ပွန်းပဲ့ကုန်တဲ့ စာနာစိတ်များ

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အက်ဆေးဖြစ်ပါသည်

လက်သွေးရေးသည်

အချိန်က ညကိုးနာရီလောက် ရှိနေပြီ။ မိုးက ခပ်ဖွဲဖွဲကျနေတယ်။ လိုင်းကားပေါ်ကဆင်းလိုက်တော့ ဗွက်တွေအပြည့် ဖုံးလွှမ်းနေတဲ့ ကတ္တရာလမ်းမက ဆီးကြိုတယ်။ ရေမြောင်းတွေကိုတူးပြီး ချဲ့နေတာကြောင့် ပုံထားတဲ့မြေစာတွေကို မိုးရေတွေက အရည်ဖျော်လိုက်တဲ့အခါ လမ်းသွားရတာ တော်တော်အဆင်မပြေဖြစ်ရတယ်။

ကားလမ်းကူးလိုက်ပြီး ကျွန်တော်နေတဲ့ လမ်းထဲကိုရောက်ဖို့ ရထားလမ်းကူးကို ဖြတ်ဖို့ပြင်တော့ အဲဒီနေရာမှာ လူနှစ်ယောက် မတ်တတ်ရပ်နေတာ တွေ့လိုက်ရတယ်။ အနားကပ်ကြည့်တော့ အသက် ၅၀ ကျော်အရွယ် လင်မယားနှစ်ယောက်။ ပုံစံက ခပ်နွမ်းနွမ်းပဲ။ ထီးတစ်ယောက် တစ်ချောင်းစီ ဆောင်းထားကြတယ်။ မိန်းမဖြစ်သူက အထုပ်အပိုးတွေ ကိုင်ထားတယ်။

သူတို့အနားရောက်တော့ အမျိုးသားဖြစ်သူက ကျွန်တေ့ာ ကို လှမ်းမေးတယ်။ ပဲခူးကိုသွားဖို့ ဒီကနေ ဘာကား ရောက်သလဲတဲ့။ စဉ်းစားကြည့်တော့ ကျွန်တော်တို့ မြောက်ဥက္ကလာ ၅ လမ်းမှတ်တိုင်ကနေဆို တိုက်ရိုက်မရှိဘူး။ ဒီကနေ ခရေပင်လမ်းခွဲထိစီး၊ ပြီးရင် အဲဒီကနေ ပဲခူးကားစီးရမယ်လို့ သူ့ကို ပြောလိုက်တယ်။

ထပ်ပြီး သူက ပြောပြန်တယ်။ ဒီနားမှာ ဘုန်းကြီးကျောင်း မရှိဘူးလားတဲ့။ ဘာလို့မေးပါလိမ့်ပေါ့။ ကျွန်တော်လည်း စဉ်းစား မရဖြစ်သွားတယ်။ သူဆက်ပြောတော့မှပဲ သဘောပေါက်တယ်။ သူတို့က ပဲခူးကို ပြန်ဖို့လမ်းစရိတ်မရှိတော့လို့ နီးစပ်ရာ ဘုန်းကြီးကျောင်းတည်းမယ်လို့ ဆိုလာတယ်။

ဆက်ပြီးသူက သူတို့ဟာ ပဲခူးသနပ်ပင်ကဖြစ်ပြီး တူမတွေဆီ အလည်လာရာက တူမတွေ အိမ်ပြောင်းသွားတာကြောင့် လင်မယားနှစ်ယောက် ပြန်ဖို့အခက်အခဲ ဖြစ်နေတယ်လို့ဆိုတယ်။ ကျွန်တော့မိန်းမကတော့ အဲဒီလူ စကားမဆုံးသေးဘူး၊ ပိုက်ဆံအိတ် ထုတ်ဖို့ပြင်နေပြီ။ ပြီးတော့ ကျွန်တော့လက်ထဲ လာထည့်ပေးတယ်။

