စံပယ်တွေ လှိုင်လှိုင်ပွင့်ခဲ့စဉ်က

 

ဇွန်လရဲ့ မိုးရေစက်တွေနဲ့အတူ ကျောင်းဖွင့် ရာသီကို ရောက်လာခဲ့ပါပြီ။ ကျောင်းဝတ်စုံ အဖြူအစိမ်း ကိုယ်စီဝတ်လို့ သနပ်ခါးအဖွေး သားနဲ့ ဖြီးလိမ်းပြင်ဆင်ပြီး ကျောင်းတက် ကြတဲ့ ကျောင်းတော်သားတွေရဲ့ ခြေလှမ်း တိုင်းက ယုံကြည်ချက်တွေ ပြည့်နေတယ်။ သူတို့လေးတွေက အနာဂတ်ရဲ့သားကောင်း သမီးကောင်းလေးတွေ မဟုတ်လား။ ကျောင်းတော်သားတွေကို ကျောင်းလိုက် ပို့ကြတဲ့ မိဘတွေ၊ အုပ်ထိန်းသူတွေရဲ့ မျက် ဝန်းမှာလည်း ဝမ်းသာကြည်နူးမှု၊ ပျော်ရွှင်မှု တွေက ဖုံးမရ ဖိမရ အတိုင်းသား ပေါ်လွင် နေတယ်။ သူတို့လေးတွေရဲ့ အပျော်ဓာတ် က ကျွန်တော့်ကိုပါ ကူးစက်လာတယ်။ တစ် ဆက်တည်းမှာပဲ ငယ်ဘဝ ကျောင်းသား ဘဝကို အမှတ်ရမိလာတယ်။

မူလတန်းအောင်စာရင်း ထွက်ပြီးချိန်မှာ ကျောင်းနေဖက် သူငယ်ချင်းတွေ တကွဲတပြားစီ ပညာသင်ယူဖို့ အကြောင်းဖန်လာ တယ်။ အထက်တန်းကျောင်းကြီးမှာ တက်ရတော့မယ်ဆိုတဲ့ အသိစိတ်ကြောင့် တက်ကြွပျော်ရွှင်မှုလည်း ဖြစ်ရသလို ကျောင်း ပြောင်းတက်ရမယ့် သူငယ်ချင်းတွေကြောင့်လည်း ဝမ်းနည်းစိတ် ဖြစ်ရတယ်။ မူလတန်းတစ်လျှောက်လုံး လည်ပင်းဖက် ပေါင်း သင်းခဲ့ကြတဲ့ သူငယ်ချင်းတစ်ဝက်လောက်က မိသားစုဝန်ကို ထမ်းဖို့ ကျောင်းပညာရေးကို ကျောခိုင်းလိုက်ကြရတယ်။ သူတို့ က လောကကြီးထဲကို (အခြေအနေ အကြောင်းကြောင်းကြောင့်) ကျွန်တော်တို့ထက် စောစီးစွာ ဝင်ရောက်သွားကြတယ်။

အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သီချင်းလိုပါပဲ။

‘ခေါင်းလောင်းသံ xxx တညံညံပေးတဲ့ xxx ရွာကျောင်းကို xxx ပြေးမြင်မိရင် xxx သတိရနေတယ် xxx သူငယ်ချင်းရေ xxx တို့များငယ်ငယ်တုန်းက xxx ရွာဝင်လမ်းဆီကနေ xxx ပြေးကာ လွှားကာ xxx ကျောင်းတက်လာကြတာတွေ xxx မေ့နိုင်ပါ့ မလား xxx မင်းတို့ ငါတို့ xxx ငယ်ငယ်တုန်းကလေ’

