တောင်ကုတ်- ၂၀၂၄ ဒီဇင်ဘာ၂ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ခရိုင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေး ရှောင်နှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့ကညနေ ၃း၀၀ ဝန်းကျင်လောက်မှာ စစ်ကောင်စီက ခရိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
” ရွာထဲကိုပဲ ဗုံးလေးလုံးချသွားတာ။ သေဆုံးဒဏ်ရာရသူတွေ အကုန်လုံးက တောင်ကုတ်မြို့ပေါ်ကနေ ခရိုင်ရွာမှာ စစ်ဘေး လာရှောင်နေကြတာ။ သေတဲ့နှစ်ယောက်ကတော့ ဗုံးကျတဲ့နေရာမှာပဲ ပွဲချင်းပြီးသေတာ” လို့ တောင်ကုတ်စစ်မြေပြင်အကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသွားတဲ့ စစ်ဘေးရှောင်တွေကို နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသပေးထားပြီး အဲဒီရွာက ဒေသခံတွေဟာလည်း ကြောက်လန့်ကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့လည်း သူကပြောပါတယ်။
” အရပ်သားရှိတဲ့နေရာနဲ့ တိုက်ပွဲနေရာတွေကို မခွဲခြားတော့ဘဲ အကုန်ပတ်ရမ်းပြီး ပစ်ချနေတာ။ မြေပြင်မှာ စစ်ရှုံးနေတော့ အပေါ်ကပဲ ရတာကိုပစ်နေတယ်” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၄ ရက်ကစပြီး ရခိုင်ပြည်နယ်ရဲ့ လေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အခြာမြို့ တောင်ကုတ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံသိမ်းပိုက်ခဲ့ပြီး ကျန်နေသေးတဲ့ စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ပြင်က အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၅) နဲ့ သူ့လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၆) ၊ ခမရ (၅၄၄) တပ်ရင်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ပြင်းထန်တဲ့စစ်ရေးအရှိန်တွေကြောင့် ရခိုင်ပြည်နယ်တစ်ဝန်း ဆက်သွယ်ရေးကွန်ယက်တွေ ပြတ်တောက်နေသလို အမ်း၊ ဂွ ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ရွာအများစုကို ထိန်းချုပ်ထားတဲ့ AA ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်(TNLA)ကလည်း သူတို့ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က အင်ကြင်းတောင်ရပ်ကွက်ကို နိုဝင်ဘာ ၃၀ ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ သူတို့ဘက်က စစ်ကောင်စီကို အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးကြဖို့ ကမ်းလှမ်းထားစဉ်မှာပဲ အရပ်သားနေထိုင်ရာ နေရာတွေကို ဗုံးကြဲခံရတာလို့ TNLA က ထုတ်ပြန်ပါတယ်။
ဒါအပြင် နိုဝင်ဘာလအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်
ဓါတ်ပုံ- တောင်ကုတ်မြို့သူမြို့သားများ Group