ကျွန်တော်လည်း အချိန်တိုအတွင်း သူတို့ရဲ့ဖြစ်စဉ်ကို တွေးတောရတော့တယ်။ ပြောရရင် ဒီလိုအကြောင်းအရာတွေက ကျွန်တော့အတွက်တော့ ရိုးနေပြီလို့ဆိုရမယ်။ ရန်ကုန်မှာ ကျွန်တော်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ လမ်းစရိတ်ပြတ်လို့ဆိုပြီး ပိုက်ဆံအတောင်းခံရတာ အကြိမ်ပေါင်းမနည်းတော့ဘူး။

ဘုန်းကြီးတွေ၊ မိန်းမတွေ၊ လူငယ်လူရွယ်တွေ၊ သီလရှင်တွေ စသဖြင့် လူပုံစံတွေသာ ပြောင်းသွားတယ်။ သူတို့တောင်းတဲ့ ပုံစံတွေက မပြောင်းဘူး။ အကြောင်းအရာကလည်း ဒီဟာပဲ။ နယ်ကလာတယ်။ လာတဲ့ အိမ်ပျောက်တယ်။ ပြန်စရာ လမ်းစရိတ် မရှိတော့ဘူး။

အစပိုင်း တစ်ခါနှစ်ခါတော့ ပေးမိတယ်။ ဒါပေမဲ့ နောက်ပိုင်း အဲဒီလမ်းစရိတ်ပျောက်တဲ့သူက တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ် အဲဒီနားမှာပဲ တွေ့တဲ့သူ လိုက်တောင်းနေတော့ လိမ်တဲ့သူမှန်း သိခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဘယ်သူ လာတောင်းတောင်း အကြွေမရှိလို့ဆိုပြီး မပေးတော့ဘူး။

ဒီလိုအတွေ့အကြုံတွေရှိတော့ ကျွန်တော်က အခုပြောပြနေတဲ့ လင်မယားနှစ်ယောက်ကို မယုံတော့ဘူး ။ သူတို့က ပိုက်ဆံ တိုက်ရိုက်ပေးပါလို့ မတောင်းပေမယ့် ပေးချင်အောင် လိမ်နေတယ်လို့ပဲ ထင်တယ်။ ဒါကြောင့် မပေးဖို့ စိတ်ထဲက ဆုံးဖြတ်လိုက်တယ်။ ဒါက ကိုယ်တွေ့ကြုံဖူးတဲ့ အခြေအနေတွေကို စဉ်းစားမိပြီး ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့ နှလုံးသားက အဲဒါကို လက်မခံချင်ဘူး။ ဖြစ်စဉ်တွေက အရင်ကြုံဖူးတာတွေနဲ့ တူပေမယ့် လူပုံတွေက လိမ်စားတဲ့ ရုပ်လို့ မထင်မိဘူး။ တကယ်ပြောနေတာလို့လည်း စိတ်ထဲမှာ ခံစားလိုက်ရတယ်။ မိုးရွာထဲ အထုပ်တွေဆွဲပြီး ခပ်နွမ်းနွမ်းပုံစံနဲ့ အားငယ်သလို ရပ်နေတာကို သနားမိတာလည်းဖြစ်ချင်ဖြစ်မယ်။ စိတ်ထဲ ပေးသင့် မပေးသင့် ဒွိဟဖြစ်နေတယ်။

နောက်ဆုံး ပေးဖို့ဆုံးဖြတ်လိုက်တယ်။ တွေးမိလိုက်တာက လိမ်ရင်တောင် ပိုက်ဆံလိုလို့ တောင်းတာပဲ၊ ကိုယ်ပေးတာ ကိုယ့်ဒါနဖြစ်ပြီး  တောင်းတဲ့သူက ဘယ်လိုစိတ်ဖြစ်ပါစေ၊ သူ့စေတနာနဲ့ သူဆိုပြီး တွေးလိုက်မိတာကြောင့်ပါ။ ပိုက်ဆံသုံးထောင်ထုတ်ပေး လိုက်တယ်။ ပြန်ဖို့လည်း လမ်းညွှန်လိုက်တယ်။

