ယိုင်နဲ့နေဆဲ ရခိုင်ပြည်နယ် စီးပွားရေး အပိုင်း(၁)

 လွန်ခဲ့တဲ့လေးနှစ်က ရခိုင်ပြည်နယ်မှာ အရှိန်ပြင်းပြင်းတောက်လောင်ခဲ့တဲ့ ပဋိပက္ခမီးတွေဟာ ရခိုင်တိုင်းရင်းသူ ဒေါ်နုချေတို့မိသားစု ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြာချပစ်ခဲ့တယ်။

ပဋိပက္ခမဖြစ်ခင် ဒေါ်နုချေတို့မိသားစုဟာ စစ်တွေမြို့မြောက်ဘက်၊ စက်ရုံစုရပ်ကွက်မှာ နေထိုင်ခဲ့ပါတယ်။ သူ့ခင်ပွန်းက လယ်ယာလုပ်ငန်းမှာသုံးတဲ့ ဓားတွေကိုပြုလုပ်ပြီး ဒေါ်နုချေက ဓားတွေကို စစ်တွေမြို့ပေါ်မှာ လက်ကားရောင်းချပါတယ်။ ဓားရောင်းလို့ရတဲ့ငွေနဲ့ သားသမီးလေးယောက်ရှိတဲ့ မိသားစုဝမ်း ရေးကို ဖြေရှင်းကြတယ်။ ပိုလျှံတဲ့ငွေလေးနဲ့ နှစ်ထပ်သစ်သား အိမ်တစ်ဆောင်ကိုပါ ခိုင်ခိုင်မာမာဖြစ်အောင် ဆောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂ဝ၁၂  မိုးဦးကာလက ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီ(နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာလို့ခေါ်သလို သူတို့ထဲက တချို့ကလည်းသူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်ကြတယ်)လူ့အသိုင်းအဝိုင်းနှစ်ခုအကြား အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဒေါ်နုချေတို့မိသားစုပိုင်တဲ့ ပန်းပဲလုပ်ငန်းခွင်နဲ့ ဆောက်လက်စအိမ်အပါအဝင် ရှိသမျှပစ္စည်းဥစ္စာအားလုံး ဆုံးရှုံးသွားပါတယ်။ မိသားစုဝင်တစ်ယောက်မှတော့ အသေအပျောက်မရှိခဲ့ပါဘူး။

အခု  အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နုချေဟာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့သူတွေအတွက် ပြန်လည်နေရာချပေးထားတဲ့ ဆတ်ရိုးကျမြို့သစ်ရပ်ကွက်မှာ နေထိုင်ပါတယ်။ အဲဒီနေရာမှာပဲ နိုင်ငံတကာအဖွဲ့အစည်းတချို့က ထောက်ပံ့ထားတဲ့ငွေလေးနဲ့ ယခင်လက်ငုတ်လက်ရင်း ပန်းပဲအလုပ်ကို  ပြန်လည်လုပ်ကိုင်နေပါတယ်။

ဒါပေမဲ့ ပန်းပဲလုပ်ငန်းခွင်လေးကနေ အရင်လို ငွေလုံလုံလောက်လောက် ထွက်မလာတော့ပါဘူး။ အရင်လို ဓားတွေ အများကြီးလုပ်ရောင်းဖို့ အရင်းအနှီးများများမတတ်နိုင်တော့သလို ဓားဝယ်နေကျဖောက်သည်တွေနဲ့ အဆက်အသွယ် ပြတ်ကုန်တဲ့အတွက် မိသားစုစားဝတ်နေရေးဟာ ဟိုတုန်းကလို မဖူလုံတော့ဘူး။

”ဒီနေရာမှာတော့ ဆယ်ရက်နေလို့တောင် ဓားလေးတစ်ချောင်း လာဝယ်မယ့်လူမရှိဘူး”လို့ ဒေါ်နုချေက နေအိမ်ပေါ်မှာ ထိုင်နေရင်း မော်ကွန်းသတင်းထောက်တွေကို ရှင်းပြတယ်။ စစ် တွေမှာ ဓားရောင်းလို့အဆင်မပြေတာကြောင့် သူ့ဆွေမျိုးတွေရှိတဲ့ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်းက ရွာတွေဆီသွားပြီး ဓားတွေကို ရောင်းချရပါတော့တယ်။

