၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။
စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေထဲမှာရှိမ္မကား ဆရာခြိမ့်အကြောင်း ဖတ်ဖူးစဉ်ကတည်း က ရှိမ္မကားက ကျွန်တော့်စိတ်မှာ စွဲထင်နေတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က ရှိမ္မကားကို အလုပ်ကိစ္စနဲ့ ပထမဆုံး ရောက်ဖူးခဲ့တယ်။ အဲဒီတုန်းက ဧရာဝတီမြစ်ရိုးအတိုင်း မန္တလေး မရမ်းခြံဆိပ်ကနေ မော်တော်နဲ့ ဆန်တက်ခဲ့ကြတာပါ။ နိုဝင်ဘာ ဒုတိယပတ်ထဲမှာ ရှိမ္မကားကို အလည်သွားကြဖို့ 7DAYသတင်းထောက် ကိုညီက အဖော်စပ်တယ်။ ကျွန်တော်နဲ့ ကိုညီ ခရီးတွေ ထွက်ခဲ့ပေါင်းများပြီ။ သူက သွားလို့လာလို့ကောင်းတဲ့ ခရီးသွားဖော်တစ်ယောက်။
ကျွန်တော်တို့နှစ်ယောက် နိုဝင်ဘာဒုတိယပတ်မှာ ဆိုင် ကယ်တစ်စီးနဲ့ ရှိမ္မကားကို ထွက်ခဲ့ကြတယ်။ စစ်ကိုင်းမြို့ ကောင်း မှုတော်ဘုရားအနီး ခရိုင်ချင်းဆက် အမှတ် ၃ လမ်းအတိုင်း သွား ခဲ့ကြတာပါ။ အဲဒီလမ်းက လမ်းအနည်းငယ်ကျဉ်းပြီး အချို့နေရာ တွေမှာ ရေကျော်တွေ ရှိနေတာက လွဲလို့ သွားလို့လာလို့ ကောင်း တယ်။ ခရိုင်ချင်းဆက်လမ်းကို ဗျူဟာလမ်းလို့လည်း ခေါ်ကြသေး တယ်။ ကောင်းမှုတော်လမ်းဆုံကနေ ရှိမ္မကားအထိ ၂၆ မိုင်သာ ကွာဝေးတယ်။ မိုးရေတိုက်စားထားလို့ အပေါက်ဖြစ်နေတဲ့ လမ်း တွေကို ဖာထေးနေတဲ့ လမ်းလုပ်သားတွေလည်း တွေ့ခဲ့ရတယ်။
ရှိမ္မကားကို ရောက်တော့ ရွာထဲ တန်းမဝင်ဘဲ တောရကြီး ကျောင်းတိုက်ဘက်က လှည့်ဝင်ခဲ့ကြတယ်။ တောရကြီးကျောင်း ကို သွားရာလမ်းက သဲဆန်တဲ့ မြေလမ်း။ ဘေးတစ်ဖက်တစ်ချက် မှာ လျှိုတွေ၊ ချိုင့်ဝှမ်းတွေ၊ ချောက်တွေ ရှိတယ်။ တောရကြီး ဘေးမဲ့တော မရောက်ခင်အထိ သစ်ကြီးဝါးကြီးရယ်လို့ မရှိဘဲ ချုံပုတ်တွေသာ များတယ်။ တောရကြီးကျောင်း နီးလာတာနဲ့အမျှ သစ်ပင်တွေ စိပ်သထက် စိပ်လာတယ်။ တောရကြီးကျောင်း အနီးဝန်းကျင်က တောတွေကတော့ နေပြောက်မထိုးနိုင်အောင် ပါပဲ။ ဒါပေမဲ့ အပင်ကြီးတွေမဟုတ်ဘဲ ပင်ပျိုတွေများတယ်။ အပူ ပိုင်းဒေသပေါက်အပင်တွေဖြစ်တဲ့ သန်းနဲ့ ဒဟတ်ပင်တွေက အများသားပါ။
