လူထုတ် သက်ရှိစက်ရုပ်ဘဝများ

လူထုတ် သက်ရှိစက်ရုပ်ဘဝများ

ဓာတ်ပုံ-ဘောက်ဆန်

မခေါန်နန်(အမည်လွှဲ) ရီဝေလေးလံနေတဲ့ မျက်လုံးကို အားယူဖွင့် ကြည့်လိုက်တော့ သူ့မျက်နှာအနီးမှာ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုး သားတစ်ယောက်ရဲ့ မျက်နှာကို တွေ့လိုက်ရတယ်။ အဲဒီလူဟာ သူ့ဆီက ကာမကို စိတ်တိုင်းကျ စားသုံးနေတာပါ။

မခေါန်နန်ဟာ ကြောက်ရွံ့စိတ်နဲ့ ရုန်းကန်ဖို့ ကြိုးစားကြည့် ပေမယ့် သူ့ခန္ဓာကိုယ်ပေါ်ကနေ အတင်းဖိထားတာကြောင့် တုတ် တုတ်မှ လှုပ်မရပါဘူး။ ခေါင်းကိုလှုပ်ယမ်းပြီး စူးစူးဝါးဝါးအော်ဟစ် လိုက်တဲ့အခါမှာတော့ သူ့မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံ လိုက်ရတာကြောင့် နောက်တစ်ခါ သတိထပ်လစ်သွားပြန်ပါ တယ်။ အလင်းရောင်ဖျော့ဖျော့အခန်းထဲမှာ သတိလစ်နေပြီး လိင်ဆက်ဆံခံနေရတာဟာ လေးရက်ကြာခဲ့တယ်လို့ သူ သတိ ပြန်ရလာပြီးတဲ့အခါ တခြားသူတွေ ပြန်ပြောပြမှ သိခဲ့ရတယ်လို့ မခေါန်နန်က ပြောပြပါတယ်။

သူသတိကောင်းကောင်းပြန်ရလာတဲ့အချိန်မှာ အိမ်ပြန်ဖို့ တောင်းဆိုခဲ့ပေမယ့် သူပြောတဲ့ ဂျိန်းဖောဘာသာစကားကို နား မလည်ကြ။ သူဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းခရိုင်ရဲ့ အတွင်းပိုင်း ရေခဲဖုံးလွှမ်းတဲ့ တုံးချွမ်းကျေးရွာက တရုတ်နိုင်ငံ သားတစ်ဦးရဲ့ နေအိမ်ကို ရောက်နေခဲ့တာပါ။

နောက်ပိုင်းမှာသူသိလိုက်ရတာက သူရောက်ရှိခဲ့တဲ့အိမ်က မိသားစုဟာ သူ့ကို တရုတ်ယွမ်ငွေ ခြောက်သောင်း (အဲဒီအချိန် က မြန်မာငွေသိန်းတစ်ရာကျော်) နဲ့  လူကုန်ကူးတဲ့သူတွေဆီက ဝယ်ယူခဲ့တာပါ။ သူ့ကိုဝယ်ယူခဲ့တဲ့ အကြောင်းက ကလေးမွေးခိုင်း ဖို့ ဖြစ်တယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူဟာ ဆွံ့အသွားခဲ့ပါတယ်။

သူနဲ့အတူတူပါလာတဲ့ တစ်နှစ်ကျော်အရွယ်သားလေး ကိုလည်း မတွေ့ရတာကြောင့် ”သားလေးရှိမှရှိသေးရဲ့လားလို့ စိတ်ပူသွားတယ်”လို့ သူက ပြောတယ်။ ကလေးကိုတော့ အိမ်ရှင် တွေက သူနဲ့ ရက်အတော်ကြာ ပေးမတွေ့ဘဲ သပ်သပ်ခွဲထားခဲ့ တာပါ။

မြန်မာနိုင်ငံကအမျိုးသမီးတချို့ဟာ မခေါန်နန်ကြုံတွေ့ရ သလို တရုတ်နိုင်ငံဘက်မှာ အတင်းအဓမ္မလက်ထပ်ဖို့ ရောင်းစား ခံနေရပြီး လူကုန်ကူးခံနေရတဲ့ ဦးရေဟာလည်း နှစ်စဉ်မြင့်တက် နေတယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေး အဖွဲ့တွေက ဆိုပါတယ်။ လိင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အရောင်း စားခံကြရတာလည်းရှိတယ်လို့ အဆိုပါအဖွဲ့တွေက ဆိုပါတယ်။

ကချင်ပြည်နယ် လိုင်ဇာအခြေစိုက် ကချင်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြူးရှရီ အဖွဲ့ရဲ့ စာရင်းတွေမှာတော့ ၂ဝ၁၁ အတွင်းမှာ တိုင်ကြားမှု ၆၈ မှုလက်ခံရရှိခဲ့ပြီး ၂ဝ၁၆ မှာတော့ အမှုပေါင်းလေးရာကျော်ထိရှိလာတာတွေ့ရပါတယ်။ ဒီအထဲက တိုင်ကြားမှု တစ်ဝက်ခန့်က တော့ မြစ်ကြီးနားဒေသတစ်ဝိုက်က ဖြစ်ပါတယ်။

အစိုးရရဲ့တရားဝင်စာရင်းတွေမှာတော့ လူကုန်ကူးခံရတဲ့ စာရင်းတွေကို ဖော်ပြထားခြင်းမရှိဘဲ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ အမှုတွေကိုသာ မှတ်တမ်းတင်ထားတာ တွေ့ရတယ်။ အစိုးရရဲ့ စာရင်းတွေအရ ၂ဝဝ၆ ကနေ ၂ဝ၁၅ ထိ ဖော်ထုတ် အရေးယူနိုင်ခဲ့ တဲ့ လူကုန်ကူးမှုအရေတွက် ၁,၂၅၃ မှုနဲ့ လူကုန်ကူးခံရသူ ၃,၁၈၆ ဦးရှိတယ်လို့ အစိုးရရဲ့ တရားဝင်စာရင်းတွေက ဖော်ပြပါတယ်။ ကုန်ကူးခံရသူတွေမှာ အမျိုးသမီးတွေအများဆုံးဖြစ်ပြီး ၂,၆ဝ၉ ဦး ပါဝင်ပါတယ်။

