ကျွန်တော့်သဘောထား ရွေးကောက်ပွဲမှာ ပြောမယ်

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ အက်ဆေး ဖြစ်ပါသည်။

ကျော်ဇေယျာထွန်းရေးသည်။

မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရသာ တက်လာ မယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှာ ကျိန်းသေပဲလို့  ရိုးရိုးရှင်းရှင်း တွေးခဲ့ဖူးတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီအစိုးရ တက်လာဖို့ကို လှိုက်လှိုက်လှဲလှဲ မျှော်လင့်ခဲ့ဖူးတယ်။ အားကြိုးမာန်တက် ထောက်ခံခဲ့ဖူးတယ်။

ကျွန်တော် ကျောင်းသားဘဝက ဒီမိုကရေစီတွေ၊ စစ်အစိုးရ တွေဆိုတာ နားလည်ခဲ့တာ မဟုတ်ဘူး။  ကိုယ့်ကို အုပ်ချုပ်နေတဲ့ လူတွေဆိုတာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ၊ ကြီးကျယ်တဲ့သူတွေ ဖြစ် တယ်။ သူတို့လို နေရာရောက်ချင်ရင် သူတို့လိုဖြစ်အောင် ကြိုး စားရမယ်ဆိုတာပဲ သိခဲ့တယ်။

      သူတို့လို ဖြစ်ချင်ရင် ဆယ်တန်းအောင်အောင် ကြိုးစား၊ ဗိုလ်သင်တန်း လျှောက်၊  တပ်ထဲ ဝင်၊ ဗိုလ်ဖြစ်အောင် လုပ်။ ဘာမှန်းမသိဘဲ ဗိုလ်ဖြစ်ချင်ခဲ့တာလည်း တစ်ပိုင်းကို သေလို့။ ဒါပေမဲ့ ဆယ်တန်းအောင်တော့ အသက်ကြီးနေတာကြောင့် ဗိုလ်သင်တန်း မတက်ဖြစ်လိုက်ဘူး။ (အခုတော့ အသက်ကြီး သွားတာကိုပဲ ကျေးဇူးတင်နေမိတယ်။)

      ဆယ်တန်းအောင်လို့ စစ်တက်္ကသိုလ် တက်ခွင့်မရတဲ့ ကိုယ်တွေဟာ ထုံးစံအတိုင်း တက္ကသိုလ်ဆက်တက်ပေါ့။

      တက်္ကသိုလ်တက်နေရင်း တွေးမိတာတစ်ခုက ကိုယ်တွေ ၁၄ နှစ်ကြာအောင် ကျောင်းတွေ တက်ခဲ့ရပေမယ့် ဘာအတတ် ပညာမှ ဟုတ်တိပတ်တိ မတတ်သေးသလို လုပ်ငန်းခွင်ဝင်မယ် ဆိုရင်လည်း သာမန် အောက်ခြေအလုပ်သမားပဲ ရမယ်ဆိုတာကို သွားတွေ့တယ်။

      အဲဒီတော့ လုပ်ငန်းခွင်တစ်ခုမှာ ရိုးရိုးအလုပ်သမားတစ် ယောက်ဖြစ်ဖို့ အချိန်ကုန်ခံပြီး ဘာကြောင့်များ ကျောင်းတက်ဘွဲ့ ယူဖို့ လိုသေးလို့တုံး။ အစောကြီးကတည်းက အဲဒီလုပ်ငန်းခွင်မှာလုပ်ခဲ့မယ်ဆိုရင်တောင် လုပ်ငန်းကျွမ်းကျင်ပြီး နေရာတစ်ခုမှာ အေးအေးဆေးဆေး ဖြစ်နေလောက်ပြီလို့ တွေးမိတယ်။

      နောက်တစ်ခု သွားတွေ့တာက မြန်မာနိုင်ငံမှာ ဘွဲ့ရသူရော၊ ဘွဲ့မရသူပါ  မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေမှာ အလုံးအရင်းနဲ့ သွားပြီး အလုပ်လုပ်နေကြတာတွေ့တော့ ပိုလို့တောင် ဝမ်းနည်းမိ တယ်။ ငါတို့ စာသင်နေကြတာဟာ သူများနိုင်ငံမှာ ကျွန်သွားခံ ဖို့လား၊ ကိုယ့်ပညာရေးစနစ်က ကျွန်ပညာရေးစနစ်လား၊ အဓိက ဘာတွေကများ မှားနေတာလဲ စသဖြင့် တဖြည်းဖြည်း တွေးလာ မိတယ်။