မူလတန်းတစ်လျှောက်လုံး အင်္ကျီဘောင်းဘီတိုနဲ့ ကျောင်း တက်ခဲ့ရပေမယ့် အထက်တန်းကျောင်း တက်ရတော့မယ်ဆို တော့ ကျောင်းစိမ်းပုဆိုး စဝတ်ကြရတယ်။ ငါးတန်းတက်မယ့် နှစ် ဆိုတော့ ဈေးချိုတော် ံ ရုံက မာစရိုက်ပုဆိုးစိမ်းတစ်ထည် အမေက ဝယ်ပေးတယ်။ ဦးလေးတွေ၊ အစ်ကိုတွေကလည်း သူတို့ ဝတ်ပြီးသား ပုဆိုးစိမ်းတွေ ပေးကြတယ်။ ဈေးချိုက ဝယ်လာတဲ့ ပုဆိုးစိမ်းက အခုခေတ်လို ဘူးလေးနဲ့ အသင့်ချုပ်ပြီးဆိုတဲ့ ရယ်ဒီ မိတ် မဟုတ်သေးဘူး။ ဈေးချိုကအပြန် စက်ချုပ်ဆိုင်ကို ဖုတ်ပူမီး တိုက်အပ်ခဲ့ရတာ အမှတ်ရမိသေးတယ်။

ကျောင်းအပ်လက်ခံပြီဆိုတော့ အဖေကိုယ်တိုင် ကျောင်း လိုက်အပ်ပေးတယ်။ ကျောင်းဝင်ခွင့်လျှောက်လွှာတွေဝယ်၊ ဖောင်တွေဖြည့်၊ ဓာတ်ပုံတွေကပ်၊ မိဘဆရာအသင်းကြေးတို့၊ ရေအိုး၊ တံမြက်စည်းကြေးတို့၊ စာကြည့်တိုက်ကြေးတို့၊ အလှူငွေ တို့ ထည့်ဝင်ခဲ့ရတယ်။ အခုခေတ်မှာတော့ ဘာကြေးညာကြေးမှ မကောက်ခံတော့ပါဘူး။ ကျွန်တော်တို့ခေတ် (၁၉၈ဝ ပြည့်လွန် နှစ်)တွေမှာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ဖိုးတွေလည်း ပေးခဲ့ကြရ သေးတယ်။ အဲဒီစာအုပ်တွေကို ဈေးကွက်မှာ ပုံနှိပ်စာအုပ်လို့ အလွယ်တကူ ခေါ်ခဲ့ကြတယ်။ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်သာ ရောက်သွားတယ်၊ ပုံနှိပ်စာအုပ် စုံစုံလင်လင်ရတဲ့ နှစ် တစ်နှစ်မှ မရှိခဲ့ဘူး။ ကျွန်တော်တို့ ခေတ်ပြိုင်အားလုံး ပုံနှိပ်စာ အုပ် စုံစုံလင်လင် မရခဲ့ကြဘူး။ ပုံနှိပ်စာအုပ်အတွက် အတန်းထဲမှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံး မဲနှိုက်ခဲ့ကြရတယ်။ ပထဝီစာအုပ် မဲပေါက်သူက သမိုင်းစာအုပ် မဲနှိုက်ခွင့်မရှိဘူး။ သိပ္ပံ စာအုပ် မဲပေါက်သူက သင်္ချာစာအုပ် မဲမနှိုက်ကြရဘူး။ မဲမပေါက် တဲ့ စာအုပ်ရချင်ရင် ဈေးချိုတော် ဃ ရုံထဲမှာ သွားဝယ်ကြရတယ်။ အစိုးရက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဖတ်စာအုပ် တွေ လုံလုံလောက်လောက် မပေးနိုင်ပေမယ့် ဈေးချို ဃ ရုံ စာ အုပ်မှောင်ခိုဈေးကွက်မှာ ဖတ်စာအုပ်တွေက လိုချင်သလောက် ရနေတယ်။ မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်ခေတ်ရဲ့ ဗဟိုချုပ် ကိုင်မှုဒဏ်ကို ကျောကော့အောင် ခံခဲ့ရတဲ့ နှစ်ကာလများ ဆိုပါတော့။

