ဆားလင်းကြီး-၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကစပြီး စစ်ကြောင်းထိုးနေလို့ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးနားရွာတွေက ရွာခံထောင်ချီထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
လက်ရှိစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဇက်သင်္ဘောနဲ့ ကူးလာတာဖြစ်ပြီး အင်အားတစ်ရာဝန်းကျင်ရှိတယ်လို့ ညောင်ပင်ကြီးရွာခံတစ်ဦးက ပြောပါတယ်။
“မနက် ၉ နာရီလောက်မှ ဝမ်ပေါင်စီမံကိန်းထဲကနေထွက်လာပြီး အနားကရွာတွေကို စစ်ကြောင်းထိုးတာ။ စစ်ကြောင်းက နှစ်ပွိုင့်ခွဲထွက်ပြီး တစ်ဖွဲ့က မန်ကျည်းတန်းရွာကိုဝင်တယ်၊ နောက်တစ်ဖွဲ့ကတော့ မသိရသေးဘူး။ အခုလက်ရှိတော့ မန်ကျည်းတန်းကအဖွဲ့က ရေခါး(ရွာ)ဘက်ရောက်နေတယ်လို့ကြားတယ်” လို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ထဲက ဆည်တဲ-ဇီးတောရွာကနေစတင်စစ်ကြောင်းထိုးတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အနားကရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ဆားလင်းကြီးဒေသခံတွေကပြောပါတယ်။
“ရွာတွေတော့မီးရှို့တာမရှိသေးဘူး။ ဒေသခံတွေဖမ်းခံရတာမျိုးလည်း မကြားရသေးဘူးအခုထိတော့” လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးကရွာတွေဖြစ်တဲ့ မန်ကျည်းတန်း၊ လက်ခုပ်ပင်၊ ဖောင်းကတာ၊ ရေခါး(တောင်၊မြောက်) စတဲ့ရွာတွေအပါအဝင် အနီးနားက ကျေးရွာ ၁၀ ရွာဝန်းကျင်ကရွာခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ကစပြီးစစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်းခုနစ်ရွာကျော်က ဒေသခံလေးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့ကထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂ ဒဿမ ၆ သန်းကျော်ရှိလာပြီလို့ ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆားလင်းကြီးဒေသခံများ။
ဓာတ်ပုံ-Chaw Suu Han