ဒါပေမဲ့ အမြတ်အစွန်းအနည်းငယ်သာရတာကြောင့် ”ကျွန်မမှာ ထဘီတစ်ထည်တောင် ဝယ်မဝတ်နိုင်သေးဘူး”လို့ ဒေါ်နုချေက ညည်းတွားလိုက်ပါတယ်။ အဲဒီနေ့က ဒေါ်နုချေဟာ အနက်ရောင်ပေါ်မှာ အပြာဖျော့ဖျော့ အပွင့်အကွက်ဒီဇိုင်းဖော်ထားတဲ့ ခပ်နွမ်းနွမ်းထဘီကို ဝတ်ထားတယ်။

၂ဝ၁၂  ဇွန်နဲ့ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ လူပေါင်း ၂ဝဝ နီးပါးသေဆုံးခဲ့ပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီပဋိပက္ခဟာ ရခိုင်ပြည်နယ်မှာနေထိုင်ကြသူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်ခဲ့တယ်လို့ ၂ဝ၁၃၊ ဧပြီမှာ ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထား ပါတယ်။

 

ဆင်းရဲတွင်းရဲ့ အောက်ဆုံးမှာ

ရခိုင်ပြည်နယ်ဟာ ပဋိပက္ခမတိုင်ခင်က မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်ပြီး နှစ်နှစ်အကြာမှာတော့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်အဖြစ်ကို ရောက်သွားခဲ့ပြီး ဆင်းရဲနွမ်းပါးမှု နှုန်းဟာ ပြည်နယ်လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်းရှိနေတယ်လို့ ၂ဝ၁၄ ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အစီအရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ ဆင်းရဲမွဲတေမှုနှုန်းက ၃၇ ဒသမ ၅ ရာခိုင်နှုန်းလို့ အဆိုပါအစီအရင်ခံစာက ဆိုတယ်။

ဇွန်ဆိုရင် ပဋိပက္ခဖြစ်ပွားခဲ့တာ လေးနှစ်တင်းတင်းပြည့်ပါပြီ။ နိမ့်ကျသွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေတွေဟာ ထင်ထားသလောက် တိုးတက်မှုမရှိသေးတဲ့အတွက် အစိုးရ သစ်အနေနဲ့ ပြည်နယ်စီးပွားရေးကဏ္ဍကို ပြန်လည်မြှင့်တင်ပေးဖို့ လိုအပ်နေကြောင်း ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တွေ က တောင်းဆိုကြပါတယ်။

”မညီညွတ်မှုတွေ၊ ပဋိပက္ခတွေကြောင့် ရခိုင်ရဲ့ဆင်းရဲမှု နှုန်း တဖြည်းဖြည်းမြင့်တက်လာတယ်”လို့ စစ်တွေမြို့က စီးပွား ရေးလုပ်ငန်းရှင် ဦးရွှေမောင်က မော်ကွန်းကိုပြောပါတယ်။ ဦးရွှေ မောင်ဟာ လူပျံတံဆိပ် လက်ဖက်ခြောက်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်သလို သင်္ဘောနဲ့ကုန်စည် ကူးသန်းတဲ့အလုပ်တွေလုပ် တဲ့သူလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်းနဲ့ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ ဆန်စပါးကို အဓိကစိုက်ပျိုးပေမယ့် ပြည်ပကို တင်ပို့ရောင်းချနိုင်လောက်တဲ့အဆင့်ရောက်အောင် ကြိတ်ခွဲထုတ်ပိုးနိုင်တဲ့ ဆန်စက်ကြီးတွေ ရခိုင်ပြည်နယ်မှာ မရှိပါဘူး။ ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းနဲ့ များမြောင်လှတဲ့ မြစ် ချောင်းအင်းအိုင်တွေရှိပေမယ့် ပင်လယ်ထွက် ငါးသယံဇာတ တွေကိုလည်း ကုန်ချောအဆင့်ထုပ်ပိုးပြီး ပြည်မနဲ့ ပြည်ပကို မတင်ပို့နိုင်သေးပါဘူး။

