ဘာသာရေး နှင့် နိုင်ငံရေး ရောထွေးသင့်သလား အပိုင်း(၂)

ဘာသာရေး နှင့် နိုင်ငံရေး ရောထွေးသင့်သလား အပိုင်း(၂)

၂၀၁၃၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

မော်ကွန်းသတင်း အဖွဲ့ ရေးသားသည်။

၉၆၉ နှင့် မျိုးစောင့်

၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်လျှင်တော့ စိုးရိမ်စရာရှိသည် ဟု ဦးစိုးမြင့်အောင်က ဆိုပါသည်။

”ဘာဖြစ်လို့လဲဆိုတော့ (၉၆၉) ကပ်ထားတဲ့ ဆိုင်တွေမှာပဲ သုံးမယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဆိုင် တွေမှာ သုံးမယ်၊ ယာဉ်တွေကိုပဲ စီးမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ဟာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေချည်းပဲ နေတဲ့ နိုင်ငံမဟုတ်ဘူး”ဟု ဦးစိုးမြင့်အောင်ကဆိုသည်။

ဘာသာပေါင်းစုံရှိသည့်အနေအထားတွင် အခြားဘာသာ ဝင်များကို ခွဲခြားဆက်ဆံလိုက်သလိုဖြစ်သွားမလားဟု ၎င်းက မေးခွန်းထုတ်သည်။

”သူတို့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ၊ ခွဲခြားတယ်လို့ ခံစားရမလား။ ဒီနိုင်ငံထဲမှာ သူတို့မပါဘူးလို့ ခံစားရမလား။ အဲဒါမျိုးတွေပေါ့နော်၊ ကျွန်တော်တို့မှာ စဉ်းစားစရာရှိလာတယ်” ဟု ဦးစိုးမြင့်အောင်က ဆိုသည်။

လူတချို့၏အမြင်မှာတော့ ၉၆၉ လှုပ်ရှားမှုကို မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟုပင် ထင်မြင်ယူဆနေသည်များ ရှိပါ သည်။ မိမိဘာသာကို ကာကွယ်ရန်ဟုဆိုသော်လည်း လှုပ်ရှားမှု ပုံစံနှင့် ယင်းနှင့်ဆက်စပ်သော သီချင်းများ၊ ဆောင်ပုဒ်များက အချို့သော ဗုဒ္ဓဘာသာဝင်များကို သွေးဆူလာအောင် ဆွပေး လိုက်ရာများ ကျနေမလားဆိုပြီး စွပ်စွဲပြောဆိုမှုများလည်း ရှိပါသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကတော့ သံဃာတော်များအနေနှင့် တန်သင့်ရုံနိုင်ငံရေးတွင် ပါဝင်လာမှု မျိုးက ပြဿနာမရှိသော်လည်း လွန်လျှင်တော့ မကောင်းဟု သုံး သပ်ပါသည်။

”ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပဲလေ”

”အများကောင်းကျိုးအတွက် မီးကိုမလောင်ခင်က တားရ တာမျိုး၊ သစ်ပင်လေးတွေ ရှင်သန်ချင်ရင် ရေလောင်းပေးရ တာမျိုး၊ အဲဒါမျိုးလောက်ပဲ သံဃာတော်တွေအနေနဲ့ လုပ်သင့် တယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသူများနှင့် နိုင်ငံရေးသမားများအကြား နောက်ထပ်အငြင်းပွားစရာတစ်ခုဖြစ်လာသည့်အရာမှာ မျိုး စောင့် ဥပဒေကိစ္စ ဖြစ်ပါသည်။

ဦးကျော်လင်းဦး မြင်တာကတော့ အစိုးရသစ်လက်ထက် ရောက်လာပြီး ဒီမိုကရေစီခေတ်ရောက်သည့်အခါမှာ သံဃာ တော်များ၏ နောက်ထပ်ဦးတည်ချက်သည် ဗုဒ္ဓဘာသာ ကာ ကွယ်ရေး၊ အမျိုးကာကွယ်ရေးဘက် ရောက်လာသည်ဟုဆိုသည်။

”ကျွန်တော်တို့က ဘုန်းကြီးတွေရဲ့ စိတ်ပူမှု၊ စိုးရိမ်မှုတွေကို လည်း တစ်စုံတစ်ရာတော့ နားလည်ဖို့၊ အသိအမှတ်ပြုဖို့ လို တယ်။ တစ်ချိန်တည်းမှာပဲ ဘုန်းကြီးတွေရဲ့ လုပ်နိုင်စွမ်းတွေဟာ ဘယ်လောက်အထိရှိလဲ၊ ဘယ်လိုအချိန်တွေမှာ ရပ်ဖို့လိုမလဲဆို တာ သံဃာတော်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ဖို့လိုလိမ့် မယ်ထင်တယ်”ဟု ဦးကျော်လင်းဦးက သုံးသပ်သည်။