ကျွန်တော်တို့ တောရဘုန်း တော်ကြီးကျောင်း ရောက်ရှိချိန် မှာ ကျောင်းထိုင် ဆရာတော် က ဆွမ်း ဘုဉ်းပေးနေတယ်။ ကျောင်းဝင်းထဲမှာ အဝေးက ဧည့်သည် သုံးဖွဲ့လောက်လည်း ရောက်နေကြတယ်။ ဆရာတော် ဆွမ်းဘုဉ်း ပေးပြီးချိန်မှာ ဆရာတော်ကို သွားကန်တော့ကြတယ်။ တောရ ကြီးကျောင်းမှာ ကပ္ပိယကြီး လုပ်နေတဲ့ ဦးမန်းတင်က တောရကြီး ကျောင်းနဲ့ တောရကြီးဘေးမဲ့တောအကြောင်း ရှင်းပြပါတယ်။
တောရကြီးကျောင်းနဲ့ တောရကြီးဘေးမဲ့တောက ရှိမ္မကား ရဲ့ တောင်ဖျားမှာ ရှိတယ်။ တောရကြီးကျောင်းက မင်းတုန်းမင်း ရဲ့ ကောင်းမှုကုသိုလ် ဖြစ်ပြီး မြန်မာသက်္ကရာဇ် ၁၂၂၄ မှာ ဆောက် လုပ် လှူဒါန်းခဲ့တာပါ။ မင်းတုန်းမင်းကောင်းမှု ကျောင်းတွေ၊ သိမ်တွေ အခုထိရှိနေသေးပြီး ကုန်းဘောင်ခေတ် ပန်းတမော့ လက်ရာတွေ၊ ပန်းပုလက်ရာတွေကို လေ့လာနိုင်တယ်။ သစ်ကြီး ဝါးကြီးတွေနဲ့ ဆောက်လုပ်ထားတဲ့ သစ်သားဘုန်းကြီးကျောင်း ကြီးက အခုထိ အကောင်းပကတိအတိုင်း ရှိနေသေးတယ်။ သစ် သားကျောင်းဆောင်ကြီးက ငါးခန်းပတ်လည် ဖြစ်ပြီး ဘုံခုနစ် ဆင့် ပြာသာဒ် ပါဝင်တယ်။
တောရကြီးကျောင်းရဲ့ ပထမဆုံး ကျောင်းထိုင်က ပထမရွှေကျင်သာသနာပိုင်ဆရာတော် ဦးဇာဂရဖြစ်ပါ တယ်။ မင်းတုန်းမင်းကြီး ကိုးကွယ်တဲ့ ဆရာတော်ဖြစ်လို့ နန်းတော်ကနေ နေ့စဉ်ဆွမ်းအုပ်ပို့ လှူဒါန်းတယ်။ ကျောင်းကြီးက တောအုပ်အလယ်မှာဖြစ်လို့ ဆိတ် ငြိမ်တယ်။ ကျောင်းအရှေ့ဘက်မှာ မြစ်မင်းဧရာဝတီ က တငြိမ့်ငြိမ့်စီးဆင်းနေတယ်။ ကျောင်းဝင်း အတွင်းမှာ ရှေးခေတ်လက်ရာ သာသနိက အဆောက်အအုံတွေ အစီအရီဖူးတွေ့ နိုင်ပါတယ်။ ကျောင်းဝင်းတစ်ခုလုံး သက်တမ်းရင့် မန် ကျည်းပင်ကြီးတွေက အုပ်မိုးထားတယ်။ သစ်သားကျောင်းဆောင်ကြီးရဲ့ တောင် ဘက်မှာ မင်းတုန်းမင်းကောင်းမှု နှစ်ထပ်အုတ်ကျောင်းကြီးရှိတယ်။ သရက်ကင်းအုတ်လှေကား ကြီးတွေနဲ့ လှေကားပေါင်းမိုးတွေက လက်ရာမြောက်လှတယ်။ သစ်သားကျောင်းဆောင်အရှေ့ဘက် ဧရာဝတီမြစ် ကမ်းနဖူးမှာ တော့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတစ်ဆူကို ဖူးတွေ့နိုင်ပါတယ်။ ကျောင်းဝင်းကြီးက ကျယ်ဝန်းပေမယ့် အမှိုက်တစ်စမရှိဘူး။ ခရီးသွားလုပ်ငန်းအချို့က ကျောင်းတိုက်အတွင်းမှာ အမှိုက်ပုံး တွေ လှူဒါန်းထားတယ်။

