ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီး ဒီကနေ့ နံနက်မှာ အာဏာသိမ်းစစ်တပ်ကရဟတ်ယာဥ်သုံးပစ်ခတ်တာကြောင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်သုံးစီးနဲ့ စစ်သားတွေကို ပုထိုးသာကျေးရွာနဲ့ရင်ပေါင်တိုင်ကျေးရွာမှာ ချသွားပြီး တိုက်လေယာဉ်နှစ်စီးက ကာပစ်ပေးချိန်မှာ နုန်းတန်းကျေးရွာက အမျိုးသမီးနှစ်ဦး ထိမှန်ခဲ့တာလို့ပြောပါတယ်။
“သူတို့က မြေပြင်ကိုရမ်းပစ်သွားတာ၊ ထိသွားတဲ့အမျိုးသမီးနှစ်ယောက်ကတော့သေတယ်ကြားတယ်၊ဒါပေမဲ့သေချာတော့အတည်မပြုနိုင်သေးဘူး”လို့ ဒေသခံကပြောပါတယ်။
ရင်ပေါင်တိုင်ကျေးရွာအနောက်မြောက်ထောင့်မှာရှိတဲ့ထန်းတောက လူနေအိမ်နဲ့ လူနေတဲတွေကို ဒီနေ့ညနေ ၄:၀၀နာရီဝန်းကျင်မှာ စစ်တပ်ကမီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။
ပျားအိုကျေးရွာက ဒေသခံရွာသား ၁၅ယောက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။
“ကြားတာတော့ မနေ့က သူတို့ထဲက အကောင်ကြီးကြီးနှစ်ယောက်ထွက်ပြေးတယ်ကြားတယ်ဗျ၊ ထွက်ပြေးတဲ့ဟာကိုသူတို့က ဒီဘက်မှာခိုလှုံနဲ့အထင်နဲ့စီးနင်းတဲ့သဘောနဲ့လာတာ”လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်မုံရွာနမခကနေ လာတဲ့ စစ်သားတွေဖြစ်ပြီးထောက်ပို့ရဟတ်ယာဉ်နှစ်စင်းနဲ့နှစ်ကြိမ် လာရောက်ပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်။
ပုလဲမြို့နယ်က ပုထိုးသာရွာ၊ရွာသစ်ရွာနဲ့ ယင်းမာပင်မြို့နယ်က ရင်ပေါင်တိုင်ရွာ၊ပျားအိုရွာ၊ ညောင်တန်းရွာကရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သြဂုတ်လ ၁၁ရက်နေ့ကလည်းရင်ပေါင်တိုင်ကျေးရွာကို ရဟတ်ယာဥ်သုံးပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁၉ဦး သေဆုံးခဲ့ရပါတယ်။
#Dailynews

