ယင်းမာပင်-၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ စုန်းချောင်းကျေးရွာက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစခန်းကို စစ်ကောင်စီတပ်တွေ ညအချိန်အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းခံရသူ ၁၃ ဦးထဲက ၁၁ ဦးကိုထပ်မံ သတ်ဖြတ်ခဲ့တာကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာကာ နှစ်ဦးကိုဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မော်ကွန်းသတင်းရင်းမြစ်က ဒီနေ့လယ်ပိုင်းမှာ အတည်ပြုပါတယ်။
” နှစ်ယောက်ပဲဖမ်းခေါ်သွားပြီး ကျန်တဲ့သူတွေအကုန်သတ်ထားခဲ့တာ။ တော်တော်ဆိုးပါတယ်ဗျာ။ တချို့ဆို ဦးနှောက်တောင် မပါတော့ဘူး။ တချို့က ရုပ်ကိုမပေါ်တော့ဘူး။ တချို့ကျတော့လည်း သေနတ်နဲ့ တချို့ကျတော့လည်း ဒင်နဲ့ဆောင့်တာတို့ ဓားနဲ့လှီးတာတို့လုပ်သတ်သွားတာ။ သတ်ခံရတာက PDF ကော အရပ်သားကော”လို့ သူကပြောပါတယ်။
အသတ်ခံရသူတွေဟာ လူငယ်တွေအပါအဝင် အမျိုးသားတွေချည်းပဲဖြစ်ပြီး သုံးဦးဟာ စခန်းစီးနင်းစဉ်မှာ သတ်ခံရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
စခန်းကို စစ်ကောင်စီတပ်တွေစီးနင်းချိန်မှာ ပစ်သတ်ခံလိုက်ရတဲ့သုံးဦးဟာ အသက် ၁၆ နှစ်၊ ၁၇ နှစ်နဲ့ ၁၉ နှစ်အရွယ်တွေဖြစ်တယ်လို့ သူကပြောပါတယ်။
အဲဒီစခန်းဟာ ဒလံသတင်းပေးတစ်ယောက်ကြောင့် စီးနင်ခံရတာဖြစ်ပြီး ဘာတစ်ခုမှတုံ့ပြန်ချိန်မရလိုက်ဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စခန်းကိုစီးနင်းမီးရှို့သွားတဲ့အပြင် လက်နက်တချို့လည်းဆုံးရှုံးလိုက်ရတယ်လို့ မော်ကွန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ စုန်းချောင်းရွာက PDF စခန်းကို စီးနင်းခဲ့ပြီး သေနတ် ၁၁ လက်၊ အလောင်းခြောက်လောင်းနဲ့ မိုင်းမျိုးစုံသိမ်းဆည်းရတယ်လို့ ဆိုပါတယ်။
ပုံစာ-စုန်းချောင်းရွာက စစ်ကောင်စီတပ်တွေ စီးနင်းခံရတဲ့ ပကဖ စခန်းက ကျဆုံးသွားတဲ့ရဲဘော်များ
Photo – စစ်ကောင်စီဝါဒဖြန့်ချန်နယ်
#Dailynews