တရုတ်နိုင်ငံကို လူကုန်ကူးတာဟာ အများဆုံးဖြစ်ပြီး အမှု ပေါင်း ၈၉ဝ ရှိပါတယ်။ ထိုင်းနိုင်ငံက ၁၅၅ မှုနဲ့ မလေးရှားနိုင်ငံက ၂၄ မှုရှိပြီး အင်ဒိုနီးရှားနဲ့ စင်ကာပူမှာတော့ တစ်မှုစီသာ ရှိတာ တွေ့ရပါတယ်။ အဓမ္မလက်ထပ်ခိုင်းတာက ၈ဝ၁ မှုရှိပြီး အများ ဆုံးဖြစ်ပါတယ်။ လိင်လုပ်သားအဖြစ်ကတော့ ၂၂ဝ မှုနဲ့ အဓမ္မ ခိုင်းစေခံရတာကတော့ ၁၈၈ မှုရှိပါတယ်။

ဒေသတွင်းမှာ စစ်ဘေးသင့်နေတာကြောင့် အလုပ်အကိုင် ရှားပါးပြီး အသက်ရှင်ရပ်တည်မှုအတွက် ရေကြည်ရာမြက်နုရာ ရှာဖွေရင်း လူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်သွားရတာလို့ လူကုန်ကူးမှုကို တားဆီးနေသူတွေက ပြောကြပါတယ်။

”ကိုယ့်နိုင်ငံက နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း မရှာပေးနိုင်တော့ ဒီအတိုင်းထိုင်ပြီး အငတ်ခံနေလို့ မှ မရတာ။ နောက်တစ်ခုက စစ်ပွဲတွေ၊ ဒါတွေရှိနေသရွေ့ကတော့ ကျွန်တော်တို့ ဘယ်လောက်ပညာပေးပေး ကောင်းကောင်း မအိပ်ရ၊ ဗိုက်မဝရင် အပြင်ထွက်ဖို့ အားသန်နေဦးမှာပဲ”လို့ လွယ်ဂျယ်မြို့ နယ်စပ်ဆက်ဆံရေးရုံးနဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့အရာရှိ ဒုရဲမှူးအောင်လှိုင်က ပြောပါတယ်။

လွယ်ဂျယ်မြို့နယ်စပ်ဂိတ်အနီး ။    ဓာတ်ပုံ-ဘောက်ဆန်

အလုပ်ရှာရင်း လူကုန်ကူးခံရ

မခေါန်နန်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကပါ။ သူဟာ ရှမ်းပြည် မြောက်ပိုင်း ကချင်ပြည် နယ် နယ်စပ်ရွာလေးတစ်ရွာက ကချင်အမျိုးသားတစ်ဦးနဲ့ လက် ထပ်ခဲ့ပါတယ်။ သားလေးတစ်ယောက် မွေးဖွားခဲ့ပြီး မကြာခင်ပဲ သူတို့နေတဲ့ဒေသမှာ စစ်ပွဲတွေဖြစ်လာပါတယ်။ မငြိမ်းချမ်းတဲ့ ဒေသမှာ စစ်ရှောင်စခန်းတစ်ခုကနေတစ်ခုကို ပြေးရင်းလွှားရင်း သူ့အမျိုးသားဟာ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်ရင်း ရှေ့ရေးကိုတွေးပြီး တရုတ် နိုင်ငံမှာ အလုပ်လုပ်ဖို့  လူတစ်ယောက်ရဲ့ ချိတ်ဆက်မှုနဲ့ တစ်နှစ်ကျော်အရွယ်သားငယ်လေးနဲ့အတူ ထွက်လာခဲ့တာပါ။ တရုတ် နိုင်ငံဘက် ရောက်သွားတဲ့ အခါမှာ အလုပ်ရှင်ကတိုက်တဲ့ အချို ရည်ကို သောက်ပြီးတဲ့နောက်ပိုင်း သတိလစ်သွားပါတယ်။ သူ သတိရလာချိန်မှာတော့ သူဟာ အမျိုးသားတစ်ဦးရဲ့ အလိုမတူဘဲ အဓမ္မပြုကျင့်ခံနေရတာပဲ ဖြစ်ပါတယ်။

”အတူခရီးထွက်လာတဲ့ မိန်းကလေးတွေ ဘယ်ရောက်နေ တယ်ဆိုတာကိုတော့ မသိရဘူး”လို့ တရုတ်ပြည်ဘက်မှာ အရောင်းစားခံခဲ့ရတဲ့ဖြစ်စဉ်ကို အသက် ၃၄ နှစ်အရွယ် မခေါန် နန်က ပြန်ပြောပြပါတယ်။ သူနဲ့အတူတူ မိန်းကလေးအချို့လည်း ပါဝင်ခဲ့ပြီး ဘယ်နှယောက်ရှိမှန်း မမှတ်မိတော့ဘူးလို့ သူက ဆိုပါတယ်။

လူကုန်ကူးတဲ့သူတွေဟာ မခေါန်နန်တို့ကို လုံခြုံရေးမရှိတဲ့ နယ်စပ်လမ်းတွေကတစ်ဆင့် တရုတ်နိုင်ငံထုတ် လိုင်စင်မဲ့ကား တွေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ခေါ်ဆောင်သွားခဲ့တာပါ။ တရုတ် နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တာ မိုင်ရာချီရှိပေမယ့် မြန်မာအစိုးရ ဘက်က နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်ပြုတဲ့ဂိတ်က ကချင်ပြည် နယ်မှာ ကန်ပိုက်တီးနဲ့ လွယ်ဂျယ် နှစ်ခုပဲ ရှိပါတယ်။ တရုတ်နိုင်ငံ ကတော့ ဂိတ်လေးခုနဲ့အထက် ထားရှိပါတယ်။

