ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်မှာ မနေ့မနက်ပိုင်းက စိုက်ခင်းသွားတဲ့ ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ပစ်ခတ်တာကြောင့် သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
သေနတ်ထိမှန်တဲ့ အမျိုးသမီးနှစ်ဦးဟာ ကောကရိတ်မြို့နယ် ဝေါ်လေကျေးရွာက အသက် ၄၀ အရွယ် နော်ဖါးကလေးနဲ့ အသက် ၁၈ နှစ်အရွယ် နော်ဖေါအယ်တို့ဖြစ်ပြီး စိုက်ခင်းကို သွားနေချိန် စစ်ကောင်စီတပ်တွေက လှမ်းခေါ်ရာမှာ ကြောက်လန့်ပြီးထွက်ပြေးစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာလို့ KNU က ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကို စစ်ကောင်စီတပ် ခမရ-၅၅၉ ဝေါ်လေဗျူဟာက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးက ခြေထောက်ကျည်ထိမှန်ကာ နောက်တစ်ဦးဟာ လက်ကိုကျည်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။
အခုလ ၁၉ ရက်ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေက ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ်လမ်းမှာ အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ကိုးထောင်ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးနှစ်ဦး
ဓာတ်ပုံ-KNU
#Dailynews