      ဒါကြောင့် တတ်သိနားလည်တဲ့သူတွေကို မေးကြည့်တဲ့ အခါ သူတို့က မြန်မာနိုင်ငံရဲ့  ပညာရေးစနစ်ဟာ အခုလိုဖြစ် အောင် တမင်သက်သက် လုပ်ထားတာဖြစ်ကြောင်း၊ လူတွေရဲ့ တွေးခေါ် စဉ်းစားမှုတွေ မကွန့်မြူးအောင် တမင်ဖန်တီးထားတဲ့ ပညာရေးသာဖြစ်ကြောင်း အလင်းပြပေးကြတယ်။

      အစိုးရကရော ဘာကြောင့် အဲဒီလို လုပ်ရတာလဲ ဆိုတာကို ဆက်ပြီး စူးစမ်းမိတယ်။ အဲဒီတုန်းက အုပ်ချုပ်နေတဲ့ အစိုးရဟာ တိုင်းပြည်ရဲ့ အာဏာကို တရားမဝင် သိမ်းထားတဲ့ စစ်အစိုးရသာ ဖြစ်တယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ဌာနတွေမှာ စစ် တပ်ကပဲ တာဝန်ယူ အုပ်ချုပ်နေတာ ဖြစ်တယ်။ ဥပဒေဆိုတာဟာ လည်း သူတို့ ပါးစပ်ထဲမှာသာ ရှိတယ် စသဖြင့် ရှင်းပြကြတယ်။

      တကယ်တမ်း တရားဝင်ဖြစ်တဲ့ အစိုးရဆိုတာဟာ ပြည်သူ တွေက တင်မြှောက်တဲ့ အရပ်သားအစိုးရသာ ဖြစ်ပြီး စစ်တပ်အဖွဲ့ အစည်းဆိုတာလည်း အဲဒီပြည်သူက တင်မြှောက်တဲ့ အရပ်သား အစိုးရရဲ့ လက်အောက်မှာသာ ရှိသင့်တယ် ဆိုတာမျိုးတွေ ထပ် သိလာရတယ်။ အဲဒီ အုပ်ချုပ်မှုစနစ်ကသာလျှင် အများပြည်သူ လိုလားတဲ့ အုပ်ချုပ်ရေးဖြစ်တယ်၊ အဲဒါကို ဒီမိုကရေစီအုပ်ချုပ်ရေး လို့ ခေါ်တယ် စသဖြင့် ကျွန်တော့်မှာ ကိုယ်သိထားတာတွေနဲ့     ပြောင်းပြန်တွေ ဖြစ်နေတာကို သိလိုက်ရတယ်။

      ၂၀၁၀ တုန်းက ရွေးကောက်ပွဲကျင်းပပြီး အစိုးရတစ်ရပ် တက်လာပေမယ့် အရင်စစ်အစိုးရအဖွဲ့က လူတွေ ပါနေတာ ကြောင့် ဘောင်းဘီချွတ်အစိုးရ၊ ဒီမိုကရေစီစစ်စစ်မဟုတ်သေးဘူး ဆိုပြီး ကိုယ်တွေ လိုလားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့    ပြည်သူ့အစိုးရကိုသာ တမ်းတမျှော်ခဲ့ကြတယ်။

      ကိုယ်တွေမျှော်လင့်နေတဲ့ အစိုးရတက်လာရင်တော့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမယ်၊ တိုင်းပြည်ဟာ   အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးကြီးပွားလိမ့်မယ်၊ လွတ်လပ်ကြတော့ မယ်လို့ တွေးမိပြီး ပီတိတွေ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေး ကောက်ပွဲအပြီးမှာတော့ ပြည်သူတွေ မျှော်လင့်နေတဲ့ အစိုးရ တက်လာခဲ့ပါတယ်။

      ဒါပေမဲ့ အစိုးရသစ်ဟာ ကျွန်တော် မျှော်လင့်ထားခဲ့သလို တော့ ဖြစ်မလာခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာပေါင်း များစွာ ရှိပါတယ်။ ဒီပြဿနာတွေကို အစိုးရသစ်ဟာ ကာလတိုအတွင်းမှာ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးဆိုတာနားလည်ပေးလို့ရပါတယ်။ နောက် ဆုံးအစိုးရသစ်မှာ ပါဝင်ကြတဲ့ သူ တွေဟာ ထောင်ထဲမှာပဲ နေခဲ့ရတဲ့ အချိန်များတဲ့အတွက် အုပ်ချုပ်ရေး အတွေ့အကြုံမရှိလို့ လိုအပ်ချက်တွေ ရှိမှာပဲလို့လည်း ဖြည့်ပြီးတွေးပါ သေးတယ်။