အခုတော့ အခြေခံပညာရေးက အခမဲ့ ပညာရေးစနစ်ဖြစ်  လာတော့ ဘာကြေးညာကြေးမှလည်း ပေးစရာမလိုတော့ဘူး။ ဖတ်စာအုပ်တွေလည်း အခမဲ့ ထုတ်ယူနိုင်ကြပြီ။ ဗလာစာအုပ် တွေ၊ ကျောင်းဝတ်စုံတွေပါ ရကြသေးတယ်။ ကျောင်းသူ၊ ကျောင်းသားတို့ ကံကောင်းပေစွတကား။ ဒီလိုစနစ်ကောင်းနဲ့ ကြုံခွင့်မရလိုက်တဲ့ ကျွန်တော့်သူငယ်ချင်းတချို့  မူလတန်းပညာ ရေးနဲ့ ကျောင်းပညာရေးကို လမ်းခွဲလိုက်ကြရတယ်။

ကျွန်တော်တို့ခေတ်မှာ ကျောင်းသုံးကိရိယာဖြစ်တဲ့ M အမှတ်တံဆိပ်ပါ ကွန်ပါဘူးတွေလည်း ငါးတန်းနှစ်မှာ မဲဖောက် ပေးခဲ့ဖူးတယ်။ ကွန်ပါဘူး အနီရဲရဲလေးကို ဂျပ်စက္ကူဘူးလေးထဲ ထည့်ထားတယ်။ ကွန်ပါဘူးထဲမှာ ထောက်ချွန်နှစ်ခုပါတယ်။ စက် ဝိုင်းခြမ်းပါတယ်။ တြိဂံပုံ ကျင်တွယ်ပေတံနှစ်ခုပါတယ်။ ခြောက် လက်မ ပေတံဖြူဖြူတစ်ချောင်းပါတယ်။ ခဲဖျက်တောင်မှ ပါလိုက် သေးတယ်။ ကွန်ပါဘူးထဲက ပုံသေနည်းတွေ ရေးထားတဲ့ ဂျပ် စက္ကူလေးဟာ အတော်အသုံးတည့်မှန်း အချိန်အတော်ကြာမှာ သိခွင့်ရခဲ့တယ်။ ကျောင်းသားလေးဆယ်လောက်ရှိတဲ့ စာသင် ခန်းအတွက် ကွန်ပါဘူးခွဲတမ်းက သုံးဘူးသာဖြစ်လို့ ကျွန်တော် ကံကောင်းသူစာရင်း မဝင်ခဲ့ဘူး။ ဘာနည်းပညာမှ မည်မည်ရရ မလိုတဲ့ ကွန်ပါဘူးလို ပေါပေါပဲပဲ ပစ္စည်းကိုတောင် ပြည်တွင်းမှာ လုံလောက်အောင် မထုတ်နိုင်ခဲ့ဘူး။ အဲဒီကွန်ပါဘူးတွေက စိနဒေသက လာတာတွေလေ။ ပြည်တွင်းမှာ အလင်းရောင် တံဆိပ်နဲ့ ကွန်ပါဘူးတွေ ထုတ်ခဲ့ပေမယ့် ကွန်ပါချွန်ကလည်း အမြဲချောင်၊ ပေတံကလည်း မှုန်ဝါးဝါး၊ ကွန်ပါဘူးလုပ်ထားတဲ့ သံပြားကလည်း ပါးလျပ်လျပ်ဆိုတော့ ဘယ်သူမှ မသုံးချင်ကြ ဘူး။ စေတနာမပါတဲ့ ထုတ်ကုန်မို့ စားသုံးသူတွေက ဒဏ်ခတ် လိုက်ကြတာ ဈေးကွက်မှာ ကြာကြာမခံလိုက်ဘူး။ ဈေးချိုက ဆိုင်တွေမှာ ကွန်ပါဘူး အလွယ်တကူ ဝယ်လို့ရတယ်ဆိုပေမယ့် ကျောင်းသားမိဘအများစုက ကွန်ပါဘူးအတွက် ငွေကုန်ကြေး ကျ မခံကြတော့ဘူး။ သံချေးအလိမ်းလိမ်းတက်နေတဲ့ အစ်ကို တွေ၊ အစ်မတွေရဲ့ လက်ကျကိုသာ လက်ဆင့်ကမ်း သုံးကြရတယ်။