အမျိုးသမီးက ထမင်းကျွေးဖို့တောင် လုပ်လိုက်သေးတယ်။ သူတို့ကတော့ စားမသွားပါဘူး။ ကားဂိတ်ကို ခပ်သုတ်သုတ် လျှောက်သွားကြတယ်။ ပိုက်ဆံပေးပြီးတော့ အမျိုးသမီးက ပိုက်ဆံပေးလိုက်တာနည်းတယ်လို့ ထင်ကြောင်း ကျွန်တော့ကို လာပြောတယ်။

ကျွန်တော်က ပိုက်ဆံမနည်းမများဖြစ်ကြောင်းနဲ့ လိမ်တဲ့သူဆိုရင်လည်း ပိုက်ဆံ သုံးထောင်သာပါတဲ့အတွက် ခံသာမှာဖြစ်ပြီး တကယ်ပြန်မယ့်လူဆိုရင်လည်း လောက်ငတယ်လို့ ရှင်းပြလိုက်တယ်။ သူကတော့ ပိုက်ဆံပေးတာ နည်းတဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး ငါးထောင်လောက်ပေးလိုက်ရင် အကောင်းသားလို့ မိန်းမကပြောတယ်။

အိမ်ရောက်တဲ့အထိ အဲဒီလင်မယားအကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော့ စိတ်ထဲလည်း အတွေးတွေ တသီကြီးပဲ။ တကယ် အဆင်မပြေတဲ့သူဆိုရင် ပိုက်ဆံလောက်ပါ့မလားတွေးမိ သနားမိတယ်။ တစ်ပါးသူကို ပေးလှူတဲ့နေရာမှာ သဒ္ဓါမပြတ် (စိတ်မပြတ်မသား) ဖြစ်တာကိုလည်း ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ ဒီလို သဒ္ဓါနည်းရတာလည်း အရင်က ကြုံဖူးတဲ့ အဖြစ်အပျက်တွေကနေ သင်ခန်းစာတွေရခဲ့လို့ဖြစ်တယ်။

ဒီလို လူတွေကို လွယ်လွယ် မယုံတာဟာ အရင်က အလိမ်ခံရဖူးတာတွေကြောင့်လို့ စဉ်းစားမိတယ်။ ရန်ကုန်မှာ သိတဲ့ အတိုင်းပဲလေ။ ပိုက်ဆံရဖို့အတွက် နည်းမျိုးစုံနဲ့ လိမ်လည်နေကြသူတွေ ဒုနဲ့ဒေးပဲ။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို တောင်းခိုင်းတာ၊ မွေးကင်းစကလေးငယ်တွေကို ငှားပြီးတောင်းတာ၊ အနာတုတွေ လုပ်တာ၊ လမ်းစရိတ်ပြတ်ချင်ယောင်ဆောင်တာ၊ ဘုန်းကြီး၊ သီလရှင် အယောင်ဆောင်ပြီး အလှူခံတာ စသဖြင့် အများကြီးပဲ။

နောက်ထပ် ပေါ်တင်လိမ်တောင်းတာလည်းရှိပါသေးတယ်။ အဲဒါကတော့ ကားပေါ်မှာ စာရွက်လေးတွေ လိုက်ပေးပြီး တောင်းတာပဲ။ စာရွက်ထဲမှာ သူတို့ အဖေ၊ အမေ နာမကျန်းတဲ့ အကြောင်းရေးထားပြီး ဆေးဖိုးတတ်နိုင်သလောက် ပေးပါဆိုပြီး အလှူခံတာပါ။ များသောအားဖြင့် ကလေးငယ်လေးတွေ များတယ်။ လိမ်နေမှန်း အတော်များများ သိကြပေမယ့် ငါးဆယ်၊ တစ်ရာ ပေးလိုက်ကြတာပါပဲ။

ဒါ့အပြင် ကျွန်တော်တွေ့ ဖူးတဲ့ ထူးထူးဆန်းဆန်း လိမ်နည်း တစ်ခုလည်းရှိသေးတယ်။ ကျွန်တော်က လိမ်တယ်လို့ထင်တာပါ။ ဘာလို့လည်းဆိုတော့ သုံးခါလောက် အဲဒီပုံစံချည်းတွေ့ဖူးလို့ပါ။ ပထမတစ်ခါက လိုင်းကားစီးလာရင်း သင်္ဃန်းကျွန်းစံပြဈေး အကျော်မှာ ကားပေါ်ပါလာတဲ့ အသက်ကြီးကြီး လင်မယား နှစ်ယောက်က စပါတယ်။