      ဒါပေမဲ့ တိုင်းပြည်ပြောင်းလဲ တာ၊ မပြောင်းလဲတာ အသာထား၊ ပြည်သူတွေ တင်မြှောက်ထားတဲ့ လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေဟာ ပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ ရော၊ သတင်းသမားတစ်ယောက် အနေနဲ့ရော လက်မခံနိုင်တဲ့ လုပ်ရပ် တွေ၊ အပြောအဆိုတွေ တွေ့လာ ရတယ်။

      ဒီနေရာမှာ တွေးမိတာတစ်ခုက အစိုးရလုပ်မယ့် လူတွေ ဟာ သူတို့လိုချင်တဲ့ မဲပြားတွေ ရသွားကြတဲ့အခါမှာ ပြည်သူ့ မျက်နှာကို မကြည့်တော့ဘူး၊ လုပ်ချင်တာ လုပ်တယ်၊ ပြောချင် တာ ပြောမယ်ဆိုတဲ့ သဘောမျိုးတွေ တွေ့လာရတယ်။ အဲဒီလုပ် ရပ်တွေ၊ ပြောဆိုမှုတွေဟာ စေတနာ အမှားမဟုတ်ဘဲ ရည် ရွယ်ချက်ရှိရှိ ပြောဆိုနေကြတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ လာရတယ်။

      ဒါပေမဲ့ လက်ရှိအစိုးရက အဲဒီလိုတွေ လုပ်ကိုင်၊ ပြောဆိုနေ ပေမယ့် သိပ်ပြီး မဝေဖန်ရဲဘူး။ အရင်အစိုးရတွေတုန်းက သာမန် ပြည်သူတစ်ယောက်က ဖြစ်စေ၊ သတင်းမီဒီယာတွေက ဖြစ်စေ အစိုးရကိုဝေဖန်တယ်ဆိုရင် လက်ခုပ်သံတွေ ရတယ်၊ ပြင်းပြင်း ထန်ထန်ဝေဖန်လေ လက်ခုပ်သံ ပိုကျယ်လေပဲ။ အခု အစိုးရလက် ထက်မှာတော့ အစိုးရရဲ့လုပ်ရပ်တွေကို ဝေဖန်ထောက်ပြမိရင် အစိုးရကိုယ်စား ဝိုင်းပြီး လက်ညှိုးထိုး၊ ဆဲရေးတိုင်းထွာမယ့်သူက မရှားဘူး။ အခန့်မသင့်ရင် ဖမ်းဆီးတာတောင် ခံရနိုင်ပါတယ်။

      အရင်အစိုးရ (သမ်္မတ ဦးသိန်းစိန်) လက်ထက်တုန်းက အသရေဖျက်မှု ပုဒ်မ ၆၆(ဃ)အရ တရားစွဲခံရတဲ့အမှုဟာ ၁၀ မှု လောက်သာ ရှိပေမယ့် အခု ပြည်သူ့အစိုးရလက်ထက် နှစ်နှစ် ဆိုတဲ့ ကာလအတွင်းမှာပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရတဲ့ အမှုဟာ ၉၀ ကျော်အထိ ရှိလာပါတယ်။

      အခုလည်း မောင်တောမှာ သတင်းသွားယူပြီး ပြန်လာခဲ့တဲ့ သတင်းသမားနှစ်ဦးကို အစိုးရက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်း ဆီးတဲ့အခါမှာလည်း သာမန်ဖမ်းဆီးတဲ့ ပုံစံမျိုးမဟုတ်ဘဲ တမင် ထောင်ချောက်ဆင်ပြီး ဖမ်းဆီးသွားတာ ဖြစ်ပါ တယ်။ ပြီးတော့ အဖမ်းခံရတဲ့ သတင်း ထောက်နှစ်ဦးဟာ ဘယ်ရောက်လို့ ဘယ် ပေါက်မှန်းမသိ၊ ဘယ်မှာ ဖမ်းဆီးထား မှန်းမသိ၊ ဘယ်လောက်အထိ အနှိပ် စက်ခံနေရမှန်းမသိနဲ့ အရင် စစ် အစိုးရလက်ထက်က ပုံစံမျိုးတွေ အထိ လုပ် လာကြတယ်။

