ရန်ကုန်- ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း)
လာမယ့် ရက်ပိုင်းမှာ အသက် ၇၈ ပြည့်တော့မှာဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အရေးပါသူတစ်ယောက်အဖြစ်ရှိနေဆဲလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် သူ့ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ကို နေပြည်တော်အကျဉ်းထောင်ထဲမှာပဲ သူဟာဖြတ်သန်းရဖွယ်ရှိပါတယ်။
လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းကျနေပေမယ့် ပြည်သူလူထုရွေးချယ်တဲ့လမ်းကြောင်းနဲ့ ကွဲပြားသွားခြင်းမရှိသေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
“ပြည်သူလူထုရွေးချယ်တဲ့လမ်းကို သူဆက်ပြီးလိုက်နေတယ်၊ ပြည်သူလူထုနဲ့အတူ ရပ်တည်နေတဲ့ လမ်းကြောင်းမျိုးဖြစ်တာကို ကျွန်တော်တို့တွေ့ရပါတယ်၊ ဘာကြောင့် အဲ့ဒီလိုပြောရသလဲဆိုရင် အခုစစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်၊ သတင်းအမှောင်ချထားတယ်၊ တရားရုံးပြစ်ဒဏ် နှစ် ၃၀ တောင် ချမှတ်ခံထားရတယ်၊ ပြီးတော့ သူ့ဆီကို စစ်ကောင်စီကလွှတ်တဲ့ကိုယ်စားလှယ်တွေကိုလည်း ခါးသီးစွာကျောခိုင်းပြီး ရပ်တည်နေဆဲဖြစ်တယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း(သီပေါ) ကလည်း လက်ရှိနိုင်ငံရေးပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်အရှုံးနဲ့ဆက်စပ်နေတာဖြစ်ပြီး သူ့ရဲ့ အခန်းကဏ္ဍဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“ပြောမယ်ဆိုရင် ရွေးကောက်ပွဲအနိုင်အရှုံးနဲ့ ဆက်စပ်နေတဲ့ပြဿနာပဲ၊ အခု နစက က လုပ်မယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြန်ပြီးတော့ ပါဝင်ခွင့်ပြုနိုင်အောင် နိုင်ငံရေးအခင်းအကျင်းတည်ဆောက်ပေးရင် ဒီလက်နက်ကိုင်ပဋိပက္ခတောင်မှ ဖြေးဖြေးချင်းပျောက်သွားနိုင်တယ်၊ တိုက်လို့မရရင်တော့ နောက်ဆုံးတော့ အဲ့ဒီလမ်းပဲရှိတာပဲ၊ အခုထိတော့ နစက က အဲ့ဒီလိုတော့ စဉ်းစားထားတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးဘူး” လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လာမယ့် ၇၈ နှစ်မြောက် မွေးနေ့မှာလည်း “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ပန်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ကြရန် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ သပိတ်ခေါင်းဆောင်တွေက လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုလေးစားအောက်မေ့သောအားဖြင့်လည်းကောင်း တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးထုရဲ့ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း “ကျွန်တော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ” လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ နှိုးဆော်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။
#Dailynews