ကံကောင်းထောက်မလို့ ကွန်ပါဘူးမဲပေါက်ခဲ့ရင်လည်း အမြဲတမ်းသုံးနေတာတော့ မဟုတ်ဘူး။ အစမ်းစာမေးပွဲတို့၊ စာ မေးပွဲအစစ်ကြီး (အတန်းတင်စာမေးပွဲ) တို့မှာ တယုတယထုတ် သုံးကြရတယ်။ သူဌေးသားတချို့တလေကတော့ ကွန်ပါဘူး မဲ မပေါက်ခဲ့ရင်လည်း ဈေးချိုထဲက ဝယ်သုံးခဲ့ကြတာပါပဲ။ ကျွန် တော်တို့အတန်းထဲမှာ ငွေကြေးပြည့်စုံတဲ့ ကျောင်းသားတွေ လည်း ပါတယ်။ အဲဒီသူဌေးသားတွေထဲက သူငယ်ချင်းတစ် ယောက်ဟာ မဲနှိုက်ရမယ့် ကျောင်းသုံးစာအုပ်တွေ၊ မဲဖောက်တဲ့ စာရေးကိရိယာတွေအတွက် ဘယ်တော့မှ ဝင်ပြီးကံမစမ်းဘူး။ အများတန်းတူ မဲနှိုက်စရာမလိုတဲ့ ခဲတံလိုဟာမျိုးဆိုရင် ကျဖိုး ပေးပြီး ဝယ်တယ်။ မဲနှိုက်မှရမယ့် ပစ္စည်းတွေအတွက် မဲမနှိုက်ဘဲ အမြဲလက်ရှောင်တယ်။ ကျောင်းသူ၊ ကျောင်းသားအများစု အတွက် တမင်လက်ရှောင်ခဲ့တာဖြစ်တယ်။ သူက ငွေကြေးပြည့်စုံ သူမို့ အလွယ်တကူ ဝယ်သုံးလို့ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းဖော်တွေအပေါ် အမြဲညှာခဲ့သူဖြစ်တယ်။

ကျွန်တော်တို့ငယ်ငယ်က ကျောင်းဖွင့်ရာသီမှာ မိဘတွေ ကို နားပူနားဆာလုပ်တဲ့ ကျောင်းသုံးကိရိယာ တန်ဆာပလာတွေ ထဲမှာ လွယ်အိတ်လည်း ပါတယ်။ ရှမ်းပြည်နယ်က ထွက်တဲ့ က္ဘောဇလွယ်အိတ်က နိုင်လွန်ချည်တွေနဲ့ ရက်ထားလို့ ခိုင်တယ်။ ကျွန်တော်တို့မျိုးဆက်အတွက် ကမ္ဘောဇလွယ်အိတ်က အသည်း စွဲချစ်မိတ်ဆွေ ဆိုကြပါတော့။ ကချင်ရိုးရာဂျပ်ခုတ်လွယ်အိတ် တွေလည်း မက်မက်မောမောလွယ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ လွယ်အိတ်အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတောင် ရှိခဲ့ သေးတယ်။

‘အချစ်နဲ့ ကျွန်တော် xxx မေတ္တာမျှနေတုန်းက xxx လွယ် အိတ်နီလေး xxx သူဝယ်ပေးဖူးတယ် xxx လွယ်အိတ်လေးကို xxx ထွေးပွေ့ကာ xxx ရင်မှာ စိတ်ကြည်နူးလိုက်တာ xxx ကြင်နာရဆုံး xxx မင်းလေးရဲ့ စေတနာ xxx’

ရုပ်ရှင်မင်းသား ကျော်သူနဲ့ စိုးသူက စီလွန်လွယ်အိတ်တွေ လွယ်ပြလိုက်တော့ စီလွန်လွယ်အိတ်တွေလည်း ခေတ်စားခဲ့  သေးတယ်။

