ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာသုံးရွာကို စစ်ကောင်စီလေတပ်က မနေ့က ညနေပိုင်းက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကို ပြောပါတယ်။
“မော်တုံရွာ အနောက်ကိုပစ်တာက ဈေးဆိုင်တစ်ဆိုင်မီးလောင်ပြာကျပြီး ဆိုင်ရှင်အမျိုးသမီးတစ်ယောက် သေသွားတယ်။ ပေပင်ချောင်ရွာက အမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာရတယ်။ ညနေထပ်ပစ်တာက ဝေသော်နဲ့ပေပင်ချောင်ရွာချင်းဆက်လမ်းပေါ်ကိုပစ်တာ။ ကားတစ်စီးမှန်ပြီး ကားဆရာလည်း ဒဏ်ရာရသွားတယ်” လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေဟာ တန့်ဆည်-ပင်လည်ဘူးကားလမ်းအနီးက ဝေသော်၊ ပေပင်ချောင်နဲ့ မော်တုံရွာတွေဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဈေးဆိုင်တစ်ဆိုင်နဲ့ ကားတစ်စီးလည်းပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
“မော်တုံရွာအနောက်ဘက်၊ ပေပင်ချောင်ရွာနဲ့ ဝေသော်ရွာကြား(တိုက်ခိုက်ခံရတာ)ပါဗျ။ ဘာတိုက်ပွဲမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် ဝေသော်၊ ပေပင်ချောင်၊ မော်တုံ၊ သက္ကယ်ကျင်း၊ ညောင်ပင်စတဲ့ရွာတွေက ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီလေတပ်ဟာ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေထဲမှာ ၁၅ ရက်အတွင်း သင်တော၊ ဇော်ချောင်း၊ ညောင်တုန်း၊ ပင့်သာ၊ မကျီးကုန်းနဲ့ ဇီးကုန်းရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတချို့နဲ့ လူနေအိမ်တွေပျက်စီးခဲ့သလို ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က စုဆောင်းထားတဲ့ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်မှုစာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၆၀၀ ကျော်ပြုလုပ်ခဲ့သလို အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား တစ်ထောင်နီးပါးသေဆုံးခဲ့တယ်လို့ အခုလ ၉ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ-အခုလ ၁ ရက်က စစ်ကောင်စီလေတပ်က ဗုံးကြဲလို့ ပျက်စီးသွားတဲ့ ကန့်ဘလူနယ်ထဲက ဘုန်းကြီးကျောင်းတစ်ခု။
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