      ဒီနေရာမှာ ပြောစရာတစ်ခုရှိ တာက အခုကိစ်္စဟာ အစိုးရ မသိဘဲ တပ်မတော်ရဲ့ စီမံခန့်ခွဲမှု အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့က ဖမ်း တာလား၊ အစိုးရ ကိုယ်တိုင်ပဲ ပါဝင်နေသလားဆိုတာ မကွဲပြား တာပါပဲ။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ဖမ်း တယ်ထားဦးတော့ အစိုးရထုတ်တဲ့ သတင်းစာတွေမှာ သတင်းထောက်နှစ်ယောက်ကို သူခိုးတွေ လို လို၊ သူလျှိုတွေလိုလို၊ သစ်္စာဖောက်တွေလိုလို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာကတော့ အစိုးရရဲ့ ရပ်တည်ချက်ပဲလို့ ဆိုရမှာပဲ။

      နောက်ပိုင်းမှာတော့ အခု ဖမ်းဆီးမှုဟာ သမ်္မတရဲ့ ခွင့်ပြု ချက်နဲ့ ဖမ်းတာဆိုတော့ အစိုးရ လုပ်တာပဲပေါ့။

      ပြီးတော့ လက်ရှိ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း အရင် တုန်းက ကြွေးကြော်ခဲ့တဲ့ လူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုတာတွေဟာ တစ်ခွန်းမှ မကြားရတော့ ပါဘူး။

      အဲဒီထက်ဆိုးရွားတာက အရင်တုန်းက သတင်းမီဒီယာ ကောင်စီမှာ ဒုဥက်္ကဋ္ဌ လုပ်ခဲ့တဲ့  စာရေးဆရာ ဖေမြင့်ဟာ အခုကိစ်္စ မှာ ပြတ်ပြတ်သားသား ဘာတစ်ခွန်းမှ ပြောတာမရှိဘူး။ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ဘက်က မရပ်တည်ခဲ့ဘူး။

      ဆရာဖေမြင့်ဆိုတာ ကျွန်တော် လေးစားခဲ့ရတဲ့ စာရေး ဆရာ။ သူရေးတဲ့ စာအုပ်တွေ ဖတ်ပြီး ခွန်အားတွေ ဖြစ်ခဲ့ရတာ။ အဲဒီလို ကိုယ်လေးစားရတဲ့ စာပေလောကထဲက စာရေးဆရာ တစ်ယောက် အစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဝန်ကြီး ဖြစ်လာတယ်ဆိုတော့ စာပေလောကအတွက်ရော၊ သတင်း မီဒီယာအတွက်ပါ အများကြီး မျှော်လင့်မိခဲ့တယ်။

      တကယ်တမ်း လက်တွေ့မှာတော့ ကိုယ်မျှော်လင့်ထား သလို လုံးဝဖြစ်မလာဘူး။ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ သတင်းစာလွတ်လပ်ခွင့်တွေကို တဖွဖွ ပြောခဲ့ကြတဲ့သူတွေက သူတို့လည်း တကယ်တမ်း အစိုးရဖြစ်ရော သူတို့ပြောခဲ့တာတွေနဲ့ ဆန့်ကျင်ဘက်တွေကို လုပ်နေကြတာဟာ တကယ့်ကို အံ့သြ  စရာပါ။

      ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးနေတဲ့ အချိန်တုန်းက မီဒီယာတွေကို နေရာပေး၊ ဧည့်ခံပွဲတွေ လုပ်ပေး(တကယ်က ဒါမျိုးတွေလည်း လုပ်ပေးစရာ မလိုပါဘူး)၊ သူတို့ အနိုင်ရအောင် လုပ်ပေးဖို့အထိပါ ပြောခဲ့ကြပေမယ့် တကယ်တမ်း သူတို့အစိုးရ ဖြစ်သွားကြတဲ့အခါမှာ မီဒီယာတွေကို ကျီးကန်းတွေနဲ့တောင် ခိုင်းနှိုင်းတယ်၊ ဖမ်းဆီးတဲ့အထိ လုပ်ကြတယ်။

      နောက်ထပ် ထင်ရှားတာကို ထောက်ပြရမယ်ဆိုရင် ရန် ကုန်တိုင်းအစိုးရဟာမီဒီယာနဲ့ ပတ်သက်ရင် တင်းမာတဲ့သဘော၊ မလိုလားတဲ့ သဘောတွေ ရှိနေတာကို ထင်ထင်ရှားရှား တွေ့ရပါ တယ်။ အစောပိုင်းတုန်းကဆိုရင် ဝန်ကြီးချုပ်ကို ဝေဖန်လို့ဆိုပြီး အယ်ဒီတာတွေကို ဖမ်းဆီးအရေးယူခဲ့တယ်။ ရန်ကုန်တိုင်းအစိုးရ ကို ဝေဖန်လို့ဆိုပြီး မြန်မာမီဒီယာကောင်စီကို အရေးယူပေးဖို့ စာ ပို့တယ်၊ ပြီးတော့ သတင်းထောက်တွေကို အင်တာဗျူးလက်မခံဖို့ စာထုတ်တယ်။

