ဖယ်ခုံ -၂၀၂၄ မတ် ၂၂ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်က ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“၁၀ နာရီမှာ စကြဲတာ၊ နှစ်လုံးဆက်တိုက်ကြဲပြီး ၁၀ နာရီ ၄၄မိနစ်မှာ တစ်ခေါက်ပြန်လာဝဲပြီး နှစ်လုံးဆက်တိုက် ထပ်ချတာဗျ။ သေဆုံးမှုက နှစ်ယောက်ပါဗျ။ ထိခိုက်ဒဏ်ရာရတာက လေးဦးလောက်ရှိတယ်။ သေဆုံးတဲ့သူတွေကတော့ အဲဒီဆေးရုံပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတွေဗျ။ တစ်ယောက်က ခေါင်းပွင့်ပြီးသေတယ်၊ တစ်ယောက်က ရင်ဘက်ထိသွားတာဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဗုံးကြဲခံရလို့ သေဆုံးခဲ့သူနှစ်ဦးဟာ အမျိုးသားတွေဖြစ်ပြီး အသက်လေးဆယ်ကျော်တစ်ဦးနဲ့ နောက်တစ်ဦးက အသက်၅၆ နှစ်အရွယ်ရှိတဲ့ လအိရွာခံတွေဖြစ်ပါတယ်။
ဗုံးလေးလုံးကြဲခံရတဲ့ ဆေးရုံအဆောက်အဦကတော့ အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဆေးရုံကတော့ တိုက်ပွဲတွေကြောင့် ပိတ်ထားတာ နှစ်လဝန်းကျင်ရှိပြီဖြစ်လို့ လူနာတော့မရှိဘူးလို့ သူကဆိုပါတယ်။
“ပထမနှစ်လုံးကြဲပြီးတော့ ဒေသခံတွေက မကြဲတော့ဘူးထင်ပြီး ကြဲထားတဲ့နေရာကို သွားကြည့်တာဗျ။ သူတို့သွားကြည့်နေတဲ့အချိန်မှာပဲ လေယာဉ်ထပ်ကြဲတာဗျ။ နှစ်လုံးကြဲပြီးတော့ နာရီဝက်လောက်ကို လေယာဉ်လည်း မဝဲတော့ဘူး၊ မကြဲတော့ဘူးထင်ပြီးတော့ တချို့သွားကြည့်ကြတာတွေရှိတာ၊ အဲဒါတွေထိခိုက်တာဗျ” လို့ သူကပြောပါတယ်။
ဆေးရုံဗုံးကြဲခံရတဲ့ လအိကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေလည်းမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီလေတပ်ဟာ အခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကလည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဒေါဆီအီကျေးရွာက စာသင်ကျောင်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ်လေးဦးပွဲချင်းပြီးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းကစစ်ကောင်စီလေတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လအိရွာဆေးရုံ။
ဓာတ်ပုံ-ပေးပို့။