ကော့ကရိတ် – ၂၀၂၅ မေ ၁၄ (မော်ကွန်း)
ကော့ကရိတ်မြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီနေ့တိုက်ပွဲတွေဖြစ်နေပြီး နံနက်ပိုင်းမှာ Y-12 လေယာဉ်နဲ့ပါ ဗုံးတွေလာကြဲချခဲ့တယ်လို့ စစ်မြေပြင်မှာ ရောက်နေတဲ့ သတင်းရင်းမြစ်ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းက ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေ ထပ်မံပို့လွှတ်ခဲ့ကာ ထောင်နဲ့ချီတဲ့ အင်အားရှိတယ်လို့ စစ်မြေပြင်သတင်းမြစ်တွေဆီက သိရပါတယ်။
ဧပြီလထဲမှာတော့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေလဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ငြိမ်သွားပါတယ်။
စစ်ကောင်စီဘက်က နောက်ကို ပြန်ဆုတ်သွားပြီလို့ သတင်းလွှင့်ထားပြီး မတိုက်ဘဲ ငြိမ်နေပေမယ့် ပုံစံတမျိုးကြံစည်နေတာဖြစ်နိုင်တယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ခုလတ်တလောမှာတော့ ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး “နှစ်ရက်လောက်ရှိပြီ၊ ည ၁၂း၀၀ နာရီကျော်လည်းပစ်၊ နံနက် ၅း၀၀ လောက်ဆိုလည်းစပစ်နဲ့”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒီနေ့ နံနက် ၁၀:၀၀ ဝန်းကျင် Y-12 လေယာဉ်နဲ့ ဗုံး ခုနစ်လုံးကြဲချသွားတဲ့နေရာကတော့ ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာအနီးဖြစ်ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့သတင်းတော့ မသိရှိရသေးဘဲ လက်ရှိမှာ စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ဒီနေ့ နံနက်အစောပိုင်းကတည်းက စစ်ကောင်စီဟာ လက်နက်ကြီးတွေနဲ့လည််း ဆက်တိုက်ပစ်ခတ်နေတယ်လို့သိရပါတယ်။
လက်ရှိ ကေအဲန်ယူ တပ်မဟာ ၆ နဲ့ ၇ ကြားက အာရှလမ်းပေါ်မှာ ကျုံဒိုးမြို့နယ်ကစလို့ မွန်တော်လှန်ရေးတပ်တွေရှိနေပြီး ကော့ကရိတ် – သင်္ကန်းညီနောင်မှာတော့ ကေအဲန်ယူလက်အောက်ခံ KNDO ၊ KNLA တပ်ရင်းတွေ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေ၊ NUG အဖွဲ့လက်အောက်ခံ PDF တပ်ဖွဲ့တွေဟာ စစ်ကောင်စီကို ပိတ်ဆို့ထားတာဖြစ်ပါတယ်။
မေလအတွင်းမှာ ကော်သူးလေနယ်မြေတွေထဲက ပုံမှန် တိုက်ပွဲဖြစ်ပွားမှုနည်းခဲ့တဲ့ တပ်မဟာ ၇နဲ့ တပ်မဟာ ၄ နယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီဘက်က ရွှေကျင်၊ ပိုင်ကျုံ၊ ထီးခီးစတဲ့ ဒေသတွေက သက်တမ်းရှည်စစ်စခန်းတွေလည်း ကျသွားခဲ့ပါတယ်။
ပုံစာ – ကော့ကရိတ်စစ်မြေပြင်တစ်နေရာ (ပုံဟောင်း)
ဓါတ်ပုံ – Klo FM

