ရန်ကုန်-၂၀၂၄ ဧပြီ ၉ (မော်ကွန်း)
ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို သင်္ကြန်ကာလအပြီးမှ စတင်မယ်လို့ စစ်ကောင်စီက ပြောပေမယ့် သင်တန်းအမှတ်စဉ်(၁)ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ မနေ့ကစတင်ဖွင့်လှစ်လိုက်ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁)မှာ တက်ရောက်တဲ့သူတွေဟာ မိမိသဘောဆန္ဒအလျောက်စာရင်းပေးခဲ့သူတွေဖြစ်ပြီး သင်တန်းတက်ဖို့ အရည်အချင်းကိုက်ညီသူတွေကို စုဖွဲ့ကာ မနေ့ကမနက်ပိုင်းက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ သင်တန်းဖွင့်ပွဲတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။
“သင်တန်းကစပေးနေပြီလေ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ရပ်ကွက်ထဲကခေါ်ခံရတဲ့သူတွေကို ဟိုပုံးက စစ်တပ်ရဲ့ ကွန်ပျူတာနဲ့နည်းပညာတက္ကသိုလ် ကိုပို့လိုက်တယ်။ ရှေ့တန်းတော့မပို့ပါဘူး။ နောက်တစ်သုတ်အတွက်လူခေါ်ဖို့ အခုထိတော့ ဘာမှညွှန်ကြားထားတာ မရှိသေးဘူး။ ခေါ်တာတော့ထပ်ခေါ်မှာ” လို့ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ရုံးတစ်ခုက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ခေါ်ဆောင်ခံရသူတွေကို စစ်သင်တန်းပေးတဲ့နေရာတွေဟာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းက ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ် တကန(ဟိုပုံး)နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဗထူးမြို့နယ်က ရကသ (၁)စတဲ့နေရာတွေမှာဖြစ်ပါတယ်။
စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာတော့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)မှာတက်ရောက်သူတွေဟာ မိမိသဘောဆန္ဒအလျောက်စာရင်းပေးခဲ့သူတွေဖြစ်တယ်လို့ဆိုပေမယ့် အများစုဟာ အတင်းအကြပ်ဖိအားပေးစေခိုင်းခံရတာလို့ ရန်ကုန်မြို့က စစ်မှုထမ်းခေါ်ဆောင်ခံရသူတစ်ဦးရဲ့မိခင်က ပြောပါတယ်။
“သားတစ်ယောက်ပဲရှိတာ မဲပေါက်လို့ စစ်မှုထမ်းရမယ်တဲ့။ သူတို့လာခေါ်တဲ့အချိန် မလိုက်တာ၊ ရှောင်တာဆိုရင် ဥပဒေအရအရေးယူခံရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကပြောတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လာခေါ်သွားလို့ထည့်ပေးလိုက်ရပြီ။ အခုထိ အဆက်အသွယ်မရဘူး” လို့ သူကပြောပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုပြီး တစ်လကျော်ကာလအတွင်းမှာပဲ နိုင်ငံအနှံ့က ဒေသအသီးသီးမှာ လူစာရင်းကောက်ခံတာ၊ မဲနှိုက်ရွေးချယ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းဖို့ မဲပေါက်သူ၊ ဆင့်ခေါ်ခံရသူတွေကို နိုင်ငံအနှံ့က စစ်သင်တန်းကျောင်းအသီးသီးကို ဆက်တိုက်ပို့ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်ပြည့်ပြီး လူငယ် ၁၃ သန်းကျော်ရှိတယ်လို့ ပြောထားပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုပြီး မကြာခင်မှာပဲ နိုင်ငံတွင်းမှာရှိတဲ့ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီသွားရောက်ပူးပေါင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပုံစာ-ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲလုပ်နေပုံ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်(ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)။

