အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာက လူနေအိမ်တွေကို ဒီကနေ့ညနေပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေ ၅:၃၀ လောက်က စစ်ကောင်စီတပ်တွေဟာ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ရွာက နေအိမ်တစ်လုံးကို ဝင်ရောက်မွှေနှောက်ပြီး စတင်မီးရှို့လိုက်တာလို့ ဒေသခံတွေကဆိုပါတယ်။
မီးရှို့ဖျက်ဆီးနေချိန် သေနတ်တွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
နောင်ကြီးအိုင်ကျေးရွာဟာ အရာတော်မြို့နယ်တွင်း အချက်အခြာကျတဲ့ လမ်းမတစ်ခုဖြစ်ပြီး စစ်ကောင်စီကားတွေ မကြာခဏ မိုင်းဆွဲခံရတာကြောင့် နောင်ကြီးအိုင်ကျေးရွာအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
မနေ့ကလည်း နောင်ကြီးအိုင်ရွာအနီး မုံရွာ – နောင်ကြီးအိုင် – ရွှေဘိုကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဖြတ်သန်း သွားလာခဲ့တဲ့ ကားတချို့ထိခိုက်ခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီကားတစ်စီးလည်း မိုင်းဆွဲခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့များ ဒဏ်ရာရရှိသွားခဲ့ကာ ယနေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေကပြောပါတယ်။
ဓါတ်ပုံ-အရာတော်သတင်းမှန်ပြန်ကြားရေး
#Dailynews

