သဇင်လတ်
ရန်ကုန် – ၂၀၂၀၊အောက်တိုဘာ၅(မော်ကွန်း)
သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်တွင် သံဃာတော် ၅၆ ပါးနှင့် သီလရှင်တစ်ပါးတွင် COVID -19 ရောဂါပိုး ကူးစက်ခံထားရကြောင်း မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးနေဘုန်းလတ်က ပြောသည်။ ယင်းတို့အနက် သံဃာတော်၃၆ ပါးနှင့် သီလရှင်တစ်ပါးသည် ယနေ့အသစ်တွေ့ရှိသည့် လူနာများဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်ရှိ စွန်းလွန်းဂူကျောင်းတိုက်တွင် ယခုလ ၁ ရက်က ပိုးကူးစက်ခံရသည့် ကိုရင်တစ်ပါးနှင့် ထိတွေ့မှုရှိသူ သံဃာ ၁၉ ပါးကို စစ်ဆေးရာတွင် COVID -19 ရောဂါပိုးတွေ့ရပြီးနောက် ကျောင်းတိုက်ရှိ သံဃာတော်၊ သီလရှင်၊ ယောဂီ၀တ်နှင့်ကပ္ပိယ စုစုပေါင်း နှစ်ရာကျော်ကို ပိုးရှိ၊ မရှိစစ်ဆေးရာတွင် သံဃာတော် ၃၆ ပါးနှင့် သီလရှင်တစ်ပါးကို ရောဂါပိုး ကူးစက်နေကြောင်း ယနေ့တွင် ထပ်တိုးတွေ့ခဲ့သည်ဟု သူက ပြောသည်။
“ တချို့ကျောင်းတွေကျတော့လည်း အဲဒီလိုမျိုး ဆွမ်းကွမ်းလုံလောက်တဲ့အခါကျတော့ ကျောင်းထဲမှာပဲနေတယ်။ တချိုကျောင်းတွေကျတော့လည်းဆွမ်းခံထွက်ကြတာပေါ့။ အဲဒီတော့ဘယ်ကနေကူးတယ်ဆိုတာ ပြောရတော့ခက်တယ်။ ဒီကျောင်းက ဆွမ်းခံထွက်၊ မထွက်တော့ သေချာတော့မသိဘူး” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ကနဦးရောဂါပိုးစတင်ကူးစက်ခံရသည့် ကိုရင်တစ်ပါးနှင့် သံဃာတော် ၁၉ ပါးကို မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးသင်တန်းကျောင်းတွင် ကုသမှုပေးနေသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။ ကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းရေးအတွက် မြို့နယ် COVID -19 ကော်မတီမှ ဆန်ငါးအိတ်နှင့်ရိက္ခာများပံ့ပိုးပေးထားသည်ဟု သူကပြောသည်။
ရန်ကုန်တွင် သံဃာတော်များ ရောဂါကူးစက်ခံရမှုသည် ယခု စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်တွင် ၅၆ ပါး ၊ ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်တွင် ၇၆ ပါးနှင့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် ၃၆၅ ပါး၊ စုစုပေါင်း ၄၉၇ ပါးရှိ ပြီ ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သင်္ဃန်းကျွန်းမြို့နယ်သည် ရောဂါကူးစက်ခံရမှု မြင့်မားနေသည့် မြို့နယ် တစ်ခုဖြစ်ပြီး ပိုးကူးခံထားရသူ ၈၀၀ ကျော်ရှိနေသည်။ အောက်တိုဘာ ၄ ရက်အထိ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူ ၁၇,၇၉၄ ဦးရှိနေပြီး၊ သေဆုံးသူ ၄၁၂ ဦးနှင့် ပြန်လည်သက်သာလာသူ ၅,၁၉၅ ဦးရှိနေပြီဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်
Photo – Nay P Latt
#Dailynews