တောရကြီးဘေးမဲ့တောက ဧက ၃၃၄ ကျယ်ဝန်းပြီး ဘေးမဲ့ တောအတွင်း သမင်၊ တောခွေး၊ ချေ၊ တောကြောင်၊ တောကြက် တွေ ကျက်စားကြတယ်။ ဘေးမဲ့တောအဖြစ် မင်းတုန်းမင်းက စာ ချွန်တော်ထုတ်ပြီး သတ်မှတ်ခဲ့တာပါ။ ရေပိုးရေမွှား၊ သစ်ပင်၊ သစ် တော၊ ကုန်းနေသတ်္တဝါတွေကို ဘေးမဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ““ကျွန်တော် ကပ်္ပိယလုပ်တော့မယ်ဆိုတော့ သမိုင်းသိအောင် ဖတ်ရမှတ်ရတယ်။ ဒီသစ်တောအတွင်းမှာ မီးနဲ့ ပတ်သက်တာ ခွင့်ပြုမထားဘူး။ လာဖွင့်တဲ့ ဈေးဆိုင်တွေအားလုံး ရေနွေးတည် ချင်ရင် ဓာတ်ဘူးနဲ့ ရွာက ယူလာရတယ်။ ကျွန်တော်တို့ရွာက တောကို ကျွန်တော်တို့ မထိန်းသိမ်းရင် ဘယ်သူ ထိန်းသိမ်းမလဲ”” လို့ တောရကြီးကျောင်း ကပ်္ပိယ ဦးမန်းတင်က ပြောပါတယ်။ တောရကြီးကျောင်းမှာ လျှပ်စစ်ထရန်စဖော်မာ ထိုင်ထားပေမယ့် လျှပ်စစ်မီး မရသေးပါဘူး။ ရှိမ္မကားရွာမှာတော့ လျှပ်စစ်မီး ရနေ ပါပြီ။

ရှိမ္မကား တောရကြီးဘေးမဲ့တောက လူမှုကွန်ရက်ကျေးဇူး နဲ့ နေ့စဉ် ဧည့်သည် မပြတ်တော့ပါဘူး။ ပရီဝက်ဒင်း ရိုက်ကြတဲ့ မင်္ဂလာမောင်မယ်တွေလည်း တောရကြီးတောကို မျက်စိကျကြ တယ်။ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့က တောရကြီးကိုလာတဲ့ ဧည့် သည်ကားတွေ အစီးသုံးရာကျော်အထိ ရှိခဲ့ပါသတဲ့။ တောရကြီး တောရဲ့ သတ်မှတ်ဧရိယာက အရှေ့ဘက် ဧရာဝတီမြစ်၊ အနောက် ဘက် ရေထွက်သဲဖြူ၊ တောင်ဘက် ကျောက်တံတားချောင်း၊ မြောက်ဘက် ရှိမ္မကားရွာ ဖြစ်ပါတယ်။
ရှိမ္မကားရွာနဲ့ တောရကြီးကျောင်းကို ဦးရိုးလမ်းနဲ့ ဆက် သွယ်ထားတယ်။ ဦးရိုးလမ်းက ကျောက်လမ်းပါ။ လမ်းဘေးဝဲ ယာမှာ ကျေးငှက်သာရကာတွေရဲ့ သီကျူးသံကို ကြားနေရတယ်။ ဆိုင်ကယ်နဲ့ ငါးမိနစ်သာသာ မောင်းသွားရုံနဲ့ ရှိမ္မကားကို ရောက် ပါပြီ။ ရှိမ္မကားက တစ်ချိန်က မြို့အဖြစ် ထည်ထည်ဝါဝါ ရှိခဲ့တဲ့ မြို့။ အခုတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝက်လက်မြို့နယ် အတွင်းက တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာမျှသာ ဖြစ်နေတော့ တယ်။ ရှိမ္မကားက ရွာဆိုပေမယ့် အရင်ကတည်းက မြို့နဲ့ ကူးလူး ဆက်ဆံမှု ရှိခဲ့တော့ မြို့ရည်မြို့သွေး ဝနေတယ်။ ဆိပ်ကမ်း၊ ဈေး၊ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းတွေ ရှိတယ်။