မျိုးစောင့်ဥပဒေ၏ ဆိုလိုရင်းမှာ ဗုဒ္ဓဘာသာ မြန်မာအမျိုး သမီးများကို အကာအကွယ်ပေးရန်ဟု ဆိုပါသည်။ တစ်နည်းအား ဖြင့် ဗုဒ္ဓဘာသာအမျိုးသမီးများကို အခြားဘာသာခြား တစ်ဦးဦး က လက်ထပ်လိုပါက ဗုဒ္ဓဘာသာသို့ ပြောင်းလဲရမည်ဟု ယေဘု ယျအားဖြင့် ယင်းဥပဒေ၏ရည်ရွယ်ရင်းကိုနားလည်ထားကြသည်။

တစ်ချိန်မဟုတ် တစ်ချိန် လွှတ်တော်သို့ တင်ပြဆွေးနွေး ကောင်း၊ ဆွေးနွေးနိုင်သည်ဟု လူအများယုံကြည်နေသည့် အဆို ပါဥပဒေကြမ်းကိစ္စနှင့်ပတ်သက်ပြီး လူထုကြားထဲတွင် သဘော ထားကွဲလွဲနေကြရုံသာမက လွှတ်တော်အမတ်များအတွင်းတွင် လည်း သဘောထားကွဲလွဲနေကြသည်ကို တွေ့ရသည်။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများကို ဥပဒေအရ အကာ အကွယ်ပေးရန် ရည်ရွယ်ထားသည့် ဥပဒေ ဖြစ်မြောက်လာရေးကို သံဃာတော်များက ဦးဆောင်ပေးကြသည်ကို သဘောကျကြ သည်များရှိသကဲ့သို့ သံဃာတော်များသည် လောကီကိစ္စများ၌ ဝင်ရောက်စွက်ဖက်လာနေကြပြီဟူသော ပြောဆိုမှုများလည်း ရှိပါသည်။

ဤတစ်ကြိမ်တွင် အရေးသာခဲ့ပါက နောက်နောင်ဥပဒေပြု ရေးကိစ္စများတွင်လည်း သံဃာတော်များ ပါလာကောင်းပါလာ ကြပြီး နောက်ပိုင်းတွင် ဘာသာရေးနှင့် နိုင်ငံရေး ရှုပ်ထွေးသွား မည်ကို စိုးရိမ်မှုများလည်း ရှိနေပါသည်။

ဦးခင်မောင်ဆွေ၏အယူအဆကတော့ ကိုယ့်အမျိုးကို စောင့်ချင်သူများကို အပြစ်ဆို၍ မရသော်လည်း လွန်လွန်ကျူး ကျူး ဖြစ်၊ မဖြစ်ကိုတော့ စောင့်ကြည့်ရဦးမည်ဟုဆိုသည်။

”သူ့အမျိုး သူစောင့်ချင်တာကတော့ အပြစ်ဆိုလို့ မရဘူး လေ။ လွန်လွန်ကျွံကျွံ ဖြစ်သလား၊ မဖြစ်သလားပဲ စောင့်ကြည့် ရမှာပေါ့”ဟု ၎င်းကဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်ကတော့ မျိုးစောင့်ဥပဒေတွင် အခန်း ဘယ်နှခန်းပါပြီး ပုဒ်မဘယ်နှခုပါသည်ကို မသိရှိရသေးသည့် အတွက်ကြောင့် သူ့အနေနှင့် ဘာမျှမပြောနိုင်ဟု ဆိုပါသည်။

”အားသာချက်က ဘာတွေ ရှိတယ်၊ အားနည်းချက်က ဘာတွေ ရှိတယ်ဆိုတာတွေကို အခုအထိကို မသိသေးဘူး။ မသိ သေးတာဖြစ်တဲ့အတွက် ကောင်းတယ်၊ မကောင်းဘူးဆိုတာကို အခုအထိမပြောနိုင်သေးဘူး”ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

သံဃာတော်များအားလုံး နိုင်ငံရေးလုပ်သင့်သည်ဟု ခံယူ ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ကမူ သူ့အနေနှင့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများကို အကာ အကွယ်ပေးမည့် မျိုးစောင့်ဥပဒေကို လက်လည်း လက်ခံသည်။ ကြိုက်လည်း ကြိုက်သည်ဟုဆိုသည်။

”ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေ ရေးဆွဲပေးတဲ့ အတွက်ကြောင့် စိတ်ထဲမှာ ကျေးဇူးတင်လျက်ရှိပါတယ်။ ခေတ် ကြီး သုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ ဒုက္ခများကို အခြေခံပြီးပြောရတာပါ”ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက ၎င်းတစ်ဦးတည်း၏ အမြင်ကိုပြောသည်။

ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးများ၏ ဘဝမှာ နိုင်ငံခြားသားများ၏ ပျော်တော်ဆက်ဘဝသာဖြစ်ခဲ့ရပြီး ၎င်း တို့၏ ခင်ပွန်းများ သေဆုံးသွားသည့်အခါ သိရဲ့သားနှင့် မတတ် နိုင်၍ဖြစ်စေ၊ မသိ၍ဖြစ်စေ အခွင့်အရေးများ ဆုံးရှုံးနေရသော ကြောင့် ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရသည့် အမျိုးသမီး များ၏ ဒုက္ခနှင့် သုခများကို အခြေခံကာ ယခုကဲ့သို့ ပြောရခြင်း ဖြစ်သည်ဟု ဆိုသည်။

သားသုံးသား မူလနေရာ ရောက်ရှိရေး

မည်သို့သောအနေအထားမျိုး ဖြစ်စေကာမူ သံဃာတော် များ လောကီရေးရာများဖြင့် အချိန်ကုန်ကြရမည်ကို စိုးရိမ်မှုများ လည်းရှိပါသည်။ နောက်တစ်ခုစိုးရိမ်နေကြသည့်အချက်မှာ သံဃာတော်များ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပတ်သက်လာပါက စစ်တပ်ကို နိုင်ငံရေးထဲက ထုတ်မရသလို ဘုန်းတော်ကြီးများကို လည်း ဖယ်ထုတ်မရဖြစ်မည်ကို နိုင်ငံရေးလေ့လာသူများက စိုးရိမ်နေကြသည်။

ဦးကျော်လင်းဦးကတော့ ဘုန်းတော်ကြီးများနှင့် စစ်တပ် နှစ်ရပ်စလုံး နိုင်ငံရေးလောကမှ ထွက်ပြီး သူတို့မူလလုပ်ငန်းစဉ် သို့ ရောက်ရှိအောင် ဆောင်ရွက် ပေးရမည်ဟု ဆိုသည်။

”အဲဒီအင်အားစု (သံဃာ တော်နှင့် စစ်တပ်)နှစ်ခုစလုံးက တစ်ချိန်ချိန်မှာ နိုင်ငံရေး လောက ကနေ ဖယ်ပြီးတော့ သူတို့မူလ လုပ်ငန်းစဉ်တွေကို လုပ်ရမယ့် အင်အားစုတွေ ဖြစ်တယ်။ အဲဒီ ကာလကို အမြန်ဆုံး ရောက်ဖို့ လိုလိမ့်မယ်ထင်ပါ တယ်”ဟု ၎င်း ကဆိုသည်။

”ကျွန်တော်တို့လူ့အဖွဲ့အစည်း ကိုယ်၌ကိုယ်က လူ့အဖွဲ့ အစည်းထဲမှာ အင်အားတွေ ကောင်းလာမယ်။ ကိုယ့်ရဲ့ ရပ်ရေး ရွာရေး၊ အမျိုးဘာသာစောင့်ရှောက်ရေးကို ပြည်သူလူထု ကိုယ်တိုင်က ကိုယ်ပိုင်စိတ်ဓာတ်နဲ့၊ ကိုယ်ပိုင်ခံယူချက်နဲ့ လုပ်လာ နိုင်ပြီဆိုရင် ဘုန်းကြီးတွေက သူတို့ဝင်ပြီးတော့မှ လုပ်ပေးစရာ မလိုတဲ့ အခြေအနေကို ရောက်လာနိုင်မယ်”ဟု ဦးကျော်လင်းဦး က ဆိုသည်။

ထိုကာလမျိုးရောက်လာလျှင်တော့ ဘုန်းတော်ကြီးများ လည်း ဘာသာရေးကိစ္စများမှာပဲ ပျော်မွေ့ပြီး ရပ်ရေးရွာရေးများ ကိုလည်း လူတွေကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်လာကြ မည့် အနေအထားမျိုး ရောက်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။

