ရန်ကုန်-၂၀၂၄ မေ ၂၄ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မနက်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ နောက်သုံးရက်အတွင်း မိုးကြီးနိုင်သလို လေပြင်းတိုက်ခတ်မှုတွေပါဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီမုန်တိုင်းအရှိန်ကြောင့် လာမယ့် မေ ၂၇ ရက် အထိနောက်သုံးရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေအပါအဝင် ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သလို နေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဆိုထားတာပါ။
အဲဒီမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလက ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းနေပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်အနီးနေထိုင်သူတွေဟာ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ချောင်းအနီးနေထိုင်သူတွေဟာ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
မနှစ်က မေလ ၁၄ ရက်ကလည်း ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အပါအဝင် တိုင်းတချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ပြင်းထန်ခဲ့ပြီး အခုအချိန်ထိ ပြန်လည်ကုစားမှုတွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ပုံစာ-လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အခြေအနေ။
ဓာတ်ပုံ-မိုးဇလ