ပုဏ္ဏားကျွန်း – ၂၀၂၄ သြဂုတ်၂၆ (မော်ကွန်း)
အာရက္ခတပ်တော်(AA) ရဲ့ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင် ၂၅၀ ကျော်မှာ အရေပြားရောဂါတွေဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီနေသူတချို့က ပြောပါတယ်။
သူတို့ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ကြပြီး လူဦးရေ ၃၀၀ ကျော်ရှိတဲ့အနက် ကလေးငယ်တွေအပါအဝင် ၂၅၀ ကျော်မှာ အရေပြားရောဂါဝေဒနာတွေ ခံစားနေကြရတာ ဖြစ်တယ်လို့ သူတို့ကပြောကြပါတယ်။
” တစ်ကိုယ်လုံးမှာ အဖုလေးတွေထွက်ပြီး ဖြစ်နေကြတာ။ ယားနာလိုမျိုး၊ ကူးတယ်။ လက်နဲ့ကုပ်မိရင် အနာစေးတွေက တခြားတစ်နေရာကိုထိမိပြီး ထပ်ပေါက်တယ်။ အဲဒီလိုနဲ့ပဲ ခန္ဓာကိုယ်အနှံ့ပြန့်သွားတယ်။ လူကြီးတွေက လက်နဲ့မကုပ်မိအောင် ထိန်းလို့ရပေမယ့် ကလေးတွေကကျတော့မခံနိုင်ကြဘူး။ ယားရင်လက်နဲ့ကုပ်လိုက် ၊ အနာတွေကပိုပွားလာလိုက်နဲ့ ဖြစ်နေကြတာ “လို့ အဲဒီ စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီလအစပိုင်းတုန်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေ မြင့်တက်ကာ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ သြဂုတ်လ ၁ ရက်ကနေ ၃ ရက်အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီရေကြီးမှုကြောင့် ဆားငံရည်တွေဟာ သောက်သုံးရေကန်တွေအတွင်းကို ဝင်ရောက်ခဲ့ပြီး ကန်တွေပျက်ခဲ့ရသလို အဲဒီမသန့်ရှင်းတဲ့ရေတွေကိုသုံးစွဲမိတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အခုလို အရေပြားရောဂါတွေ ခံစားနေကြရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
အရေပြားရောဂါခံစားနေရတဲ့ စစ်ဘေးရှောင်တွေဟာ ဆေးဝါးကုသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် လိမ်းဆေးဗူးတွေကိုသာ ဝယ်ယူလိမ်းကျံနေကြရပြီး ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိပါက အခြေနေတွေပိုဆိုးဝါးလာနိုင်တယ်လို့လည်း ကူညီနေသူတချို့က ပြောပါတယ်။
“ဆေးခန်းပြဖို့အတွက် ငွေမရှိလို့ လိမ်းဆေးတွေရှာကြံပြီးတော့ပဲ လိမ်းနေရတယ်။ ပျောက်တော့ ပျောက်ပေမဲ့ တစ်နေရာပျောက်သွားရင် နောက်တစ်နေရာမှာ ထပ်ပေါက်တယ်။ အမြစ်မပြတ်နိုင်ဘူးဖြစ်နေတယ်။ ညဘက်တွေဆို ကလေးက တစ်ကိုယ်လုံးယားပြီးမအိပ်နိုင်တော့ ကိုယ်ပါအိပ်ရေးပျက်ရတယ်။ ဆေးခန်းပြပြီး သေချာလေးကုမှရမဲ့ အခြေအနေပါ” လို့ အရေပြားရောဂါခံစားနေရတဲ့ စစ်ဘေးရှောင်ကလေးငယ်တစ်ဦးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကလည်း အလှူရှင်နည်းပါးမှုနဲ့ အဖွဲ့ရဲ့ရန်ပုံငွေအခြေအနေအရ စစ်ရှောင်တွေကို ကောင်းမွန်တဲ့ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။
” ကျွန်တော်တို့က အလှူရှင်အနည်းစုကရတဲ့ ငွေလေးနဲ့ပဲ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ဝေငှပေးရတာပါ။ တစ်ခါတလေဆို အသင်းကလူတွေက ကိုယ့်အိတ်က ကိုယ်စိုက်ပြီးအရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့လိုက်ရတာလည်း ရှိတယ်။ လက်ရှိအခြေအနေအရ ကျွန်တော်တို့ ဆေးဝါးတွေထောက်ပံ့ပေးနိုင်ဖို့ အရမ်းခက်ခဲနေပါတယ်။ ဒါပေမဲ့ ကြိုးစားနေပါတယ်” လို့ အထက်ပါ ကူညီပေးသူက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော စတဲ့မြို့နယ်တွေက လာရောက်ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သောင်းဝန်းကျင်အထိရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြပါတယ်လို့ ကူညီနေသူတချို့က ပြောပါတယ်။
ပုံစာ- ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်တချို့။
ဓါတ်ပုံ- ဌေးဌေးအောင်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

