ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း)
ဒီကနေ့မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ မြန်မာဝမ်ဘောင်ကုမ္မဏီအတွက် လုံခြုံရေးပေးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ယင်းမာပင်နယ်က ကိုးနှစ်သားအရွယ် ကလေးတစ်ဦး သေဆုံးကာ ပြည်သူငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“စစ်ရှောင်နေရချိန်ဗျ၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှာတပ်စွဲကင်းယူထားတဲ့ အကြမ်းဖက်စစ်တပ်က ၆၀မမတွေနဲ့ထုတာ နေရာသုံးနေရာကျတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးတွေဟာ ယင်းမာပင်နယ်ထဲက ယမားသဲသောင်နဲ့ပေကုန်းရွာတွေကို ကျပြီးအခုလို သေဆုံးဒဏ်ရာရမှုတွေဖြစ်လာကာ ကျေးစာကျရွာကနေ လာရောက်စစ်ရှောင်တဲ့သူတွေပါ ထိခိုက်ဒဏ်ရာရရှိကြတာပါ။
ဒဏ်ရာရရှိသူ ငါးဦးရှိပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးဖြစ်ပါတယ်။
ပေကုန်းရွာက ” အိမ်ရှင်အမျိုးသားဖခင်တစ်ဦးထိခိုက်ပြီး သားက ပွဲချင်းပြီးသေဆုံးခဲ့တယ်။
ထုတာတော့ မနေ့ကတည်းကထုနေတာ ရွာပြင်တွေကျတာ”လို့ ဒေသခံကပြောပါတယ်။
သေဆုံသူဟာ အသက်ကိုးနှစ်အရွယ် မောင်ကျော်သီဟဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးနယ်က တရုတ်ကြေးနီစီမံကိန်းတွေရဲ့ လုံခြုံရေးကို အကြောင်းပြပြီး ဒေသခံပြည်သူတွေကို စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
“တခါတရံ ဒုန်းတောကျေးရွာအနောက်ဘက် ကြေးစင်တောင်စီမံကိန်းကနေလည်း လက်နက်ကြီးနဲ့ ကူထုတယ်။ ဒီနေ့တော့ ပြိုင်ထုနေတယ်။ ပုသိမ်မုံရွာလမ်းဘေးကရော တောင်ပေါ်အမြင့်နေရာကရော”လို့ ဒေသတွင်း ရပ်ကျေးပ.အ.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း ယင်းမာပင်၊ အောင်ဇေယျမြို့သစ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နဘူးတော၊ တောပြင်မှာ ပေါင်းနှုတ်နေတဲ့ အသက် ၆၀ အရွယ် ဒေါ်မိ လက်နက်ကြီးထိမှန်လို့ အရေးပေါ်စိုးရိမ်ရအခြေအနေမှာ ကုသနေရပါတယ်။
ဒီကနေ့ ညနေ ၅း၀၀ နာရီအချိန်ထိတော့ အာဏာသိမ်းစစ်တပ်ဟာ ပုံသိမ်မုံရွာလမ်းဘေးကျေးရွာတွေအနီးမှာ တပ်စွဲထားပြီး ဝမ်ပေါင်ကုမ္ပဏီကနေ ဆာလဖာနှင့် ရိက္ခာပို့တဲ့ကားတွေကို ကင်းယူပေးနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ဒီကနေ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ ကိုးနှစ်အရွယ်ကလေး
ဓါတ်ပုံ – Mawkun Magazine
#Dailynews