ဒါကြောင့်မို့လို့ နယ်စပ်ဂိတ်နေရာရဲ့ ဘေးဘက် ပေတစ်ရာ ခန့်အကွာကနေစပြီး မြန်မာနဲ့တရုတ်နိုင်ငံသားတွေဟာ နယ်စပ် ဖြတ်ကျော်တာကို အလွယ်တကူ လုပ်ဆောင်နေကြပါတယ်။ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွေထိ ဒီလိုကူးသန်းခွင့်ရဖို့ဆိုတာ တရုတ်အစိုးရလက်မခံတာထက် တရုတ်နိုင်ငံသားတွေ ကိုယ် တိုင်က နှစ်လိုခြင်း မရှိပါဘူး။ သူတို့ စိုက်ခင်းတွေအတွက် အလုပ် သမားလိုအပ်ချိန်ကလွဲရင် မြန်မာနိုင်ငံသားတွေ နယ်စပ်ချောင်း ဒါမှမဟုတ် လမ်းလေးပဲ ဖြစ်ဖြစ် ဖြတ်ကျော်လာရင်တောင် မနှစ် သက်ခဲ့ကြပါဘူး။

ဒါပေမဲ့ တရုတ်ရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကြောင့် တရုတ်လူမျိုးတွေဟာ မိသားစုမျိုးဆက်ရဖို့ သား ယောကျ်ားလေးကိုပဲ အဓိကထားမွေးလာကြတဲ့နောက်မှာ လက် ထပ်ဖို့ တရုတ်အမျိုးသမီးတွေ ရှားပါးလာခဲ့ပြီး လက်ထပ်မယ်ဆို ရင် ငွေကြေးအမြောက်အမြားတင်တောင်းလာရပါတော့တယ်။

တရုတ်နိုင်ငံထဲမှာ သတို့သမီးရှားပါးလာတာနဲ့အမျှ မြန်မာ နယ်စပ်က အမျိုးသမီးလေးတွေကို ဝယ်ယူတဲ့ဈေးကွက်ဟာ တဖြည်းဖြည်း တွင်ကျယ်လာပါတယ်။ မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံရဲ့ ကျေးလက်နေ အမျိုးသားတွေအတွက် မျိုး ဆက်ပြန့်ပွားပေးဖို့ အနည်းဆုံး ယွမ် ၃,ဝဝဝ ကနေ အများဆုံး ယွမ် ၉ဝ,ဝဝဝ အထိ (မြန်မာငွေကျပ် ငါးသိန်းဝန်းကျင်ကနေ သိန်းတစ်ရာ့ခုနစ်ဆယ်ဝန်းကျင်) နဲ့ လူကုန်ကူးသူတွေက ရောင်း ချနေပါတယ်။

အထူးသဖြင့် ၂ဝ၁၁  နောက်ပိုင်း စစ်ပွဲတွေကိုတိမ်းရှောင် ရင်း တရုတ်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေတဲ့ အမျိုး သမီးတွေ များလာပါတယ်။ ဒီအမျိုးသမီးတွေရဲ့  ၉ဝ ရာခိုင်နှုန်း ကျော်ဟာ ရောင်းစားခံရတာဖြစ်ပြီး အဲဒီအထဲက ၆ဝ ရာခိုင်နှုန်း ကတော့ ကလေးမွေးပေးဖို့ဖြစ်တယ်လို့ လူကုန်ကူးတားဆီးရေး အဖွဲ့တွေက ဆိုကြပါတယ်။

၂ဝ ရာခိုင်နှုန်းကတော့ လိင်လုပ်သားအဖြစ် ရောင်းစားခံ နေရတာဖြစ်ပြီး ၁၅ ရာခိုင်နှုန်း ကတော့ ယူနန်ပြည်နယ်အတွင်းက လုပ်ငန်းခွင်တွေနဲ့ တရုတ်ပြည်ရဲ့ အရှေ့မြောက်ဘက်က ပင်လယ် ဆိပ်ကမ်းစက်မှုမြို့ဖြစ်တဲ့ ရှန်းတုန်းမြို့ကို ရောင်းချခံနေရတယ် လို့  မြူးရှရီအဖွဲ့ရဲ့  ၂ဝ၁၄ နဲ့ ၂ဝ၁၆ ထုတ်စစ်တမ်းတွေက ဆိုပါ တယ်။ ကျန်တဲ့ ငါးရာခိုင်နှုန်းကတော့ လုပ်ငန်းခွင်တွေထဲကို ရောင်းစားခံရပေမယ့် လုပ်အားခရတယ်လို့ ဆိုကြပါတယ်။

၂ဝ၁၆ သြဂုတ်လမှာကျင်းပခဲ့တဲ့ ၂၁ ရာစု ဒုတိယပင်လုံ ညီလာခံရဲ့နောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ် လာတဲ့အခါ KIO ထိန်းချုပ်နယ်မြေတွေထဲကို လူကုန်ကူးတဲ့သူ တွေ ဝင်ရခက်သွားတာကြောင့်  မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်က အမျိုးသမီးတွေကို ဦးတည်လာတယ်လို့ မြူးရှရီအဖွဲ့ရဲ့ စစ်တမ်းက ဆိုပါတယ်။

မြူးရှရီကို အစိုးရကအသိမှတ်မပြုတာကြောင့်   လှုပ်ရှား သွားလာနိုင်တဲ့ နယ်မြေဟာ လိုင်ဇာနဲ့ မိုင်ဂျာယန်တစ်လျှောက် က ဒေသတွေပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကချင်တစ်ပြည်နယ်လုံးက လူကုန်ကူးခံရတယ်လို့ သံသယရှိပြီး ဖုန်းဆက်တိုင်ကြားတဲ့ အမှု ဟာ တစ်နေ့ကို ဆယ်ဦးနဲ့အထက်ရှိနေတယ်လို့ မြူးရှရီက လူကုန် ကူးတားဆီးကူညီရေး လုပ်ဆောင်ပေးနေသူတွေက ပြောကြ ပါတယ်။

