ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း)
ဒီသီတင်းပတ်ကစပြီး တရုတ်နယ်စပ်ဂိတ်မှာ မြန်မာဘက်ကိုသယ်ယူတဲ့ ကုန်ပစ္စည်းတွေကို တရုတ် အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေးနေတာဖြစ်ပြီး လျှပ်စစ်နဲ့ဆက်စပ်ပစ္စည်း၊ အိုင်တီပစ္စည်း၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ယူခွင့်မရဖြစ်နေတယ်လို့ မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်က ကိုယ့်ကားနဲ့ တစ်နိုင်တစ်ပိုင် ဝယ်သွားလို့ရတယ်။ အခုဘာမှမရဘူး။ အကုန်ဖောက်စစ်တယ်။ သူတို့ကန့်သတ်ကုန်တွေဆို ပေးမဖြတ်ဘူး။ တခါတည်း ဂိတ်မှာပုံထားတယ်။ ဂိတ်ကိုတော့ မပိတ်ထားဘူး။ ဖွင့်ပေးထားတယ်။ သေချာတင်းတင်းကျပ်ကျပ်စစ်ဆေးပြီးမှ ဖြတ်ခွင့်ပေးတယ်” ၎င်း နယ်စပ်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မူဆယ်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တွေအပါအဝင် “ဝ” ဒေသနဲ့ မိုင်းလားဒေသက နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်ပြီး ပြည်တွင်းကို တင်သွင်းတဲ့ ကုန်စည်တွေကို တင်းကျပ်ထားလိုက်တာပါ။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ပန်ဆန်းနယ်စပ်မှာဆိုရင် နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ဒေသခံတွေဟာ အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေကို အလုအယက်ဝယ်ယူနေကြတာကြောင့် ဒေသတွင်းမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ပြီးမရောင်းဖို့ UWSA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အွန်လိုင်းပေါ်ကနေ ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ ကုန်စည်အသေးစားတွေကို အဓိကထား စစ်ဆေးနေပြီး တရားဝင်တင်သွင်းခွင့်ပါမစ်နဲ့ တင်သွင်းမှုတွေအတွက်တော့ ပုံမှန်ရှိနေသေးတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“အရင်လို ပစ္စည်းတွေအများကြီး ဆိုင်ကယ်တွေ၊ ကားတွေနဲ့တင်ပြီး ပြန်လာလို့မရတော့ဘူးပေါ့။ သူတို့ ကွန်တင်နာလမ်းကြောင်းတွေကတော့ ရှိနေတာပဲလေ။ ကျန်တဲ့ နယ်စပ်ဖြတ်ကျော် အဝင်အထွက်တွေ တော်တော်တင်းကျပ်နေတယ်။ တစ်ခါဝင်ဖို့ နာရီနဲ့ချီပြီးစောင့်ရတယ်။ ဂိတ်မှာ ကားတစ်ခါဝင်ထွက်ဖို့ကို အကြာကြီးစောင့်ရတယ်” လို့ ၎င်းကုန်သည်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးကို ကြေညာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်ဂိတ်တချို့ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
လားရှိုး-မူဆယ် လမ်းပိုင်းဟာလည်း တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး ပြည်တွင်းက တရုတ်ကုန်ပစ္စည်းတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ကနေ ပြောင်းလဲပြီး ဖြတ်သန်းနေကြတာပါ။
အရင်က တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ အကြီးဆုံးနယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာလည်း လက်ရှိအချိန်ထိ ပိတ်ထားရပြီး နယ်စပ်ကနေ တရားမဝင်တင်သွင်းတာ၊ တစ်ဦးချင်း တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းတင်သွင်းမှုတွေပဲ ရှိနေတာပါ။
ပုံစာ – မူဆယ်နယ်စပ်ဂိတ်မြင်ကွင်း
ဓာတ်ပုံ – ရှမ်းမြောက်ပြန်ဆက်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