ထုတ်ကုန်တွေ မထုတ်လုပ် မတင်ပို့နိုင်ခြင်း၊ အလုပ်အကိုင် ရှားပါးတဲ့အတွက် ရခိုင်ပြည်နယ်ပြင်ပကို ရွှေ့ပြောင်းသွားလာမှု များလာခြင်းနဲ့ ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေဆီကနေ အကျိုးခံစားခွင့် အပြည့်အဝ မရရှိခြင်းတွေဟာလည်း ပြည်နယ်ဆင်းရဲရခြင်း အကြောင်းရင်းခံတွေဖြစ်တယ်လို့ စီးပွား ရေးလုပ်ငန်းရှင် ဦးရွှေမောင်က ဆိုပါတယ်။

၂ဝ၁၄ မှာ နောက်ဆုံးကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၃၁သိန်းကျော်ရှိတဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ခွာပြီး နိုင်ငံခြားမှာ ရွှေ့ပြောင်းအလုပ်လုပ်နေကြသူ တစ်သိန်းတစ် သောင်းကျော် (၃ ဒသမ ၅၄ ရာခိုင်နှုန်းဝန်းကျင်) ရှိနေပါတယ်။

အဲဒီအချက်တွေကြောင့် နဂိုကတည်းက ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်ကို ပဋိပက္ခက ပိုမိုဆင်းရဲတဲ့အခြေအနေဆီ တွန်းပို့ပစ်ခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ပဋိပက္ခမဖြစ်ခင်က လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ရခိုင်စီးပွားရေးသမားတွေက ဘင်္ဂါလီအလုပ်သမားတွေကို အသုံးပြုခဲ့ကြပါတယ်။  ပဋိပက္ခဖြစ်ပွားပြီးနောက်မှာတော့ ရခိုင်နဲ့ ဘင်္ဂါလီလူ့အဖွဲ့အစည်းနှစ်ခုကြားမှာ အချင်းချင်းယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ပါတယ်။ ရန်ဖြစ်နေတဲ့လူမှုအသိုင်းအဝိုင်းနှစ်ခုကို ဖျန်ဖြေတဲ့အနေနဲ့ အစိုးရက ရခိုင်နဲ့ ဘင်္ဂါလီ လူ့အသိုင်းအဝိုင်း နှစ်ခုကို ဒုက္ခသည်စခန်းတွေနဲ့ သီးခြားခွဲထားခဲ့ပါတယ်။

အဲဒီအခါမှာ လူ့အဖွဲ့အစည်းနှစ်အခုအကြားမှာ စီးပွားရေးအရ ဆက်ဆံမှုတွေပျက်ပြားသွားခဲ့ပါတယ်။ ယခင်က ဆက်စပ်လုပ်ဆောင်ခဲ့တဲ့ လယ်ယာလုပ်ငန်းတွေ၊ ငါးပုစွန်လုပ်ငန်းတွေ၊ အဝယ်ဒိုင်တွေနဲ့ အခြားကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေဟာလည်း တုံ့ဆိုင်းသွားခဲ့ရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ဝန်ကြီးဌာနဝက်ဘ်ဆိုက် မှာ ဖော်ပြထားတဲ့ စာရင်းဇယားတွေအရ စစ်တွေကုန်သွယ်ရေးစခန်း နဲ့ မောင်တော(နယ်စပ်)ကုန်သွယ်ရေးစခန်းတို့မှာ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း ကုန်သွယ်မှုပမာဏဟာ သိသိသာသာကျဆင်းသွားတာကို တွေ့ရပါတယ်။