ရှိမ္မကားက အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ဆိပ်ကမ်းရွာ ကြီး။ အိမ်ခြေ ၉၄၉၊ အိမ်ထောင်စု ၆၈၀၊ လူဦးရေ ၃,၀၄၃၊ အကျယ်အဝန်း ၇၁ ဧက ရှိ တယ်။ နေ့စဉ် မန္တလေးကို မော်တော် နှစ်ခေါက် ပြေးဆွဲတယ်။ မန္တလေး အစုန်မော်တော်က နှစ်နာရီ ကျော် ကြာပြီး အဆန်မော်တော်က သုံးနာရီကျော် ကြာမြင့်တယ်။ ဝက်လက်မြို့နဲ့ ၁၄ မိုင် ကွာဝေးတယ်။ ရှိမ္မကားက ဈေးမြို့လို့ ဆိုနိုင်တယ်။ အိမ်ဆိုင်တွေ ပေါတယ်။ လက်ဖက်ရည်ဆိုင်၊ အဝတ် အထည်ဆိုင်၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးပစ်္စည်းဆိုင်၊ ဖုန်းဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ မုန့်ဆိုင်တွေ ရှိတယ်။ သာသနာ့ပါလ ဘုံဆွမ်းလောင်းအသင်း ရှိတဲ့အပြင် မေတ်္တာအလင်းရောင် လူမှု ကူညီရေးအသင်းလည်း ရှိပါတယ်။ ရှိမ္မကားဒေသထွက် အစား အစာတွေထဲမှာ မုန့်တီကလည်း နာမည်ကြီးတယ်။ ကျွန်တော်တို့ နှစ်ယောက် ရှိမ္မကား ဈေးအနီးက မုန့်တီဆိုင်မှာ မုန့်တီဝင်စားကြ တယ်။ မုန့်တီတစ်ပွဲ ကျပ်သုံးရာဖြစ်ပြီး စားရတာ အရသာရှိတယ်။
ရှိမ္မကားမှာ လျှပ်စစ်မီးတွေ ရနေပါပြီ။ သွားရေးလာရေး အရင်ထက် ပိုမိုလွယ်ကူလာလို့ မြို့နဲ့ ကူးလူးဆက်ဆံမှုတွေ ပိုများ လာတယ်။ ရှိမ္မကားဒေသခံတွေရဲ့ အဓိကစီးပွားရေးက တောင်သူ လုပ်ငန်းနဲ့ ဈေးသည်လုပ်ငန်းပါ။ ရှိမ္မကားမှာ ယာသီးနှံတွေကို အများဆုံး စိုက်ပျိုးကြတယ်။ ဂျုံ၊ ကုလားပဲ၊ ပဲစင်းငုံနဲ့ မြေပဲတွေ အဓိကထား စိုက်ပျိုးကြတယ်။ မနှစ်က ပဲစင်းငုံသမားတွေ ဈေး ကွက်မကောင်းလို့ အထိနာခဲ့ရတယ်။ မိုးကောင်းတဲ့ နှစ်တွေမှာ တော့ လယ်စိုက်ကြတာလည်း ရှိပါတယ်။ ရှိမ္မကားက စီးပွားရေး ပွင့်လန်းပုံရတယ်။ တိုက်တာအိမ်ခြေတွေ အသစ်ဆောက်လုပ် နေတာလည်း တွေ့ရတယ်။ ဒေသခံတွေရဲ့ ကားတွေ၊ ဆိုင်ကယ် တွေက ရွာလယ်လမ်းမှာ ဥဒဟို သွားလာနေတယ်။
ရှိမ္မကားခရီးစဉ်က ပျော်ဖို့ကောင်းတယ်။ ရှိမ္မကားမှာ ကျေးလက်ဒေသ အငွေ့အသက်တွေ အပြည့်အ၀ ကျန်နေသေး တဲ့အပြင် ကုန်းဘောင်ခေတ် ယဉ်ကျေးမှုလက်ရာအမွေအနှစ် တွေ၊ သဘာဝတောတွေ၊ တောရိုင်းတိရစ္ဆာန်တွေ တစ်နေရာ တည်းမှာ လေ့လာနိုင်တယ်။ တောရကြီး ဘေးမဲ့တောအတွင်းက သန့်ရှင်းလတ်ဆတ်တဲ့ တောရနံ့ တောင်ရနံ့တွေ ရှူရှိုက်ရင်း၊ တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ မြစ်မင်းဧရာကို တွေတွေငေးရင်း၊ အရသာရှိတဲ့ တန်ဖိုးသင့်တဲ့ ဒေသအစားအစာတွေ စားသောက် ရင်း၊ သံစုံတေးသီကျူးကြတဲ့ ကျေးငှက်သာရကာတွေရဲ့ အသံကို နားထောင်ရင်း၊ အရိုင်းဆန်ဆန်လှနေတဲ့ သဘာဝတောတွေကို ထိတွေ့ကိုင်တွယ်ရင်း ဘဝအမောတွေ ဖြေဖျောက်နိုင်တဲ့ ခရီးစဉ်ပါ။

