ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း)
မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည် သုံးထောင်နီးပါးခိုလှုံနေတဲ့ တိမ်ညိုဒုက္ခသည်စခန်းတစ်ခုလုံးဟာ ဆိုက်ကလုန်မိုခါကြောင့် အလုံးစုံပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။
“ အကုန်လုံးပျက်စီးသွားပြီ။ ကျောင်းတွေ၊ ဆေးရုံတွေ၊ နေအိမ်တွေ အကုန်လုံးပဲ။ ဘာမှမကျန်တော့ဘူး”လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်ကျေးရွာရှစ်ရွာ စုစည်းခိုလှုံနေတဲ့ အဲဒီဒုက္ခသည်စခန်းကလူတွေကို နီးစပ်ရာနေထိုင်လို့ရမယ့်အဆောက်အအုံတချို့မှာ ရွှေ့ပြောင်း နေရာချထားရတယ်လို့ သူကဆိုပါတယ်။
လတ်တလော သူတို့ဒုက္ခသည်စခန်းကို ကူညီကယ်ဆယ်ထောက်ပံ့ရေးမရောက်သေးသလို ရိက္ခာ၊ ဆေးဝါးနဲ့ ခိုလှုံစရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စခန်းတာဝန်ခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
စကစကတော့ ရခိုင်ပြည်နယ်တစ်ဝန်းလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသအဖြစ် မေလ ၁၅ ရက် က ကြေညာခဲ့ပါတယ်။
အသက်အိုးအိမ်နဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အလွန်ကြီးမားတဲ့အတွက် မူလအခြေအနေ ကို ပြန်ရောက်ဖို့ဆောင်ရွက်ရာမှာ အခက်အခဲရှိမယ်လို့ ယူဆတဲ့အခါ ဥပဒေအရ ဒီလိုကြေညာရတာ ဖြစ်ပါတယ်။
အဲဒီပြည်နယ်အတွင်းမှာ မြို့နယ် ၁၇ ခုရှိပြီး မုန်တိုင်းလမ်းကြောင်း တည့်တည့် ဖြတ်သန်းခံရတဲ့ မြောက်ပိုင်း မြို့နယ်တွေဟာ တောင်ပိုင်းမြို့နယ်တွေထက် ပျက်ဆီးဆုံးရှုံးမှုဒဏ်ကို ကြီးကြီးမားမားခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ စစ်တွေမြို့နယ်ထဲက ပင်လယ်ပြင်နဲ့ ပိုနီးတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း ရာနဲ့ချီတဲ့ သေဆုံးမှုတွေရှိပြီး ပျက်ဆီးဆုံးရှုံးမှုတွေလည်း များပြားလွန်းတယ်လို့ ဖော်ပြကြပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ် တိုမှာ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပုံစာ – မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီးတိမ်ညိုစစ်ရှောင်စခန်းမြင်ကွင်း
Photo – K Tin
#Dailynews

