ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း)
ရက်ပိုင်းကပဲ သင်တန်းဆင်းခဲ့တဲ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းတပ်သားတွေကို ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က ရှေ့တန်းတပ်စခန်းတွေကို ပို့လွှတ်ခဲ့တယ်လို့ တပ်သားသစ်တွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရဆင့်ခေါ်ခဲ့တဲ့ စစ်မှုထမ်းသင်တန်း ပထမအပတ်စဉ်ကို ယခုနှစ် ဧပြီလက စတင်ခဲ့တာပြီး ဇွန်လ ၂၈ ရက်မှာ သင်တန်းဆင်းခဲ့ပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁ မှာပါဝင်တဲ့ တောင်ဒဂုံမြို့နယ်က သင်တန်းဆင်းတပ်သားတစ်ဦးရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့သားကို ရခိုင်ပြည်နယ်ကို ပို့လွှတ်ခဲ့ပြီး သူ့သားနဲ့အတူပါသွားတဲ့ ရပ်ကွက်ထဲက လူငယ်တစ်ဦးကိုလည်း ရှမ်းမြောက်ကို ပို့လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့ပြင် ဒီလိုပို့လွှတ်တာကို မိသားစုကိုလည်း အသိမပေးခဲ့ဘဲ အဲဒီဒေသတွေကို ရောက်ရှိမှပဲ ဖုန်းတစ်ကြိမ်ဆက်ခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
သင်တန်းဆင်းတဲ့နေ့က နေပြည်တော်ကို သွားရမယ်ဆိုကာ ကားတွေနဲ့ ထွက်ခွာခဲ့ကြပေမယ့် နေပြည်တော်ကို သွားတဲ့လမ်းမှာပဲ ရှေ့တန်းစခန်းတွေရှိတဲ့ ဒေသတွေကို တိုက်ရိုက်ခေါ်ဆောင်ခံသွားတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့သိထားတာက အရင်က သင်တန်းဆင်းရင် နေပြည်တော်အရင်သွားရမယ်။ အဲဒီကနေ ရန်ကုန်ပြန်လာပြီးမှ မိသားစုတွေဆီ ပြန်ခွင့်ရမယ်ပေါ့။ နေပြည်တော်သွားမယ်ဆိုတဲ့ လမ်းမှာပဲ တန်းခေါ်သွားတယ်။ မိသားစုကိုဆက်သွယ်ခွင့် ဖုန်းဆက်ခွင့်လည်းမပေးဘူး” လို့ အဲဒီ စစ်မှုထမ်းသင်တန်းဆင်း မိသားစုဝင်က ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA ကြားတိုက်ပွဲတွေ ပြင်းထန်နေသလို၊ ရှမ်းမြောက်ဒေသမှာလည်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
အဲဒီအတွက် တပ်သားသစ်စုဆောင်းခံရသူတွေရဲ့ မိသားစုတွေဟာ စိုးရိမ်မှုရှိနေတာပါ။
သင်တန်းအပတ်စဉ်တစ်ခုကို စစ်သား ငါးထောင်အထိရှိပြီး လက်ရှိမှာ သင်တန်းအပတ်စဉ် ၃ ထိ ဖွင့်လှစ်ထားတာပါ။
ပုံစာ – ပြီးခဲ့တဲ့ ရက်ပိုင်းက သင်တန်းဆင်းခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းပဲမြင်ကွင်း
ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်းများစုစည်းရာ Telegram channel