ရှိမ္မကားက ထွက်တော့ မွန်းလွဲပြီ။ ကျွန်တော်တို့ ဟန်လင်း ဘက်ကို ခရီးဆက်ခဲ့ကြတယ်။ ဟန်လင်းက ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ပျူမြို့ပြဟောင်းရှိတဲ့ အညာရွာကြီး ဖြစ်တယ်။ ရှိမ္မကားရဲ့ အနောက်မြောက်ယွန်းယွန်းမှာ ဟန်လင်းရွာကြီး ရှိပါ တယ်။ ရွှေဘိုခရိုင် ဝက်လက်နယ်က မိုးကောင်းရေသောက်လယ် တွေနဲ့ ရေသွင်းစိုက်ပျိုးရေးတွေကြောင့် စိမ်းစိုလှပတယ်။ စာရေး ဆရာကြီး ရွှေဥဒေါင်းရဲ့ ဇာတိ မန်ကျည်းတုံ၊ တောရကြီးဘေးမဲ့ တောကြောင့် ထင်ရှားတဲ့ ရှိမ္မကား၊ စကားပြောဆိုရာမှာ နာမည် ကျော်တဲ့ လှတောတို့အပြင် ပျူခေတ်ယဉ်ကျေးမှုတွေ ထွန်းကား ရာ ဟန်လင်းနဲ့ ကုန်းဘောင်ခေတ်ဦး မုဆိုးခြုံရွာတို့ကလည်း ဝက်လက်နယ်ထဲမှာ ရှိတယ်။
ဟန်လင်းက ပျူယဉ်ကျေးမှုထွန်းကားပြီး ရှေးဟောင်း ပြတိုက်လည်း ရှိတယ်။ ဟန်လင်းမြို့ဟောင်းကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားတယ်။ ကျွန်တော် တို့ ဟန်လင်းရောက်ချိန်က မွန်းလွဲချိန် ဖြစ်လို့ ဟန်လင်းမှာ လူသူ ရှင်းလင်းတယ်။ ရာစုနှစ်တွေကို ဖြတ်သန်းလာခဲ့ရတဲ့ ဟန်လင်း မြို့ဟောင်းဒေသက အခုတော့ ပီဘိ အညာရွာကြီး ဖြစ်နေပါပြီ။

ဟန်လင်းရွာကို စံပြရွာအဖြစ် သတ်မှတ်ထားပြီး အိမ်ခြေ တစ်ထောင်ဝန်းကျင် ရှိတယ်။ ဟန်လင်းမှာ အခြေခံပညာအထက် တန်းကျောင်းလည်း ရှိပါတယ်။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တွေ လည်း ဟန်လင်းမှာ တွေ့ရတယ်။ ရှေးမြို့ဟောင်း ဟန်လင်းမှာ လျှပ်စစ်မီး ထိန်ထိန်ညီးတာ မကြာသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ် ကျော်ကမှ လျှပ်စစ်မီးရခဲ့တာပါ။ ဟန်လင်းမှာ ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မီးသတ်တပ်ဖွဲ့ စတဲ့ ရုံးဌာနတွေကို တစုတဝေး တွေ့ရတယ်။ ဟန်လင်းရွာက ပြန့်ပြန့် ကျယ်ကျယ်ကြီး ဖြစ်ပြီး လက်ဖက်ရည်ဆိုင်၊ ဖုန်းဆိုင်၊ ဆိုင်ကယ် ဝပ်ရှော့တွေလည်း ပေါတယ်။ ဟန်လင်းကနေ မုဆိုးခြုံ၊ ယင်း တော၊ ကျေးသီးကုန်း၊ စိုင်နိုင်ကွေ့အထိ ကတ္တရာလမ်း ဖောက် လုပ်ထားပါတယ်။ အရင်က ကျောက်ကြမ်းလမ်း ဖြစ်ပေမယ့် ကတ္တရာလမ်းအဖြစ် လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က အဆင့်တိုးမြှင့် ခဲ့တာပါ။