      အခုလို မီဒီယာတွေ လွတ်လပ်လာဖို့ဆိုတာ သူတို့ ထောင်ကျခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး နိုင်ငံရေးလုပ်ခဲ့တာကို အကြွေးတောင်းသလိုလို၊ ကိုယ့်ဂုဏ်ကိုယ်ဖော်သလိုလိုနဲ့ ပြောလိုက်တာက ရှိသေး။

      ပြီးတော့ သတင်းသမားတွေအနေနဲ့လည်း လက်ရှိအစိုးရ လက်ထက်မှာ သတင်းရယူရတာဟာ အရင်အစိုးရထက်တောင် ပိုပြီး ခက်ခဲလာတာကို တွေ့လာရတယ်။ သတင်းသမားတွေဟာ အစိုးရ ဘာတွေ လုပ်နေတယ်ဆိုတာ ပြည်သူတွေ သိနိုင်စေဖို့  အမြဲတမ်း စောင့်ကြည့် ရေးသားနေရတဲ့ သူတွေပါ။

      အစိုးရရဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းရှင် တွေနဲ့ ပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုတွေ လုပ်ကြသလား၊ အစိုးရရဲ့ လုပ်ရပ်ဟာ တကယ်ပဲ ပြည်သူကို အကျိုးပြုရဲ့လားစတဲ့ ပြည်သူတွေ သိသင့်၊ သိထိုက်တဲ့ အချက်အလက်တွေကို အသိ ပေးနေတဲ့ သတင်းမီဒီယာကို အဆက်အဆံမလုပ်ဘူး၊ သတင်း မထုတ်ပြန်ဘူးဆိုတော့ သူတို့ဟာ ပြည်သူတွေ မသိအောင် ဘာ တွေများ လုပ်နေသလဲလို့ မေးရမလို ဖြစ်လာတယ်။

      အဲဒီထက် ဆိုးရွားတဲ့အချက်ကတော့ တစ်ချိန်က တိုင်း ပြည်ကို နစ်နာအောင် လုပ်ခဲ့တဲ့လူတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်၊ အရင်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ၊ မီဒီယာလွတ်လပ် ခွင့်တွေ အော်ဟစ်ခဲ့ကြတဲ့ လူတချို့ကလည်း အခုအချိန်မှာ အာဏာရသွားတဲ့ သူတို့မိတ်ဆွေတွေနဲ့ ပေါင်းပြီး ပါးစပ်တွေ ပိတ် နေကြတယ်။

      ဒါကြောင့် အာဏာသိမ်းအစိုးရအလွန် ပြည်သူတွေ တင် မြှောက်တဲ့အစိုးရတက်လာတဲ့အခါ တိုင်းပြည်စီးပွားရေး ကောင်း လာမယ်၊ ပြည်သူတွေဟာ လူတစ်ယောက်နဲ့ တိုက်တန်တဲ့ အခွင့် အရေးတွေ ရတော့မယ်လို့ ကျွန်တော် တွေးမိခဲ့တဲ့ အတွေးဟာ လုံးဝမှားသွားပြီဆိုတာ အခုလက်ရှိ အစိုးရရဲ့ လုပ်ရပ်တွေက သက်သေပြနေပါတယ်။

      ကိုယ်တွေ မျှော်လင့်ခဲ့၊ ဝန်းရံခဲ့၊ ထောက်ခံမဲပေးခဲ့တဲ့ အစိုးရ ဟာ အခုလို ဖြစ်သွားရက်လေခြင်းဆိုပြီး ကျွန်တော် နောင်တတော့ မရပါဘူး။ နိုင်ငံရေးအသိတစ်ခု တိုးလာတယ်လို့ပဲ သဘောထား တယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးဆုံးတွေထဲက အကောင်းဆုံး တစ်ခုကို ရွေးချယ်ပေးခဲ့တဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ် ထားတယ်။

      နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်ပေးရမယ့် တာဝန်ရှိပါတယ်။ နောင်လာမယ့် နှစ်တွေမှာ ပါတီတွေကို မဲတွေ ပေးရဦးမှာပါ။ ဒါကြောင့် ကျွန် တော့်သဘောထားကိုတော့ အဲဒီရွေးကောက်ပွဲရောက်မှ အကျယ် တဝင့်ပြောပါ့မယ်။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."