ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၂၂ (မော်ကွန်း)
တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းအထက်ပိုင်းက ဗန်းမောက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ရှမ်းနီတပ် (SNA) တွေ တပ်စွဲထားတဲ့ ဗန်းမောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တွေက ဒီလ ၁၅ မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ်တစ်ပတ်အတွင်း မြို့သိမ်းနိုင်ခဲ့တာပါ။
ဗန်းမောက်မြို့ဗျူဟာကုန်း၊ ဗန်းမောက်မြို့ရဲစခန်းတွေနဲ့ ကာကင်းစခန်းတွေအပါအဝင် SNA နဲ့ ပျူစောထီးတပ်တွေ အခြေချတပ်စွဲထားတဲ့ ကာကင်းစခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ဓါတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဆီက လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိတဲ့အပြင် SNA တပ်ဖွဲ့ဝင်အရာရှိတစ်ဦးအပါအဝင် အလောင်းခုနစ်လောင်းရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးလည်း မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်နဲ့ SNA တပ်တွေဟာ မြို့ရဲ့အနောက်ဘက်ခြမ်းကို တပ်ဆုတ်ပေးထားပြီး မြို့ပြင်က ကျေးရွာတချို့မှာ ပြန်လည်တပ်စွဲတာတွေရှိတယ်လို့ ရှမ်းနီဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲတော့ ဖြစ်နေတုန်းပဲ မြို့ပေါ်က အဓိကနေရာတွေတော့ အကုန်ဆုတ်ပေးလိုက်ရတယ်။ အကုန်ပါသွားတာတော့ မဟုတ်သေးဘူး။ SNA ကလည်း အင်အားစုပြီး ပြန်တိုက်မယ့်သဘောမျိုးတော့ သတင်းတွေကြားရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ဗန်းမောက်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံအများအပြားရှိခဲ့ပြီး မနေ့က မနက်ပိုင်းမှာ ပိတ်မိနေတဲ့ဒေသခံ ရာနဲ့ချီပြီး တော်လှန်ရေးတပ်တွေနဲ့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့ရပါတယ်။
ဒါ့အပြင် SNA တပ်ဆုတ်သွားတဲ့ မြို့အနောက်ခြမ်းဘက်ကို စစ်ဘေးရှောင်ကြသူတွေလည်း ရှိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ အစပ်မှာတည်ရှိတဲ့ ဗန်းမောက်မြို့ဟာ ရွှေနဲ့ သတ္တုတွင်း လုပ်ကွက်တွေ အများအပြားရှိပြီး အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီအမျိုးသားများကာကွယ်ရေးတပ် (SNA) တပ်တွေ ပူးတွဲထိန်းချုပ်ထားတာပါ။
တော်လှန်ရေးတပ်တွေဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က အင်းတော်မြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး၊ ဖောင်းပြင်၊ ရွှေပြည်အေးမြို့တွေကိုလည်း ထိန်းချုပ်ထားပြီး လက်ရှိမှာ ဗန်းမောက်မြို့ကိုပါ ထိန်းချုပ်လိုက်နိုင်တာပါ။
ပုံစာ – ဗန်းမောက်မြို့ပေါ်ကို တပ်စွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – အမှတ် (၁) စစ်ဒေသ

