မြင်းခြံ – ၂၀၂၃ ဇွန် ၉ (မော်ကွန်း)
မန္တလေးတိုင်း၊မြင်းခြံမြို့၊ မြင်းခြံအကျဥ်းထောင်မှာ အခုနှစ်မေလ ၂၁ရက်ကစလို့ ဒီနေ့အထိ ရိုက်နှက်နှိပ်စက်ခံရတဲ့နိုင်ငံရေးအကျဥ်းသား ၈၀ ကျော်ရှိလာပြီး ဒဏ်ရာတွေကို ဆေးကုမပေးတဲ့အပြင် ထောင်ဝင်စာပါပိတ်ခံထားရတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုရှင်းသန့်ကပြောပါတယ်။
ဆေးကုသခွင့်မပေးသလို အပြင်ကနေ ဆေးဝါးပေးပို့မယ်ဆိုရင်လည်း ထောင်ဝင်စာသုံးလပိတ်ထားတာကြောင့် ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအခြေနေကစိုးရိမ်နေရတယ်လို့ကိုရှင်းသန့်ကပြောပါတယ်။
“ခမရ ၁၅ တပ်၊ စစ်ကြောရေးစခန်းမှာစစ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၁ဦးကို ပြန်ပို့တဲ့အခါ ခန္ဓာကိုယ်မှာ ပြတ်ရှဒဏ်ရာ၊ ဓားနဲ့မွှန်းထားတဲ့ဒဏ်ရာတွေ၊ သွားတွေကျွတ်နေတာ၊ ကျိုးနေတာထိအောင် ရိုက်ခံထားရတာတွေရှိတယ်”လို့ ကိုရှင်းသန့်က မော်ကွန်းကိုပြောပါတယ်။
ရိုက်နှက်စစ်ဆေးခံရတဲ့ ၁၁ ဦးထဲက နိုင်ကျဉ်းတစ်ဦးဖြစ်တဲ့ ကိုစိုးရာဇာထွန်းလွင်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အဆင့်ထိဖြစ်နေပြီလို့ ကိုရှင်းသန့်ကပြောပါတယ်။
မြင်းခြံထောင်တွင်းက နောက်ထပ်နိုင်ငံရေးအကျဥ်းသား ၇၀ ကျော်ကိုလည်း ထောင်ပိုင်ကြီးရုံးခန်းထဲမှာ ရိုက်နှက်နှိပ်စက်စစ်ဆေးခဲ့ပါတယ်။
ဒီလိုရိုက်နှက်တာကိုထုတ်ပြောတဲ့သူတွေကို လက်ထိပ်နောက်ပြန်ခတ်ပြီး မျက်နှာအဝတ်စည်းကာ ကျဥ်စက်နဲ့နှိပ်စက်တာတွေပါလုပ်ဆောင်ခဲ့တယ်လို့ ကိုရှင်းသန့်ကပြောပါတယ်။
မြင်းခြံထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေကို အခုလိုရိုက်နှက်စစ်ဆေးရတဲ့အကြောင်းပြချက်ကို မသိရသေးဘူးလို့ ကိုရှင်းသန့်ကပြောပါတယ်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) ကတော့ ဒီလိုအကျဉ်းသားတွေကို ကိုယ်ထိလက်ရောက်အကြမ်းဖက်သူတွေ၊ အမိန့်ပေးစေခိုင်းသူတွေကို နိုင်ငံတကာရာဇဝတ်ကောင်တွေအဖြစ်သတ်မှတ်ကြောင်း မနေ့ကသတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာ အခုလို မတရားဖမ်းဆီးထားပြီး ညှင်းပန်းနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေက အကြမ်းဖက်စစ်တပ်ကို ဖိအားပေးဆန့်ကျင်၊ ကန့်ကွက်ပေးဖို့အပြင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ထိရောက်အကျိုးရှိတဲ့ကူညီမှုတွေပြုလုပ်ပေးကြဖို့ GSCB က တိုက်တွန်းထားပါတယ်။
#Dailynews