ပြန်လည်လွတ်မြောက်လာသည့် မခေါန်နန်တို့သားအမိ ။      ဓာတ်ပုံ-ဘောက်ဆန်

ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ

ရောင်းချခံရသူအမျိုးသမီးတွေဟာ တရုတ်ပြည်ဘက်ကို ရောက်သွားရင် ဘာသာစကားအခက်ခဲကြောင့် အကူအညီ တောင်းရခက်ခဲသလို ငွေပေးပြီး ဝယ်ခံထားရတာကြောင့်လည်း ဝယ်သူတွေက ပြန်မလွှတ်ကြပါဘူး။

မခေါန်နန်က သူ့အနေနဲ့ တရုတ်နိုင်ငံမှာ အလုပ်လာလုပ် တာ ဖြစ်ပြီး မိမိကိုယ်ကိုယ် ရောင်းစားခဲ့ခြင်းမရှိဘူးလို့ ရှင်းပြ ပေမယ့် ဝယ်ယူထားတဲ့ မိသားစုရဲ့ သားဖြစ်သူက မျိုးဆက်ရဖို့ နေ့စဉ်နဲ့အမျှ အဓမ္မလိင်ဆက်ဆံခဲ့ပါတယ်။ ခြောက်လခန့်အထိ နေအိမ်ထဲက အပြင်ထွက်ခွင့်မရခဲ့ပါဘူး။ ဒီနောက်မှာတော့ သူက ဒီလိုဘဝနဲ့မနေနိုင်ကြောင်းနဲ့ အကြွေးဆပ်မယ်လို့ ပြောခဲ့တဲ့ အတွက် တောင်ပေါ်ဂျင်ဆင်းနဲ့ အခြားဆေးမြစ်စိုက်ခင်းတွေမှာ အလုပ်လုပ်ခဲ့ရပေမယ့် ငွေတစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး။

အဲဒီကာလတွေမှာ သူဟာ မြန်မာပြည်တွင်းက ပါသွားတဲ့ သူ့သားလေးနဲ့ တစ်နေ့ကို တစ်နာရီခန့်ပဲ တွေ့ ခွင့်ရခဲ့ပါတယ်။ စိုက်ခင်းအလုပ်တွေက ပြန်လာချိန် သားကို ပွေ့ချီချင်ခဲ့ပေမယ့် မိသားစုဝင်တွေက ခွင့်မပေးခဲ့ပါဘူး။ သားဖြစ်သူ နေမကောင်း တဲ့အချိန် အတူအိပ်စက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တရုတ် အမျိုး သားက ရိုက်နှက်ပြီး သူ့ရဲ့လိင်အလိုဆန္ဒကိုပဲ ဖြည့်ဆည်းပေး နေရတယ်လို့ မခေါန်နန်က ဆိုပါတယ်။  ကိုယ်ဝန်ရှိစဉ်ကာလနဲ့ မွေးဖွားဖို့ တစ်လအလိုအထိ တရုတ်အမျိုးသားဟာ လိင်ဆက် ဆံခဲ့တယ်လို့  မခေါန်နန်က ပြောပြတယ်။

ဒီလိုနဲ့ နှစ်နှစ်နဲ့ နှစ်လပြည့်တဲ့ ၂ဝ၁၇ တရုတ်နှစ်သစ်ကူး ကာလမတိုင်ခင်မှာတော့ သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့ ပါတယ်။ သမီးကလေးမမွေးခင် တစ်ပတ်အလိုအထိ စိုက်ခင်းတွေ မှာ အလုပ်လုပ်ကိုင်ပေးခဲ့ရပါတယ်။ မွေးဖွားတဲ့နေ့ကစပြီး သမီး ငယ်ကို နို့တိုက်ခွင့်မပြုခဲ့တဲ့အပြင် နို့တိုက်ဖို့ ကြိုးစားမိတဲ့အတွက် ယောက္ခမဖြစ်သူရဲ့ ရိုက်နှက်တာကို ခံခဲ့ရတာကြောင့် ဘယ်ဘက် လက်ဆစ်တွေဟာ တွန့်လိမ်ကောက်ကွေးနေပါတယ်။

ကလေးကိုနို့တိုက်လို့ အမျိုးသမီးအလှအပတွေ ပျက်သွား တဲ့အခါ နောက်တစ်ယောက်လက်ထဲပြန်ရောင်းလို့မရမှာ စိုးတာ ကြောင့် နို့တိုက်ခွင့်မပေးတာလို့ လူကုန်ကူးခံခဲ့ရတဲ့ အခြားအမျိုး သမီးတွေက ရှင်းပြကြပါတယ်။

”သူ့ထက်ဆိုးတာက ကလေးတစ်ယောက်မွေးပြီးတိုင်း နောက်တစ်အိမ်ရောင်းခံရတဲ့ အမျိုးသမီးတွေ အများကြီး။ သူတို့ ကိုဆို နောက်ဆုံး ပြည့်တန်ဆာခန်းတွေမှာ ရောင်းစားထားလို့ အဲဒီကနေ ကယ်ထုတ်ခဲ့ရတယ်”လို့ မြူးရှရီရဲ့ မိုင်ဂျာယန် တာ ဝန်ခံ ဒေါ်ရွယ်ဂျီးက ပြောပါတယ်။

ဒီလိုကယ်ထုတ်ခဲ့ရတဲ့ အမျိုးသမီးတွေထဲက တချို့ကိုတော့ လုပ်ငန်းရှင်တွေက အရင်းမကျေသေးတဲ့အတွက် လျော်ကြေး ပေးရမယ်ဆိုလို့ ညှိနှိုင်းပြီး ပြန်ခေါ်ခဲ့ရတာတွေ ရှိနေပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့သူတွေထဲက မြူးရှရီရဲ့ ပြန်လည်ထူ ထောင်ပေးတဲ့ စခန်းတွေမှာ အသက်မွေးဝမ်းကျောင်းပညာ အခမဲ့သင်ကြားနေသူအချို့လည်း ရှိပါတယ်။

