခ သည်များအား ကူညီထောက်ပံ့ပေးနေရ သည်မှာ နိုင်ငံတကာအဖွဲ့အစည်းများ လောက် ရန်ပုံငွေတောင့်တောင့်တင်း တင်း မရှိသည့် ကချင် ဒေသခံလူမှုအဖွဲ့ အစည်းများအဖို့ မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေကြသည်။

ဒုက္ခသည် ခြောက်သောင်းဝန်း ကျင်ရှိသည်ဆိုသည့် KIA ထိန်းချုပ်နယ် မြေနှင့် တရုတ် – မြန်မာနယ်စပ်တစ် လျှောက်တို့တွင် စားနပ်ရိက္ခာနှင့် အခြား သောအကူအညီများ လိုအပ်နေသည်မှာ သိသာထင်ရှားလှသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ထောက်ပံ့ ပေးနိုင်မှုအနေအထားမှာ အတော်ပင် နည်းပါးကြောင်း ဒေသခံလူမှုအဖွဲ့ အစည်းများက ဝေဖန်ပြောဆိုကြသည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုး သမီးများအစည်းအရုံး (Kachin Women’s Association of Thailand- KWAT)က ပြုလုပ်ခဲ့သော စစ်တမ်း တစ်စောင်ကတော့ တရုတ် – မြန်မာနယ် စပ် တစ်လျှောက်နှင့်KIA ထိန်းချုပ်နယ် မြေအတွင်းရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များက လျစ်လျူရှုထားသည်ဟုပင် သုံးသပ်ထားသည်။

အောက်တိုဘာလထဲတွင် ထုတ် ပြန်ခဲ့သည့် ”နှိပ်စက်ခံရခြင်းမှသည် မဝ ရေစာဖြစ်ရခြင်းဆီသို့”အမည်ရှိ အဆိုပါ အစီရင်ခံစာ အဆိုအရ အထက်ပါ ဒေသ များရှိ ဒုက္ခသည် ခြောက်သောင်း အတွက် လိုအပ်သော  စားနပ်ရိက္ခာ၏ လေးရာခိုင်နှုန်း လောက်ကိုသာ ကုလသမဂ္ဂနှင့် နိုင်ငံတ ကာအဖွဲ့အစည်းများက ထောက်ပံ့ပေး နိုင်သည်ဟုဆိုသည်။

အဆိုပါဒေသများရှိ ဒုက္ခသည် စခန်းများအား စားနပ်ရိက္ခာ လုံလုံ လောက်လောက် ထောက်ပံ့ပေးနိုင်ရေး အတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းကုန်ကျသည်ဟု အထက်ပါ အစီရင်ခံစာကဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ပြော ကြသည်က ၎င်းတို့အနေနှင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ အရောက် အပေါက်နည်းရသည်မှာ လုံခြုံရေးအရစိတ်မချရခြင်းနှင့် အဟန့်အတားများရှိ နေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ဒုက္ခသည်စခန်းများအား အကူအညီများ ထောက်ပံ့ပေးရာတွင် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့မှု မရှိခြင်းသည်လည်း ကြီးမားသော အခက် အခဲများထဲမှ တစ်ခုဖြစ်သည်ဟု အဖွဲ့အစည်းများက ဆိုကြပါသည်။

စစ်ပွဲများမဖြစ်ခင် ယခင်ကတည်း က သွားရေးလာရေး ခက်ခဲသော ဒေသ များ၌ တိုက်ပွဲများဖြစ်ပွားသည့်အခါ လမ်းပန်းဆက်သွယ်ရေးမှာ အင်မတန် ခက်ခဲသွားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention-KBC)မှ ပြန်ကြားရေး အရာရှိ ဦးလမာယော်က ပြောပြသည်။