ထိုင်နေရင်း ယောကျာ်းဖြစ်သူက ထအော်တာပါ။ သူ့ဗိုက်ကိုနှိပ်ပြီး အော်နေတဲ့ ရှုံ့မဲ့မဲ့မျက်နှာကို အခုထိ မျက်စိထဲက မထွက်ဘူး။ နာနာကျင်ကျင်ခံစားနေရပုံပါပဲ။  အဲဒါနဲ့ ကျွန်တော် အပါအဝင် ခရီးသည်တွေက သူ့တို့ကို ဝိုင်းဝန်းဖေးမပြီး ပိုက်ဆံတွေ ထုတ်ပေးကြပါတယ်။ ပိုက်ဆံ နှစ်သောင်း သုံးသောင်းကျော် လောက်တော့ ရှိပါမယ်။

ပြီးတာနဲ့ လိုင်းကားကို ရပ်ခိုင်းပြီး တက္ကစီတစ်စီးပေါ် တင်ပေးလို့ စံပြဆေးရုံကို မောင်းခိုင်းလိုက်ပါတယ်။ အဲဒီတုန်းကတော့ ဒုက္ခရောက်သူကို ကူညီလိုက်နိုင်တယ်ဆိုပြီး  တော်တော် ပီတိဖြစ်လိုက်မိပါတယ်။ အဲဒီကိစ္စပြီး သိပ်မကြာပါဘူး။ နောက်တစ်ခါလည်း အဲဒီပုံစံ ထပ်တွေ့ပါတော့တယ်။

လူကတော့ ကွဲပြားပေမယ့် ပုံစံက တစ်ထေရာတည်းပဲ။ ကားပေါ် အော်ဟစ်ပြီး ရောဂါဒဏ် ခံစားရပုံလုပ်ပြတာပါ။ အဲဒီတုန်းကလည်း ကားပေါ်ကလူတွေ ပိုက်ဆံလှူလိုက်ကြပါသေးတယ်။ ကျွန်တော်တော့ သံသယဝင်သွားတာနဲ့ မလှူလိုက်တော့ဘူး။ နောက်ဆုံးအကြိမ်ကတော့ ဒီနှစ်ထဲမှာပါပဲ။ ကားပေါ် ဝေဒနာခံစားပြတာပဲ။ ဒီတစ်ခါတော့ သူ့ကို လှူတဲ့သူက တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော့ဘေးနား ထိုင်တဲ့သူက ငါးထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တာပါ။

ကျန်တဲ့သူတွေကတော့ မပေးကြဘူး။ ကျွန်တော့လိုပဲ ကြုံဖူးကြလို့ လိမ်တဲ့သူလို့ ထင်ကြတာလား မပြောတတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလူတွေကို တကယ်ဖြစ်တယ်လို့ မယုံကြည်တော့ပါဘူး။ နောက်ထပ် ကားပေါ်မှာ အဲဒီလိုလူတွေ တွေ့ရင် ကျွန်တော် ကူညီမှာမဟုတ်တော့ဘူး။

ဘာကြောင့်လည်းဆိုတော့ လုပ်နိုင်ကိုင်နိုင်အရွယ်တွေ ဖြစ်ပြီး လူတွေရဲ့ ရိုးသားမှု၊ သနားကြင်နာမှုကို ခုတုံးလုပ်ပြီး လိမ်စားနေတာကို မနှစ်မြို့လို့ပါ။ နောက်တစ်ချက်က ကိုယ်ပိုက်ဆံ ပေးလိုက်တာဟာ သူတို့ကို ပိုက်ဆံ အလွယ်နည်းနဲ့ အချောင်ခို တောင်းရမ်းရနေတာကို အားပေးအားမြှောက်ပြုနေရာ ရောက်နေတယ်လို့လည်း တွေးမိလို့ပါ။

