မိုးကုတ် – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘာဂါးရွာနဲ့ ကျောက်အော်ရွာကြားက မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို ဒီကနေ့ညနေ ၅း၀၀ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မိုးကုတ်ပကဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က လူအင်အား၊လက်နက်အင်အားများတာကြောင့် မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်ဆုတ်ခဲ့ရတယ်လို့ပြောပါတယ်။
” ဝင်စီးခံရတာ၊ အပြန်အလှန်ပစ်ကြသေးတယ်၊ တစ်ယောက်တော့ကျန်ခဲ့တယ်၊သူ့အခြေနေနဲ့ပတ်သက်ပြီးဘာမှမသိရသေးဘူး၊အဆက်သွယ်လည်းမရသေးဘူး၊ ဖုန်းတစ်လုံးလဲ အားသွင်းထားခဲ့တာကျန်ခဲ့တယ် ၊ကျန်တဲ့သူတွေတော့လွတ်တယ်”လို့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့်မီးခိုးလုံးတွေပါမြင်ရပြီးအနီးအနားရွာတွေကိုပါမီးရှို့မယ်လို့ ခြိမ်းခြောက်သွားသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆိုင်ကယ်တွေမီးရှို့ခံထားရပြီး ပျက်စီးဆုံးရှူံးမှု နဲ့ ထိခိုက်မှုအခြေနေကို အသေးစိတ်မသိရသေးပါဘူး။
#Dailynews