ဟန်လင်းပြတိုက်က ကားလမ်းမနံဘေးမှာ ရှိတယ်။ အုတ် ကာသွပ်မိုး တစ်ထပ်အဆောက်အအုံ ပြတိုက်လေးက ခြံဝင်း အတွင်းမှာ ခန့်ခန့်ထည်ထည် တည်ရှိပါတယ်။ ပြတိုက်ထဲ ဝင်ပြီး လေ့လာဖို့ကောင်းပေမယ့် ပြတိုက်ပြင်ပမှာ ရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ကြည့်ချင်သေးတာရယ်၊ ဟန်လင်းရွာ သားတစ်ယောက်တလေနဲ့ ဖြစ်ဖြစ် ထွေရာလေးပါး ပြောချင်တာ ရယ်ကြောင့် ပြတိုက်ဝင်ပြီး လေ့လာဖို့ အခွင့်အရေးကို လက်လွှတ် ခဲ့ရတယ်။
ဟန်လင်းရွာအထွက်မှာ ကြီးမားတဲ့ ကုက္ကိုပင်ကြီးတစ်ပင် ရှိပြီး ကတ္တရာလမ်းပေါ် အရိပ်တွေ မိုးပေးထားတယ်။ ကုက္ကိုပင် ကြီးရဲ့ အခြေမှာ ပေငါးဆယ်ပတ်လည်အုတ်ခုံ ခင်းပေးထားပြီး ခရီးသွားတွေ နားခိုနိုင်အောင် ခုံတွေပါ လုပ်ပေးထားတယ်။ ကုက္ကိုပင်ကြီးရဲ့ တစ်ဖက်မှာ ရှိတဲ့ အိမ်ဆိုင်လေးမှာ ကျွန်တော်တို့ ခဏနားကြတယ်။ အညာကျေးလက်က ကုန်စုံဆိုင်လေးမှာ အညာသရေစာတွေ မရပေမယ့် ပက်ကင်လှလှ ထုပ်ပိုးထားတဲ့ အသင့်စား အစားအစာတွေ ရတယ်။ ကျွန်တော်က ကော်ဖီမစ် ထုပ် မှာသောက်ပြီး ကိုညီက အအေးဘူး မှာသောက်တယ်။
ကျွန်တော်တို့ ထိုင်တဲ့ဆိုင်က ထနောင်းပင်အောက်မှာ ဖွင့် ထားတာပါ။ ဆိုင်ရှင်က မြေတလင်းကို ပြောင်နေအောင် သန့်ရှင်း ထားတယ်။ ကုန်စုံဆိုင်ရှင်က လူလတ်ပိုင်းအရွယ် ဖြစ်ပြီး ကျွန် တော်တို့နဲ့ စကားစမြည် ပြောဖြစ်တယ်။ ဟန်လင်းသား ကုန်စုံ ဆိုင်ပိုင်ရှင်က လမ်းတစ်ဖက်က ကုက္ကိုပင်ကြီးကို လက်ညှိုးထိုးပြီး သက်တမ်း ၂၀၀ ကျော်ပြီ ဖြစ်တဲ့အကြောင်း ပြောတယ်။ ဟန် လင်းရွာက အသက် ၉၉ နှစ် အဘိုးအိုရဲ့ ပြောပြချက်အရ သူ့ အဘိုးတွေ လက်ထက်ကတည်းက အဲဒီ ကုက္ကိုပင်ကြီးက ပင်ပျို အနေနဲ့ ရှိခဲ့တာလို့ ဆိုပါတယ်။
