ရန်ကုန် – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း)
ဖယ်ခုံနယ်က ၁၁ ရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်းရခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ သတင်းထုတ်ပြန်တယ်။
ဖယ်ခုံမြို့ဟာ ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး အောင်ပန်း- ပင်လောင်း- လွိုင်ကော် ကားလမ်းမကြီးပေါ်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။
ဒီလ ၃ ရက်ကနေ ၁၃ ရက်နေ့အထိဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိရွာနဲ့ စက်တော်ရွာကို စစ်ကောင်စီရဲ့ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်အပါအဝင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေက ထိုးစစ်ဆင်တာကြောင့် ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၂) နဲ့ မဟာမိတ်အဖွဲ့ ရှစ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ရာမှာ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ကြောင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရခဲ့သလို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကတော့ တိုက်ပွဲမှာကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကျဆုံးခဲ့သူတွေဟာ ရဲဘော်နာတားလက်နဲ့ ရဲဘော်ဂျော်နိုင်တို့ ဖြစ်ပြီး သူတို့ကို ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက MA-2 တစ်လက်၊ MA-3 တစ်လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖယ်ခုံတိုက်ပွဲတွေအကြောင်းကို စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
Photo – PDF-Pekhon
#Dailynews