လူကုန်ကူးခံရတဲ့အမျိုးသမီးတွေကို မိုင်ဂျာယန်မှာ တစ် သီးပုဂ္ဂလအဖြစ် ဆွယ်တာစက်ထိုးသင်ကြားပေးနေတဲ့ မဆွမ် လွတ်ထုရာကလည်း အခုလို ပြောပါတယ်။

”သူတို့ကို လိင်ကျွန်အဖြစ် ရောင်းစားခံလိုက်ရတယ်ဆို တဲ့ စိတ်မျိုးမဖြစ်အောင် သတိထားပြီး ပြောဆိုဆက်ဆံရတယ်။ အလုပ်မရှိ ဝင်ငွေမရှိရင်တော့ နဂိုအခြေအနေ ပြန်မရောက်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ စစ်ကလည်း ဘယ်အချိန်မှ ငြိမ်း ချမ်းမလဲ မသိဘူးလေ”

မြူးရှရီအဖွဲ့ဟာ ကယ်ဆယ်ခဲ့တဲ့သူတွေထဲက စိတ်ဓာတ် ကြံ့ခိုင်ပြီလို့ ယုံကြည်ရတဲ့သူတွေကို နေရပ်ပြန်ပြီး စီးပွားလုပ် ဆောင် နိုင်အောင်လို့ ကူညီပေးနေပါတယ်။ ဒါပေမဲ့ အဲဒီလိုနေ ရပ်ပြန်ပြီးမှလူအများရဲ့ လက်ညှိုးထိုးခံရပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေလည်း ရှိခဲ့တယ်လို့ လိုင်ဇာ ဌာနချုပ်တာဝန်ခံက ပြောပြန်ပါတယ်။

ဒီလို လူကုန်ကူးခံရတဲ့သူတွေကို ကူညီဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ဟာ ၂ဝဝ၈ ကစပြီး နယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့ စတဲ့အစိုးရတာဝန်ရှိသူ တွေနဲ့ ပူးပေါင်းထားတဲ့ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့လည်း လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ နှောင့်နှေးမှုတွေက ရှိနေပါသေးတယ်။ ဥပမာအားဖြင့် အရေးပေါ် ဆက်သွယ်ဖို့ လက်ကမ်းစာစောင်က ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တွေ မှားယွင်းနေတာကို အမြန်ပြန်လည်ပြင်ဆင်ပေးဖို့ကလည်း လိုအပ်ချက်တစ်ခု ဖြစ်နေတယ်လို့ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ တွေက ပြောကြပါတယ်။

ဒီလိုလိုအပ်ချက်တွေအပြင်  ကလေးမွေးဖို့ လူကုန်ကူးခံရ တဲ့ အမျိုးသမီးအများစုက မြန်မာဘာသာစကားနဲ့ စာကို ကျွမ်း ကျွမ်းကျင်ကျင် မတတ်တာကလည်း အခက်အခဲတစ်ခု ဖြစ်ပါ တယ်။ လွတ်မြောက်ချင်တဲ့ အမျိုးသမီးတွေက ဆက်သွယ်တဲ့ အချိန်မှာလည်း အစိုးရရဲ့ဆက်ဆံရေးရုံးတွေက မြန်မာဘာသာ စကားနဲ့ပဲ ပြန်လည်ဖြေကြားတာဖြစ်တဲ့အတွက် ပြင်ပ အဖွဲ့ အစည်းဖြစ်တဲ့ မြူးရှရီကို အကူအညီတောင်းခံတာဟာ တစ်နေ့ တခြား များပြားလာတာ ဖြစ်ပါတယ်။

မခေါန်နန်ဟာလည်း မြူးရှရီကို ဆက်သွယ်လာတဲ့သူတွေ ထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သမီးမိန်းကလေး မွေးပြီးတဲ့ နောက်ပိုင်းမှာတော့ သူ့အတွက် လွတ်မြောက်ဖို့ အခွင့် အရေးတစ်ခုရလာခဲ့ပါတယ်။ ဒါကတော့ ကလေးမွေးပေးတဲ့ အတွက် ဝယ်ယူထားတဲ့ မိသားစုက သူ့ကိုလက်ကိုင်ဖုန်းတစ်လုံး လက်ဆောင်ပေးခဲ့တာပါ။ ပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ ဂျင်ဆင်းနဲ့ ဆေးမြစ်စုံစိုက်ခင်းထဲမှာ အလုပ်ပြန်ဆင်းခဲ့ရပါတယ်။

စိုက်ခင်းထဲမှာ အလုပ်အတူတူလုပ်တဲ့မြန်မာအမျိုးသမီး တွေက သူ့ဖုန်းကိုသုံးပြီး သူတို့ တရုတ်ပြည် မရောက်ခင် မှတ်မိခဲ့ တဲ့ မြန်မာပြည်က အသိမိတ်ဆွေတွေရဲ့ တရုတ်ဖုန်းနံပါတ်တွေကို ဆက်သွယ်ခဲ့ပါတော့တယ်။ သူတို့ဆက်သွယ်ရမိတဲ့ လူတွေက မူဆယ်မြို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တွေဆီ ဆက်သွယ်ခဲ့ပါတယ်။
”ဒါပေမဲ့ တစ်လကျော်ကြာတဲ့အထိ ဘာမှထူးခြားမလာ ခဲ့ဘူး” လို့ မခေါန်နန်က ဆိုပါတယ်။