ကျွန်တော်တို့ ယူနက်စကို ကျောက်ပြား စိုက်ထူထားတဲ့ အုတ်ရိုးကုန်းဘက် သွားခဲ့ကြတယ်။ လမ်းမှာ ရှေးဟောင်းဇုန် အမှတ်အသား စိုက်ထူထားတဲ့ စေတီ အပြိုအပျက်တွေ၊ အုတ်ရိုး ကုန်းတွေတွေ့ခဲ့ရတယ်။ အုတ်ရိုးကုန်း အမှတ် ၁၇ မှာ ကမ္ဘာ့ အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းဆိုတဲ့စာသားကို စကျင် ကျောက်ပြားပေါ်မှာ ရေးထိုးထားတယ်။ ကုန်းအမှတ် ၁၇ က ပျူမြို့ရဲ့ တောင်ဘက်မြို့ဝင်ပေါက် ဖြစ်ပါတယ်။ အုတ်ရိုးတွေပေါ် မတက်ဖို့ သတိပေးတားမြစ်ချက်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာ သာနဲ့ ရေးထိုးထားတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာနကလည်း ရှေးဟောင်းကုန်းတွေမှာ သတိ ပေးနှိုးဆော်ချက် ဆိုင်းဘုတ်တွေ စိုက်ထူထားတယ်။ ဟန်လင်းမြို့ ဟောင်း မြေပုံလည်း ရှေးဟောင်းကုန်းတွေအနီးမှာ စိုက်ထူထား ပါတယ်။
ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ ဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၃.၆.၂၀၁၈ မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပြီး ကာကွယ် စောင့်ရှောက်ထားပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်း နေအိမ်၊ အဆောက်အအုံ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ရိပ်သာ၊ တည်းခိုခန်း၊ အင်း၊ စားသောက်ဆိုင်၊ စက်မှုလက်မှု အလုပ်ရုံ ဆောက်လုပ်ခြင်းတွေမလုပ်ဖို့ သက်ဆိုင်ရာက တားမြစ်ထား တယ်။ ဒါ့အပြင် ခြံစည်းရိုးကာတာ၊ ခြံစည်းရိုးတိုင် စိုက်ထူတာ၊ မြေတူးခြင်း၊ ကျောက်တူးခြင်း၊ ရွှေကျင်ခြင်း၊ စက်ယ်္တရားကြီး များဖြင့် မြေညှိခြင်း၊ တောင်ကုန်းများဖြိုခြင်း၊ ရေမြောင်းများ ဖို့ခြင်း ဆောင်ရွက်မယ်ဆိုရင် ရှေးဟောင်းသုတေသနဌာနကို ကြိုတင်အကြောင်းကြားပြီး ဌာနရဲ့ ခွင့်ပြုချက်ရမှသာ ဆောင် ရွက်ကြဖို့ သတိပေးထားပါတယ်။ သတိပေးချက်ကို မလိုက်နာဘဲ ကျူးလွန်ဖောက်ဖျက်ပါက ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ထိန်းသိမ်းရေးဥပဒေအပြင် ဝက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ဒေသန္တရအမိန့်နဲ့ အရေးယူသွားမှာ ဖြစ် ကြောင်း ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီး သတိပေးထားတယ်။