”အခုအချိန်မှာတော့ ဘုန်းကြီးတွေက ဘာသာ၊ သာသနာ နဲ့ အမျိုးသားရေးကို စောင့်ရှောက်ရေးလုပ်ငန်းစဉ်ကို သူတို့ရဲ့လုပ် ငန်းစဉ်လို့ ခံယူနေတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ လုပ်ငန်း စဉ်တွေအပေါ်မှာ ကျွန်တော်တို့က အချိန်ကာလတစ်ခုကိုတော့ စောင့်ရလိမ့်မယ်”ဟု ဦးကျော်လင်းဦးက ဆိုသည်။

ဦးမင်းဇင်ယူဆသည်ကလည်း မြန်မာနိုင်ငံတွင် သားသုံး သားဟု ဆိုနေကြသော စစ်သား၊ ကျောင်းသားနှင့် ဘုရားသား တော်များ၏ အခန်းကဏ္ဍအရေးပါပုံကို အရှိတရားအရ လက်ခံ သော်လည်း ထိုသားသုံးသားသည် သူ့အလုပ်သူ လုပ်ဖို့ လိုအပ် သည်ဟု ဆိုသည်။

”သားသုံးသားက ခုနပြောတဲ့ သူတို့အလုပ်တွေကို မလုပ် ဘဲနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်နေရတယ်ဆိုတာ အဲဒီ တိုင်းပြည်ဟာ ပုံမှန်မဟုတ်တဲ့ တိုင်းပြည်၊ ပုံမှန်မဟုတ်တဲ့ အခြေ အနေဖြစ်နေပြီလို့ ကျွန်တော်က ထင်တယ်”ဟု ဦးမင်းဇင်က ဆိုသည်။ ရဟန်းတော်များအနေဖြင့် ၎င်းတို့၏တာဝန်ဖြစ်သည့် ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ အလုပ်များကိုလုပ်သင့်ပြီး စစ် သားများဆိုလျှင်လည်း ပရော် ဖက်ရှင်နယ်ပီသစွာ တိုင်းပြည် ကာကွယ်ခြင်းနှင့် ပြည်တွင်း ပြည်ပရန် ကာကွယ်ခြင်းများ လုပ်သင့်သည်ဟုဆိုသည်။ ကျောင်းသား များဆိုလျှင်လည်း ပညာရေးတွင် ထူးချွန်အောင် ကြိုးစားပြီး အသက်မွေးဝမ်း ကျောင်း နယ်ပယ်ထဲတွင် ဝင်ရောက်ကာ  တိုင်းပြည်တိုးတက် ရေးအတွက် တစ်စုံတစ်ရာ ပါ ဝင်သင့်သည်ဟု ဦးမင်းဇင်က သုံးသပ်သည်။

ရွှေညဝါဆရာတော် ယူဆ သည်ကလည်း နိုင်ငံရေးမှာပါဝင် ပတ်သက်သည့် ဘုန်းတော်ကြီး များအနေနှင့် ကိုယ်လုပ်နိုင်သည့် အတိုင်းအတာထက် ပိုပြီးတော့ မလုပ်သင့်ဟု မိန့်ပါသည်။

”အဲဒီကိစ္စတွေများသွားရင် တို့ရဲ့ မူလ ပဋိပတ္တိ၊ ပရိယတ္တိ တွေ လျော့ရဲသွားရင် တို့ရဲ့ အစဉ်အလာ ကောင်းခဲ့တဲ့ ထေရဝါဒ တို့တိုင်းပြည်ကြီးဟာ လောကီရေးရာ တွေနဲ့ ရှုပ်ယှက်ခတ်လို့ လောကအရေး ရှေ့တန်းရောက်သွားရင်  လောကုတ္တရာရေးရာ တွေ မှေးမှိန်ပြီးတော့ သာသနာ ဆုတ်ယုတ်သွားလိမ့်မယ်”ဟု ရွှေညဝါဆရာတော်က မိန့်ပါသည်။

အခြားတစ်ဖက်တွင်လည်း လူများက ဘုန်းကြီးကိစ္စများ တွင် ဝင်မရှုပ်ဖို့နှင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ရွှေညဝါဆရာ တော်က ယခုလိုမိန့်ပါသည်။

”လူဟာလည်းပဲ ဘုန်းကြီးတွေအလုပ်ကို ဝင်ရှုပ်ရင် မတော်ဘူး။ ဘုန်းကြီးတွေက လူအလုပ်ကို ဝင်ရှုပ်လွန်းရင်လည်း မတော်ဘူး” ။    ။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."