ဖုန်းအဆက်အသွယ်ရခဲ့တဲ့ မိတ်ဆွေကထွက်ပြေးလာဖု့ိ သူ့ကို ပြောတာကြောင့် စိုက်ခင်းကအပြန် ညနေခင်းတစ်ခုမှာ သား ငယ်ကို လက်ဆွဲပြီး သူနေထိုင်တဲ့ တုံးချွမ်းရွာက ရဲစခန်းကို ထွက်ပြေးခဲ့ပါတယ်။ သူက တရုတ်စကား သိပ်မပြောတတ်တာ ကြောင့် သူ့မိတ်ဆွေဆီ ဖုန်းဆက်ပြီး တရုတ်ရဲနဲ့ အပြန်အလှန် စကားပြောခိုင်းရပါတယ်။ ရဲက မခေါန်နန်ကို တရုတ်မိသားစု အိမ်ကို ပြန်ပို့ဖို့ ကြိုးစားတဲ့အခါမှာတော့ ဖုန်းအဆက်အသွယ် လုပ်ပေးတဲ့ မိတ်ဆွေက မြူးရှရီကို အကူအညီလှမ်းတောင်းခဲ့ ပါတယ်။

မြူးရှရီအဖွဲ့က ညတွင်းချင်းပဲ ကျန်းဖုန်းခရိုင်ရဲစခန်းကို အဆက်အသွယ်လုပ်ခဲ့ပါတယ်။ အဲဒီစခန်းက လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ရဲအရာရှိက သူတို့မိသားစုကို ကယ်တင်ဖို့ တုံး ချွမ်းရွာက ရဲစခန်းကို အမိန့်ပေးတာကြောင့် တရုတ်မိသားစု လက်ထဲ ပြန်ပါမသွားခဲ့ပါဘူး။ ဒါပေမဲ့ တရုတ်မိသားစုက မခေါန် နန်ရဲ့ သားဟာ သူတို့ရဲ့သားပါလို့အထောက်အထားအတုတွေ တင်ပြတာကြောင့် မြူးရှရီအဖွဲ့က သူတို့သားအမိရဲ့  ပြည်တွင်းက အထောက်အထားတွေကို ရှာဖွေပြီး ကျန်းဖုန်းရဲစခန်းကို ထပ်မံ ပို့ပေးခဲ့ရတယ်လို့ မြူးရှရီလိုင်ဇာဌာနချုပ်က တာဝန်ခံ ဒေါ်ခေါန် ရှောင်က ပြောပြပါတယ်။

ဒေသရဲစခန်းမှာ သားအမိနှစ်ယောက်နေထိုင်ခဲ့ပြီး ငါးရက် အကြာမှာတော့ ကျန်းဖုန်းခရိုင်က တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်အရာရှိ ဟာ မခေါန်နန်နဲ့သူ့သားကို မိုင်ဂျာယန်မြို့ကို ညအချိန်မှာ ပြန် လည်ပေးပို့ခဲ့တာကြောင့် သူမချစ်မနှစ်သက်ဘဲ အတင်းအဓမ္မ လက်ထပ်ယူခဲ့တဲ့ တရုတ်အမျိုးသားလက်ထဲကနေ လွတ်မြောက် ခဲ့ပါတော့တယ်။

နယ်စပ်တရားမဝင်လမ်းကို အသုံးပြု၍ ကုန်စည်ရောင်းဝယ်နေကြသူများ ။     ဓာတ်ပုံ-ဘောက်ဆန်

ကယ်ဆယ်ထူထောင်ရေး မှုန်ဝါးနေသေး

တရုတ်သမ္မတသစ် ရှီကျင့်ဖျင်တက်လာတဲ့  နောက်ပိုင်းမှာ တော့လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ရဲစခန်းကို ထွက်ပြေးတဲ့ အချိန်မှာ ဒေသခံရဲဝန်ထမ်းတွေက မေးမြန်းပြီးတာနဲ့ ဝယ်ယူ ထားတဲ့ အိမ်ရှင်ကို ပြန်လည်ဆက်သွယ်ပါတယ်။ ဝယ်ယူထားသူ တွေကလည်း ကလေးမမွေးရသေးတာဘဲ ဖြစ်ဖြစ်၊ အရင်းမကျေ သေးတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ပြန်ခေါ်ယူသွား တတ်ကြတယ်လို့ ယူနန်ပြည်နယ်၊ ကျန်းဖုန်းဒေသက တရုတ်ရဲ အရာရှိတစ်ဦးက ပြောပါတယ်။ သူ့ရဲ့အလုပ်အကိုင်ကို ထိခိုက်မှာ စိုးတာကြောင့် သူ့အမည်ကို ဖော်ထုတ်ရေးသားခွင့်မပြုပါဘူး။

သတင်းရလို့သွားကယ်တဲ့အခါ ဝယ်ထားတဲ့ အမျိုးသမီး တွေကို တခြားအိမ်ကို ပြောင်းရောင်းတာတွေ၊ ဝယ်ယူထားတာ မဟုတ်ဘဲ အမျိုးသမီးကိုယ်တိုင် လာနေတာလို့ ဖြေခိုင်းတာမျိုး တွေ ကြုံရတယ်လို့ ရဲအရာရှိက သူ့အတွေ့အကြုံကို ပြောပြ ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ တရုတ် သံရုံးက တာဝန်ရှိသူတစ်ဦးကို မတ် ၂၄ ရက် ညနေပိုင်းက ဖုန်း ဆက်မေးမြန်းခဲ့ပါတယ်။ ၎င်းအရာရှိက ချက်ချင်းဖြေကြားခဲ့ပေ မယ့် အထက်လူကြီးကို မတင်ပြရသေးတာကြောင့် သူ့ရဲ့နာမည်နဲ့ ရာထူးကို ထည့်သွင်းမဖော်ပြဖို့ မေတ္တာရပ်ခံခဲ့ပြီး အခုလိုပြောပါ တယ်။

”(ထွက်ပြေးလာတဲ့ လူကုန်ကူးခံ အမျိုးသမီးတွေကို) စစ် ဆေးဆဲကာလမှာ တရုတ်မိသားစုဘက်ကို ပြန်ပို့တာမရှိဘူး။ တရုတ်နိုင်ငံကလည်း လူကုန်ကူးမှုကို တားဆီးနေတာဖြစ်တဲ့ အတွက် စစ်ဆေးနေဆဲကာလမှာ သတ်မှတ်နေရာမှာပဲ ထားပေး ပါတယ်။ လုံးဝ ပြန်မပို့ပါဘူး”