ရုပ်ရှင်မင်းသမီး ဇင်မာဦးတို့၊ ခိုင်ခင်ဦးတို့ကလည်း ကျော်သူ၊ စိုးသူတို့နဲ့ အပြိုင် ပန်းပွားလွယ်အိတ်တွေ လွယ်ပြလိုက်တော့  ကျောင်းသူတော်တော်များများ ပန်းပွားမှ ပန်းပွား ဖြစ်ကုန်ကြ တယ်။ အခုတော့ ပြည်တွင်းဖြစ်လွယ်အိတ်တွေက နိုင်ငံခြားသား ခရီးသွားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားသလား အောက် မေ့ရတယ်။ တိုးရစ်တွေအားလုံးက လွယ်အိတ်တွေကိုယ်စီ စလွယ်သိုင်းလို့။ ကျွန်တော်တို့ဆီက လူတွေကလည်း အားကျမခံ  ပြည်ပနိုင်ငံမျိုးစုံက လာတဲ့ ကျောပိုးအိတ်တွေနဲ့ ဟန်ဓာတ်ခုတ် နေကြပြီလေ။

မူလတန်းကျောင်းတုန်းက ကိုယ့်ခြေထောက်ကိုယ်အား ကိုးပြီး သွားခဲ့ရပေမယ့် အထက်တန်းကျောင်းတက်ရတော့ ဘတ်စ်ကားစီးပြီး ကျောင်းတက်ကြရတယ်။ ရှစ်တန်းနှစ်ရောက်မှ အိမ်က စက်ဘီးဝယ်ပေးလို့ စက်ဘီးစီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်တော်တို့ခေတ်မှာ ဘယ်မိဘအုပ်ထိန်းသူကမှ သူတို့သား သမီးတွေကို ကျောင်းလိုက်ပို့ရိုးထုံးစံ မရှိဘူး။ ကျွန်တော့်သူငယ် ချင်းတစ်ယောက်ကတော့ သူ့အမေက ကျောင်းဆရာမမို့ ကျောင်း လာရင် သူ့အမေ ဆရာမနဲ့အတူတူ ကျောင်းလာတယ်။ အမေက ကျောင်းသွားတဲ့အခါ ဘတ်စ်ကားခအတွက် ငွေအကြွေတစ်မတ် စေ့ တမင်ထည့်ပေးတယ်။ ကျွန်တော်ရတဲ့ ကျောင်းမုန့်ဖိုးက တစ် နေ့ ငါးမတ်၊ ကားခက အသွားအပြန် ငါးမူးဆိုတော့ ကျောင်းသွား ချိန် မနက်ပိုင်းမှာပဲ ဘတ်စ်ကားစီးဖြစ်တယ်။ ကျောင်းဆင်းလို့ အိမ်ပြန်ချိန်မှာတော့ ဘတ်စ်ကားခအကုန်သက်သာအောင် ခြေ ကျင်ပဲ ပြန်ကြတယ်။ သူငယ်ချင်းတော်တော်များများလည်း ကျွန် တော်တို့နဲ့အတူ အပြန်ခရီးမှာ ဘတ်စ်ကားမစီးဘဲ ခြေကျင်ပဲ ပြန် ကြတယ်။ တကယ်တော့ ကျောင်းနဲ့ အိမ် ခရီးအကွာအဝေးက နီး လှတာတော့ မဟုတ်ဘူး။ ဘတ်စ်ကား ၁ဝ မှတ်တိုင်စာလောက် လမ်းလျှောက်ပြန်ကြရတဲ့ခရီး။ သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောပြီး ပြန်လာလို့သာ ခရီးမဝေးဘူး ထင်ရတာပါ။ ဒီခရီးနဲ့ ဒီ ခရီးက ဘာမှဝေးတာမဟုတ်ပါဘူး၊ စကားတပြောပြောနဲ့ ရောက် သွားမှာပါလေဆိုပြီး ကိုယ့်ကျောကိုသပ်ပြီး ဖြေသိမ့်ခဲ့ကြရတဲ့ ကာလတွေပေါ့။ အခုတော့ ကားမှတ်တိုင်တစ်မှတ်တိုင်လောက် ခရီးဆိုရင်ကို လမ်းလျှောက်မသွားချင်တော့ဘူး။ ဆိုင်ကယ်လေး ဖင်ခုထိုင်ပြီး သွားချင်ကြတာကလား။