စစ်တွေကုန်သွယ်ရေးစခန်းရဲ့ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် (ဧပြီ ၂ဝ၁၂ – မတ် ၂ဝ၁၃)ကုန်သွယ်မှုတန်ဖိုးဟာ အဲဒီအရင်နှစ်ကထက် ထက်ဝက်ကျော်ကျဆင်းသွားပြီး နောက်နှစ်မှာလည်း ဆက်တိုက်ကျသွားပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှာဆိုရင် ပဋိပက္ခမဖြစ်ခင် အရင်နှစ် (၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်)မှာ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ သန်းရှိရာ ကနေ ဆက်တိုက်ကျလာလိုက်တာ နောက်နှစ်နှစ်အကြာမှာ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်လောက်ပဲ ရှိပါတော့တယ်။ (အသေးစိတ်ကို ဇယားတွင်ကြည့်ရန်)

စီးပွား/ကူးသန်းဝန်ကြီးဌာနဝက်ဘ်ဆိုက်က စာရင်းဇယားတွေအရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု တန်ဖိုးဟာ အနည်းငယ်ပြန်တက်လာနေတယ်ဆိုပေမယ့် ပဋိပက္ခ ကြောင့် လူမှုစီးပွားထိခိုက်သွားသူတွေကတော့ မိမိခြေထောက် ပေါ် ပြန်လည်ရပ်တည်နိုင်ရေး မျှော်မှန်းလို့မရ ဖြစ်နေပါတယ်။

 

ကိုယ့်ခြေထောက်ပေါ် ပြန်ရပ်ရေး ခက်ခဲ

အဲဒီအထဲမှာ ပဋိပက္ခမဖြစ်ခင် စစ်တွေမြို့မှာနေထိုင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ဦးအီလီယာစ်လည်း တစ်ယောက်အပါ အဝင်ပါ။ သူဟာ ပဋိပက္ခမဖြစ်ခင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် နာဇီဈေးမှာရှိတဲ့ ဆေးဆိုင်နဲ့ ဒန်အိုးဒန်ခွက်အရောင်းဆိုင်တွေကို ဦးစီးလုပ်ကိုင်ခဲ့တယ်။

၂ဝ၁၂၊ ဇွန် ၁၂ ရက်မှာတော့ ပဋိပက္ခဟာ သူနေထိုင်တဲ့ စက်ရုံစုရပ်ကွက်ကို ကူးစက်လာခဲ့ပါတယ်။ ရပ်ကွက် အနီးအနား ဝန်းကျင်မှာ နီရဲနေအောင် တဟုန်းဟုန်းတောက်လောက်နေတဲ့ မီးညွန့်တွေနဲ့ တလိပ်လိပ်တက်လာတဲ့မီးခိုးတွေကို မြင်ရတဲ့အချိန်မှာ သူစုဆောင်းထားတဲ့ ရွှေနှစ်ဆယ်ကျပ်သားနဲ့ ငွေကျပ်သိန်းငါး ဆယ်ကို အိမ်အောက်မြေကြီးမှာ အနက် နှစ်ပေလောက်ကျင်းတစ် ကျင်းတူးပြီး မြှုပ်လိုက်ပါတယ်။

ပဋိပက္ခငြိမ်းလို့ အိမ်ကိုပြန်လာရတဲ့အချိန်ကျရင် ပြန်တူး ယူမယ်စိတ်ကူးပြီး မိသားစုတွေနဲ့အတူ သူနေတဲ့နှစ်ထပ်အိမ်ကို စွန့်ခွာခဲ့လိုက်တယ်။ ရုတ်တရက် အလောတကြီး ထွက်လာခဲ့ရတာဖြစ်လို့ အဲဒီထွက်ပြေးလာချိန်တုန်းက သူ့လက်ထဲမှာ ပိုက်ဆံ ၃၅ဝ ကျပ်ပဲ ပါလာတယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။ ပါလာတဲ့ အကြွေပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး စစ် တွေမြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ သဲချောင်းဒုက္ခသည်စခန်းဆီကို ခြေကျင်ထွက်ပြေးခဲ့ရတယ်လို့ သူ့အဖြစ်အပျက်ကို ပြောပြတယ်။

သူတို့ထွက်လာပြီး မကြာခင်မှာပဲ နေအိမ်တွေဟာ မီးရှို့ခံ လိုက်ရပြီဆိုတဲ့သတင်းကို ကြားခဲ့ရတယ်လို့ ဦးအီလီယာစ်က ပြောပြတယ်။ အဲဒီကတည်းက အိမ်မပြန်ရတာ ခုချိန်အထိပါပဲ။