တရုတ်ပြည်မှာရှိတဲ့ မြန်မာသံရုံး၊ ဒါမှမဟုတ် ကောင်စစ်ဝန် ရုံးက တစ်ဆင့် ဆက်သွယ်ကာ မြန်မာနိုင်ငံသားဖြစ်၊ မဖြစ်ကို အတည်ပြုပြီး ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။ လူကုန်ကူးခံရပြီး တရုတ်ပြည်ထဲရောက်ရှိလာတဲ့သူတွေကို အရေးမယူပေမယ့် ထွက်ပြေးတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ ဥပဒေတစ်ခုခုကို ချိုး ဖောက်မိမယ်ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

”ပုံမှန်ကတော့ အခွင့်အရေးရှာပြီး ထွက်ပြေးတဲ့အချိန်မှာ ရဲက တစ်ဆင့် အကူအညီပေးဖို့ပဲ လုပ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။ တချို့ ကုန်ကူးခံရသူတွေကလည်း တရုတ်နိုင်ငံတွင်း မှာပဲနေပြီး မပြန်ချင်ဘူးလို့ ပြောတာတွေလည်း ရှိတယ်လို့ သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင်တိုက်ပွဲ တွေကြောင့် လွယ်ဂျယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ရဲ့ နယ်မြေစိုးမိုးမှုကလည်း အကန့်အသတ်နဲ့ ရှိနေပြန်ပါတယ်။ မြို့ နယ်တွင်းပတ်လည် မိုင်ဝက်ကျော်တာနဲ့ ကေအိုင်အိုရဲ့ ထိန်းချုပ် နယ်မြေဖြစ်သွားတာကြောင့်  လူကုန်ကူးသူတွေကို ဖမ်းဆီးရာမှာ အခက်အခဲကြုံနေရတယ်လို့  လူကုန်ကူးမှု တားဆီးကာကွယ်ရေး လွယ်ဂျယ်နယ်စပ်ဆက်ဆံရေးရုံးက ဒုရဲမှူး အောင်လှိုင်က ပြော ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေထဲက မြစ်ကြီး နားနဲ့ ဝိုင်းမော်မြို့နယ်အတွင်းကျေးရွာတွေက အမျိုးသမီးငယ် အချို့ နေ့စဉ်လူကုန်ကူးခံနေရတာကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်နယ်အတွင်းက အရပ်ဘက် အမျိုးသမီး အဖွဲ့အစည်း တွေက အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လစဉ်သင်တန်းတွေ ကို ဖွင့်လှစ်ပြီး ကြိုးစားလုပ်ဆောင်နေကြပါတယ်။

”ကျွန်မတို့က ကယ်ဆယ်တာ မလုပ်နိုင်တော့ ထပ်မဖြစ်ဖို့ နဲ့ အသိပညာပေးဖို့ လုပ်နေရတယ်” လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့  Kindness Woman အဖွဲ့က တာဝန် ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ဂျာခေါန်က ပြောပါတယ်။ သူတို့အဖွဲ့ရဲ့ တွေ့ ရှိချက်အရ မြစ်ကြီးနားမြို့၊ မြစ်ဆုံသွားတဲ့ ရွာတစ်လျှောက်မှာ အမျိုးသမီးငယ်လေးတွေ တရုတ်နိုင်ငံကို ကုန်ကူးခံရတာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ဆယ်ဂဏန်း ကျော်လာတာကို တွေ့ရှိရတယ် လို့ ပြောပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ် ။       ဓာတ်ပုံ-ဘောက်ဆန်

စိတ်ဒဏ်ရာ ဗရပွ

မခေါန်နန်ဟာ တရုတ်နိုင်ငံကနေ  မြူးရှရီအဖွဲ့ရဲ့ မိုင်ဂျာ ယန် ယာယီပြန်လည်ထူထောင်ရေးစင်တာကို ယခုနှစ် မတ် ၃ ရက်မှာ ရောက်ရှိလာပါတော့တယ်။ အစပိုင်းမှာတော့ သူဟာ အနားကပ်လာတဲ့ လူမှန်သမျှကို ကြောက်ရွံ့တုန်လှုပ်နေပြီး ခပ် စိမ်းစိမ်းမျက်လုံးတွေနဲ့ ပြန်ကြည့်နေခဲ့ပါတယ်။ ဘယ်သူနဲ့မှ စကား မပြောဘဲ သားငယ်အနားမှာပဲ ကပ်နေတဲ့ မခေါန်နန်ဟာ သုံးရက်မြောက်နေ့မှာတော့ အသံနည်းနည်း ထွက်လာပါတယ်။ သူတစ်ယောက်တည်း ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ရင်း တစ်ခုခုကို တီးတိုးရေရွတ်နေပါတော့တယ်။

နှုတ်ခမ်း လှုပ်ရုံသာပြောနေပြီး သူ့မျက်လုံးတွေမှာ နာကြည်းယူကျုံးမရတာ၊ ခံစားချက်မဲ့တာတွေကို တွေ့နေရပါတယ်။ သူ့မျက်လုံးတွေဟာ အောက်ကိုသာ စိုက်ကြည့်နေပြီး အသံ လည်း တိမ်ဝင်သွားပါတယ်။ ခဏအကြာမှာတော့ ခြောက်ကပ် ကပ် အော်မြည်သံနဲ့ ငိုနေပေမယ့်လည်း သူ့မျက်ဝန်းက မျက်ရည် ကျမလာတော့ပါဘူး။