ဟန်လင်းမှာ ရေပူတွင်းလည်း ရှိပါတယ်။ ဒေသခံတွေ အဆိုအရ ကြက်ဥပြုတ်လို့ရတဲ့အထိ ရေတွေက ပူတယ်။ ကျွန် တော်တို့ကို ကုန်စုံဆိုင်ရှင်က ရေပူတွင်းမှာ ရေချိုးသွားကြဖို့ ဖိတ် မန္တကလုပ်တယ်။ ဟန်လင်းရေပူတွင်းက အပူချိန် ၄၀ ဒီဂရီ စင်တီ ဂရိတ်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဟန်လင်းကနေ မုဆိုးခြုံရွာ ဘက် ဆက်ကူးခဲ့ကြတယ်။ မုဆိုးခြုံက ဟန်လင်းရဲ့ အနောက်ဘက် ရွှေဘို-မန္တလေး ကားလမ်းရဲ့ အရှေ့ဘက်မှာရှိတဲ့ ရှေးဟောင်းရွာ ကြီးတစ်ရွာ ဖြစ်တယ် မုဆိုးခြုံအနီးမှာ ယင်းတော၊ ကျေးသီးကုန်း စတဲ့ ရွာတွေ ရှိတယ်။ စကားကို တန်ဆာဆင်ပြောတဲ့ လှတောရွာ နဲ့လည်း နီးပါတယ်။ မုဆိုးခြုံရွာက လှတောရွာရဲ့ အရှေ့မြောက် ယွန်းယွန်းမှာ ရှိတယ်။
မုဆိုးခြုံက ကားလမ်း၊ ရထားလမ်းဆုံရာ ရွာကြီး ဖြစ်တယ်။ ရထားဘူတာရုံ ခပ်သေးသေးလေး ရှိတယ်။ ကုန်းခေါင်ခေါင် အညာရွာ ဖြစ်ပေမယ့် သစ်ကြီးဝါးကြီးတွေကြောင့် စိမ်းလန်းစို ပြည်တယ်။ မုဆိုးခြုံမှာ မုဆိုးခြုံရွာမနဲ့ မုဆိုးခြုံဘူတာရွာဆိုပြီး ရှိတယ်။ မုဆိုးခြုံရွာမက ရွာကြီးတစ်ရွာ ဖြစ်ပြီး မုဆိုးခြုံဘူတာရွာ ရဲ့ အရှေ့ဘက်မှာ ရှိတယ်။ မုဆိုးခြုံနှစ်ရွာစလုံးက ဟန်လင်း-စိုင် နိုင်ကွေ့ကားလမ်းနံဘေးက ရွာဖြစ်လို့ စည်ပင်တယ်။ နိုင်ငံရေး ပါတီဆိုင်းဘုတ်တွေလည်း မုဆိုးခြုံမှာ တွေ့ခဲ့ရပါတယ်။ မုဆိုးခြုံ ဘူတာရွာက ရင်းမာကန်ကျေးရွာအုပ်စုထဲမှာ ပါပြီး အိမ်ခြေ ၂၀၀ နီးပါး ရှိတယ်။ အိမ်ထောင်စု ၂၁၇ စု ရှိပြီး လူဦးရေ ၉၀၀ ကျော် နေထိုင်ကြတယ်။ မုဆိုးခြုံဘူတာရွာရဲ့ အကျယ်အဝန်းက ၅၁ ဧက ဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းကျောင်းလည်း မုဆိုးခြုံ မှာ ရှိတဲ့အပြင် လျှပ်စစ်မီးတွေလည်း သွယ်တန်းထားတယ်။ ဆဲလ်ဖုန်းတွေလည်း မုဆိုးခြုံမှာ ဆက်သွယ်လို့ရပါတယ်။
တကယ်တော့ မုဆိုးခြုံက ကုန်းဘောင်ခေတ်ဦး ရှေး ဟောင်းရွာဖြစ်လို့ လေ့လာစရာတွေ ပေါကြွယ်ဝတယ်။ အချိန် ပေးပြီး လေ့လာဖို့ကောင်းတယ်။ မုဆိုးခြုံက လက်ဖက်ရည်ဆိုင် မှာ ခဏတဖြုတ်နားပြီး ရပ်အကြောင်း ရွာအကြောင်း စနည်းနာ ဖို့ ပြင်ဆင်ထားပေမယ့် အိမ်ပြန်ရမယ့်ခရီး ရှိသေးလို့ မချင့်မရဲနဲ့ အဲဒီအခွင့်အရေး လက်လွှတ်ခဲ့ရတယ်။ အဆင်သင့်တဲ့အခါ မုဆိုး ခြုံကို နောက်တစ်ခါ အလည်လာချင်ပါသေးတယ်။ ဆောင်းဦး ပေါက်အညာခရီးစဉ်က ကျွန်တော်တို့အတွက် ပျော်ရွှင်ဖွယ်ခရီး ဖြစ်ခဲ့ပါတယ်။
- #Than_Naing_Oo
- #mawkun
- #magazine
- #chronicle