စစ်တွေမှာကျန်ခဲ့တဲ့သူ့ဆိုင်တွေဆီကိုလည်း သွားခွင့်မရ တော့သလို သူမြှုပ်ထားခဲ့တဲ့ငွေကြေးဥစ္စာတွေကိုလည်း ပြန်တူး ဖော်ဖို့ အခွင့်အရေးမရတော့ပါဘူး။ အချိန်တိုအတွင်း ပြိုလဲသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လေးနှစ်ကြာတဲ့ အချိန်အထိ နာလန်မထူလာသေးတဲ့အပြင် သူကိုယ်တိုင်တောင် အလုပ်လက်မဲ့ ဒုက္ခသည်တစ်ယောက်အဖြစ်နဲ့ ဖြတ်သန်းနေရဆဲ။ ယခင်က သိန်းထောင်ချီတဲ့လုပ်ငန်းတွေ လည်ပတ်နိုင်ခဲ့ပေမယ့် ပဋိပက္ခ နောက်ပိုင်းမှာတော့ သူ့လက်ထဲမှာ ခြူးတစ်ပြားတောင် မကျန်ခဲ့ဘဲ ”သူတောင်းစားသာသာ ဖြစ်သွားတယ်”လို့ သူ့ကိုယ်သူ ရည်ညွှန်းပြီး ပြောပါတယ်။

ရွှေရောင်မျက်မှန်အဟောင်းတစ်လက်ကို တပ်ထားတဲ့ ဦးအီလီယာစ်ဟာအင်္ကျီအိတ်ကပ်ကို ဖွင့်ပြပြီး ”အခု ကျွန်တော့်မှာ ငွေတစ်ကျပ်တစ်ပြားမှမရှိဘူး၊ ကျွန်တော့်အနေအထားနဲ့ အလုပ်လုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး”လို့ ပြောပါတယ်။

ဝင်ငွေမရှိတဲ့အတွက် သားသမီးခုနစ်ယောက်ကို သူမကျွေးမွေးနိုင်တော့ပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (World Food Program)က ပေးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မှီခိုပြီး စားသောက်နေရပါတယ်။ အဲဒီအဖွဲ့ကနေ လူတစ်ယောက် တစ်လစာစားဖို့ ဆန်နို့ဆီဘူး ၅၄ ဘူးနဲ့ ပဲခုနစ်ဘူးပေးတယ်လို့ ဦးအီလီယာစ်က ပြောပြတယ်။

ဒါပေမဲ့ ပေးသမျှကို အကုန်စားပစ်လို့မရသေးပါဘူး။ သူတို့ကို ပေးတဲ့ထောက်ပံ့ရေးပစ္စည်းထဲမှာ ချက်ပြုတ်ဖို့လိုအပ်တဲ့ ထင်း၊ မီးသွေးစတဲ့ လောင်စာတွေမပါတဲ့အတွက် ဆန်နဲ့ ပဲတချို့ကို နီးစပ်ရာမှာ ရောင်းချပြီး ထင်းတွေ ဝယ်ယူရသေးတယ်လို့ ဆိုပါတယ်။

ဦးအီလီယာစ်ရဲ့ဆန္ဒကတော့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့တွေဆီကပေးတဲ့ အစားအသောက်တွေကို တစ်သက်လုံး မစားသောက်ချင်ဘဲ ”အရင်လိုနေရာမှာ ကိုယ့်စီးပွား ကိုယ်လုပ် စားချင်တယ်”လို့ ရင်ဖွင့်ပါတယ်။

”တစ်နေ့တစ်နေ့ သူများပေးတာကို မျှော်စားရင်း လူညွန့် တုံးသွားမယ့်အနေအထားပဲ”လို့ ရေရွတ်ရင်း သဲချောင်းဈေးလမ်းမလေးပေါ်မှာ ဥဒဟိုသွားလာနေကြတဲ့လူတွေကို ငေးကြည့် နေပါတယ်။

၂၀၁၆၊ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."