တရုတ်အမျိုးသားနဲ့ရခဲ့တဲ့ သမီးမိန်းကလေးကိုမတွေ့ချင်တော့ဘူးလားလို့ မေးတဲ့အခါမှာတော့ တွေ့ချင်တယ်လည်း မပြော၊ မတွေ့ချင်ဘူးလည်းမပြောဘဲ ”(သမီးက တရုတ်နိုင်ငံ သား ဖြစ်တဲ့အတွက်) ကလေးက အဆင်ပြေမှာ၊ မပြေမှာက ကျွန်မတို့သားအမိပဲ”လို့ သူ့ဘေးမှာကစားနေတဲ့ အသက်လေးနှစ်ကျော်ရှိနေပြီဖြစ်တဲ့သူ့သားကိုပဲ တွေတွေကြီး စိုက်ကြည့်ပြီး ပြောပြတယ်။

မြူးရှရီရဲ့ လိုင်ဇာဌာနချုပ် တာဝန်ခံ ဒေါ်ခေါန်ရှောင်က ”ကလေးမွေးပြီး ရက်ပိုင်းလေးမှာ (မခေါန်နန်ကို) ပြန်ရှာတွေ့ပြီး လပိုင်းအတွင်း ပြန်ခေါ်နိုင်ခဲ့လို့ သူကံကောင်းတယ်ပြောရမယ်။ အိမ်နှစ်အိမ်၊ သုံးအိမ်အထိ ရောင်းစားခံခဲ့ရပြီး နောက်ဆုံး ပြည့်တန်ဆာခန်းကနေ ကျွန်မတို့ ပြန်ကယ်ခဲ့ရတာတွေ မနည်းမနော ပဲ”လို့ ပြောပါတယ်။     ။

မခေါန်နန်က ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေ ယူနန် ပြည်နယ်၊ တုံးချွမ်းရွာထဲမှာ အများကြီးကျန်ခဲ့ကြောင်းနဲ့ သူ့တို့နဲ့ အဆက်အသွယ်မရတော့တဲ့အတွက် စိုးရိမ်မိကြောင်း ပြောပါ တယ်။ တရုတ်ပြည်ထဲမှာ ကျန်နေခဲ့တဲ့ သူ့သူငယ်ချင်းတွေကို ဆက်သွယ်ရခက်ခဲသလို အစိုးရအဖွဲ့တွေကြားက ဆက်သွယ်ရေး စနစ်တွေဟာလည်း  စာရွက်စာတမ်းတွေပေါ်မှာပဲ ရှိနေပြီး လက်တွေ့ မြေပြင်မှာ ပူပေါင်းဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ ဒေါ်ခေါန်ရှောင်က ပြောပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ သူတွေအားလုံးကို ကျန်းမာရေး စစ်ဆေးတာ အရင်ဆုံးလုပ်ပေးရတယ်လို့ မြူးရှရီရဲ့ ဒေသအလိုက် တာဝန်ရှိတဲ့သူတွေက ဆိုပါတယ်။ သူတို့တွေအတွက် ကျန်းမာ ရေးစောင့်ရှောက်တာတွေ လုပ်ခွင့်ရအောင်လို့ ကချင်အမျိုး သမီးအဖွဲ့အစည်းတွေက ကူညီပေးပါတယ်။

ကျန်းမာတဲ့အမျိုးသမီးတွေကိုတော့ စီးပွားဖြစ် စက်ချုပ် သင်တန်း၊ စက်ရက်ကန်းသင်တန်း၊ စက်ထိုးဆွယ်တာသင်တန်း စတာတွေနဲ့ ဈေးရောင်းလိုသူများအတွက် ဆိုင်ခန်းပစ္စည်း အရင်းအနှီး ထုတ်ပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ကျောင်းနေအရွယ် မိန်းကလေးတွေရဲ့ ဆန္ဒအတိုင်း ကျောင်းထားပေးနေပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ကတော့ ကယ်ဆယ်လို့ရတဲ့သူတွေကို မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့၊ IMO (International Organization for Migrant) နဲ့ ယူနီဆက်ဖ်တို့က ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ လူကုန်ကူးခံရတဲ့သူ တွေကတော့ နေ့စဉ်နဲ့အမျှ ရှိနေဆဲလို့ ဒုရဲမှူးအောင်လှိုင်က ပြော ပါတယ်။

မခေါန်နန်နေခဲ့တဲ့ တုံးချွမ်းကျေးရွာမှာတော့ တရုတ် မိသားစုတွေအတွက် ကလေးမွေးပေးနေရတဲ့ မြန်မာအမျိုးသမီး တွေ အများအပြား ကျန်နေသေးပါတယ်။ သူလွတ်မြောက်သွားတဲ့ အခါ သူတို့အားလုံးကို ကယ်တင်ပေးမယ်လို့ မခေါန်နန်က ကတိ ပေးခဲ့ပါသေးတယ်။

သူလွတ်မြောက်ပြီး နောက်နေ့မှာ သူ့သူငယ်ချင်းတွေဆီကို တယ်လီဖုန်းက တစ်ဆင့် ဆက်သွယ်ကြည့်တဲ့အခါမှာ တစ် ယောက်ဟာ တရုတ်ပြည်မကြီးထဲ ထပ်မံရောင်းစားခံခဲ့ရတယ်လို့ သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ ကျန်နေသေးတဲ့ သူ ငယ်ချင်းတွေနဲ့ ထပ်မံဆက်သွယ်တဲ့အခါမှာတော့ ဘာအဆက် အသွယ်မှ မရတော့ပါဘူး။ ဒါကြောင့် ကယ်တင်မယ်လို့ သူကတိ ပေးခဲ့တဲ့ သူငယ်ချင်းတွေအတွက် စိုးရိမ်ပူပန်စိတ်နဲ့ အခုလို ညည်းတွားလိုက်ပါတယ်။

”ငါတို့ လူလုပ်(မလိုချင်ဘဲကလေးမွေးပေး) နေရတဲ့ အလုပ်က လွတ်ချင်ပြီ။ ဘုမသိဘမသိနဲ့ မလိုချင်ဘဲ ကလေးမွေး ပေးနေရတဲ့ဘဝကနေ ကိုယ့်အိမ်ကို ဘယ်လိုပြန်ရမှန်းလဲ မသိဘူး” ။       ။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဘောက်ဆန် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."