အဲဒီလို မကူညီဘူးလို့ ဆုံးဖြတ်ထားတာနဲ့ ပတ်သက်ပြီး တစ်ဆက်တည်းတွေးမိတာက အကယ်၍ တကယ် ဒုက္ခရောက်တဲ့ သူတွေဆိုရင် ဘယ်လိုဖြစ်မလဲလို့ပါ။ တကယ်ရောဂါခံစားရသူတွေ၊ လမ်းပျောက်လို့ ဒုက္ခရောက်နေသူတွေ၊ စားစရာမရှိလို့ အတိဒုက္ခရောက်သူတွေကို ကျွန်တော်တို့ ခွဲခြားသိနိုင်ဖို့ အတော် ခက်ပါလိမ့်မယ်။ တွေ့ရင်လည်း ကူညီဖို့ကတော့ ရာခိုင်နှုန်း အတော်နည်းသွားပါပြီ။

ဒါဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့လက္ခဏာလို့ ကျွန်တော်မထင်ဘူး။ လူအချင်းချင်း ရိုင်းပင်းကူညီလိုစိတ်ရှိသူတွေလည်း လူလိမ်တွေကြောင့် လက်တွန့်နေကြသလို တကယ် ဒုက္ခရောက်နေသူတွေအတွက်လည်း အကူအညီရဖို့ ခက်ခဲပြီး လူလိမ်လို့ အထင်ခံရနိုင်ပါတယ်။

ကျွန်တော်တို့ ငွေသုံးထောင်ပေးခဲ့တဲ့ လင်မယားနှစ်ယောက်ကတော့ တကယ်ဒုက္ခရောက်တဲ့သူလား၊ လိမ်တဲ့သူလား ကျွန်တော် ဝေခွဲမရပါဘူး။ ကျွန်တော် တစ်ယောက်တည်းဆိုရင် မလှူဘဲ ကျော်ချင်ကျော် သွားနိုင်ပေမယ့် ကျွန်တော့အမျိုး သမီးပါတဲ့အတွက် သူ့ရဲ့ သနားတတ်တဲ့စိတ်ရယ်၊ သူတို့လူပုံပန်းကို ကြည့်ပြီး သနားမိသွားတဲ့ ကျွန်တော့စိတ်ရယ်ကြောင့် ငွေသုံးထောင်ပေးခဲ့ရတယ်။

ဒီလိုပေးခဲ့ရတာကိုလည်း နောင်တရတဲ့ စိတ်တော့ မဖြစ်ပါဘူး။ ပေးလိုက်တာ နည်းသွားတယ်ဆိုတဲ့ ခံစားချက်ပဲ ထူးဆန်းစွာ ဖြစ်နေမိတယ်။ ပိုက်ဆံပေးပြီးနောက် အမျိုးသားဖြစ်သူပြောလိုက်တဲ့ စကားသံကိုလည်း နားထဲက မထွက်ဘူး ဖြစ်ရတယ်။ ကျွန်တော်သူတို့ကို ပိုက်ဆံပေးလိုက်တဲ့အချိန်မှာ ကျွန်တော့အမျိုးသမီးက သူတို့ကို လကုန်ရက် ဖြစ်တာကြောင့် နည်းနည်းပဲ ကူညီနိုင်တယ်လို့ ပြောလိုက်တဲ့အချိန်မှာ သူကပြန်ပြောတာပါ။

“ငါ့တူမကြီးတို့ရယ် ဒီပိုက်ဆံကလည်း မနည်းပါဘူး။ ဒီလောက်ကူညီတာကို ကျေးဇူးတင်လှပါပြီ” ဆိုတာပါပဲ။ အဲဒီ စကားကြားလိုက်ရတော့ စိတ်ထဲသနားမိသလိုလိုဖြစ်သွားတယ်။ ထွက်သွားတဲ့ သူတို့ကို လှမ်းကြည့်ရင်း စိတ်ထဲကနေ သူတို့ဟာ လူလိမ်မဟုတ်လောက်ပါဘူးလို့ တွေးနေမိတယ်။


#essay


အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."