”သွားရေးလာရေးက ခက်တော့ ဆန်အိတ်တွေ အရောက်နောက်ကျရင် ဒုက္ခသည်တွေ စားရေး၊ သောက်တာ တော်တော် အခက်တွေ့ကြတယ်၊ ဆန် အရောက် နောက်ကျတော့ နည်းနည်း ကျန်တဲ့ ဆန်လေးတွေကို ဆန်ပြုတ်လုပ် သောက်ပြီး နေကြရတယ်”ဟု ရွှေကူ၊ ကသာဘက် ကွင်းဆင်းလေ့လာပြီး မြစ်ကြီးနားမြို့သို့ အပြန်လမ်းတွင် ဦးလ မာယော်က မော်ကွန်း သို့ ဖုန်းဖြင့် ပြောပြသည်။

အချို့ဒေသများတွင် မြန်မာစစ်တပ်က အကူအညီပေးနေသည့်အဖွဲ့များ အား ဝင်ခွင့်မပေးချင်သည့် အနေအထား များ ရှိကြောင်း မြန်မာအစိုးရထိန်းသိမ်း နယ်မြေနှင့်KIAထိန်းသိမ်းနယ်မြေနှစ်ခု စလုံးရှိ ဒုက္ခသည်စခန်းများကို တတ်စွမ်း သမျှအကူအညီများပေးနေသော KBC ပြန်ကြားရေးမှူး ဦးလမာယော်က ဆိုပါသည်။

“IDP (ပြည်တွင်း၌ပင် နေရပ်စွန့် ခွာရွှေ့ပြောင်းနေသူများ)တွေကို အကူအညီ ပေးနေတာကို သဘောထားကြီးကြီးနဲ့ အတားအဆီးတွေ မလုပ်သင့်ပါဘူး၊ နောက်ဆုံး ဘယ်ကို သွားထိလဲဆိုတော့ ပြည်သူတွေကိုပဲ သွားထိတယ်”

အလုပ်အကိုင်တွေက ရှား

စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာလည်း ထိခိုက်လာကြသည်။

အိုးပစ်၊ အိမ်ပစ်၊ လယ်ပစ်၊ ယာပစ် ထွက်ပြေးလာရသော ဒုက္ခသည်များ အထူးတလည် စိုးရိမ်နေကြသည့်အထဲ တွင် သူတို့၏ လယ်ယာ၊ ဥယျာဉ်တွေ အကောင်းပကတိရှိ၊ မရှိဟူသော အချက် လည်း ပါဝင်သည်။

နောက်ပိုင်းတွင် ချန်ထားခဲ့ရသည့် လယ်၊ ယာ၊ ဥယျာဉ်၊ ခြံမြေတွေကိုအန္တရာယ် များကြားမှ အရိပ်အခြည်ကို ကြည့်ပြီး ပြန်သွားကြည့်ရှုကြသည့် ယောက်ျား သားတချို့တော့ရှိသည်။ သို့သော် အများ စုက ပြန်သွားကြည့်ဖို့ကိုပင် စိတ်တောင် မကူးဝံ့ကြပါ။

အကြောင်းမူKIA နှင့် ပတ်သက် သည်ဟု သံသယရှိခံရလျှင် အချိန်မရွေး ဖမ်း ဆီးစစ်ဆေး၊ နှိပ်စက်ခံရမည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။

ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဒေါ်ဇိန်ထုံးထုကတော့ စစ်ပွဲ တွေ လုံးဝမရပ်မချင်း သူ့ခင်ပွန်းနှင့် သားများကို ယာတောထဲပြန်သွားပြီး အလုပ်လုပ်မှာကို လုံးဝခွင့်မပြုနိုင်ဟုဆိုသည်။ ထိုသို့ခွင့်မပြုနိုင်သည့်အကြောင်းလည်း သူ့မှာရှိနေသည်။

ယမန်နှစ် ခရစ္စမတ်ပွဲတော်အပြီး နောက်တစ်ရက်တွင် သူ့ခင်ပွန်း ဦးတိန်းဆောင်ကို မြန်မာစစ်တပ်ကKIA နှင့် အဆက်အသွယ်ရှိသည်ဟု သံသယဖြစ် ကာ ယာတောထဲမှာ ဖမ်းလိုက်ကြသည်။ အဖမ်းခံရချိန်တုန်းက ဦးတိန်းဆောင်နှင့် သားသုံးယောက်သည် ဝိုင်းမော်မြို့နယ်ထဲရှိ ၎င်းတို့၏ရွာဖြစ်သော မလန်းယန် ရွာတွင် မိသားစုနှင့်အတူ ခရစ္စမတ်ပွဲ တော် ကျင်းပအပြီး ယာတဲကို ပြန်ရောက် ခါစပဲရှိသေးသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က ၎င်းတို့ရွာအတွင်းနှင့်အပြင်တွင် တိုက်ပွဲ တွေဖြစ်နေချိန်နှင့် ကြုံကြိုက်နေသည်။ ခင်ပွန်းသည် အဖမ်းခံလိုက်ရသည့် သတင်းကြားရသော် လည်း ဒေါ်ဇိန်ထုံးထု ဘာမှ မတတ်နိုင်ရှာ။ တိုက်ပွဲတွေ ပြင်း ထန်လာပြီမို့ လသားအရွယ် ကလေးငယ် ကိုချီကာ ၁၅ နှစ်အရွယ်သမီးနှင့် အတူ မြို့ပေါ်ကို တက်ပြေးလာရသည်။ ယာတဲ မှာ ကျန်ရစ် ခဲ့သော သားသုံးယောက် (၈ နှစ်၊ ၁ဝ နှစ်၊ ၁၂ နှစ်) တို့ကိုလည်း သွားပြီး ခေါ်ချိန်မရ။

နောက်ဆုံးတော့ ဂျာမိုင်ကောင်းဒုက္ခ သည်စခန်းမှာ သားအမိသုံးယောက် ခိုလှုံ ရင်း ခင်ပွန်းသည်နှင့် သားသုံးယောက် သတင်းကို နားစွင့်နေကြရတော့သည်။ သည်လိုနှင့် သုံးလ လောက်အကြာတွင် သတင်းတစ်ခုကြားရသည်။ သူတို့ ရွာနား၌ ယောက်ျားသားအလောင်း ခြောက် လောင်းခန့် တွေ့ရသည်ဟူသည့် သတင်း ဖြစ်သည်။ အလောင်း တစ်လောင်းက ခေါင်းမပါတော့ဟုဆိုသည်။

ထိုအလောင်းများထဲမှ တစ် လောင်းမှာ ခင်ပွန်းသည်၏ အလောင်း ဖြစ်လိမ့်မည်ဟု မှန်းဆပြီး မျှော်လင့်ချက် မဲ့ပြီဟုဆိုကာ ဒေါ်ဇိန်ထုံးထု ဝမ်းနည်း ကြေကွဲရသည်။ ခရစ်ယာန်ဘာသာ ယုံကြည်မှုအရ သွားလေသူခင်ပွန်းသည် အတွက် စခန်းမှာဆုတောင်းပေးရုံ လောက်ပဲ ဒေါ်ဇိန်ထုံးထုအနေဖြင့် တတ် နိုင်တော့သည်။

ထိုသို့ဆုတောင်းပြီး တစ်လခန့် အကြာ တစ်နေ့တော့ စခန်းတာဝန်ခံက ဒေါ်ဇိန်ထုံးထုဆီကို ဖုန်းလာနေသည်ဟု လာပြောသည်။ ဖုန်းသွားကိုင်သည့်အခါ  တစ်ဘက်က သူ့နာမည်ကို လှမ်းခေါ်လိုက် သူက သူ့ခင်ပွန်း ဦးတိန်းဆောင်ဖြစ်နေ သည်။ ဒေါ်ဇိန်ထုံးထု ကိုယ့်နားကိုတောင် မယုံချင်။ ဦးတိန်းဆောင် ပြန်ပြောပြသည်က မြန်မာစစ်တပ်က သူ့ကို KIA အဖွဲ့ဝင် မဟုတ်ဘူးဆိုသည်ကို နောက်ဆုံး သိသွားသည့်အတွက် ပြန်လွှတ်ပေးလိုက် ခြင်း ဖြစ်သည်ဟုဆိုသည်။ ဒေါ်ဇိန်ထုံးထု ပျော်လိုက်သည်မှာတအား။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."