မူလတန်းပြီးလို့ အထက်တန်းကျောင်း တက်ရတော့မယ် ဆိုတော့ အမေက ကျွန်တော့်ကို အင်္ကျီစဝယ်ဖို့ ဈေးချိုကို ခေါ် သွားတယ်။ အရင်က ကျောင်းအင်္ကျီဆိုရင် တက်ထရွန်စတွေသာ ချုပ်လုပ်ခဲ့ကြတာ။ အဲဒီနှစ်က အကြေစဆိုတာ ပေါ်တဲ့နှစ်။ တီဗီစ ဆိုတာလည်း ပေါ်လိုက်သေးတယ်။ ကျောင်းသူတွေနဲ့ ဆရာမတွေ က တီဗီစအဖြူရောင်တွေဝယ်ပြီး ကျောင်းဝတ်စုံအင်္ကျီချုပ်တာ မှတ်မိသေးတယ်။ အရိပ်ပန်းအဖြူရောင်အထည်စတွေကလည်း နွေရာသီမှာ ဝတ်လို့ကောင်းတော့ ချုပ်ဖြစ်ခဲ့သေးတယ်။ မာတင်စ  တို့၊ သရီးရွိုင်ဖယ်စတို့ဆိုတာ နောက်မှပေါ်တဲ့ အစတွေပေါ့။ အင်္ကျီ ချုပ်တာကတော့ ရပ်ကွက်ထဲက စက်ချုပ်ဆိုင်မှာပဲ အပ်လိုက်ကြ တယ်။ ကျွန်တော်တို့ခေတ်က ကျောင်းဝတ်စုံကို စတိုးဆိုင်မှာ ဝယ်လို့မှ မရတာကိုး။ အခုခေတ်မှာတော့ ရှော့ပင်းမောလ်တွေ၊  ပလာဇာတွေတင်မကဘူး၊ လမ်းထိပ်က စတိုးဆိုင်မှာ ကျောင်းဖွင့် ရာသီ နီးလာတာနဲ့ ကျောင်းဝတ်စုံ အရွယ်စုံ၊ ဒီဇိုင်းစုံ တင်ရောင်း ချကြတော့တာပဲ။ ကျွန်တော်တို့က စီမံကိန်းစီးပွားရေးခေတ်မှာ လူလားမြောက်ကြရသူတွေ၊ ဒီနေ့ခေတ် ကလေးတွေက ဈေး ကွက်စီးပွားရေးမှာ ဖြတ်သန်းနေကြသူတွေ၊ စဉ်းစားပုံ၊ လုပ်ပုံ ကိုင်ပုံ ဘာတစ်ခုမှ မတူတော့ဘူး။

ကျွန်တော်တို့တုန်းက နွေရာသီမှာ မှတ်စုစာအုပ်နဲ့ လေ့ ကျင့်ခန်းစာအုပ်တွေထဲက စာရွက်လွတ်တွေ ပါလာရင် ဖြုတ်ကြ ရတယ်။ ပြီးမှ စာအုပ်အဖုံးချုပ်တဲ့ဆိုင်သွားပြီး ချုပ်ကြရတယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဓားစက်တွေ ဘာတွေနဲ့ တိလိုက်တော့ စာရွက်က မူလအရွယ်ထက် နည်းနည်းတော့ သေးသွားတာပေါ့။ ကိစ္စမရှိဘူး။ အဲဒီ အရွယ်နည်းနည်းသေးသွားတဲ့ စာရွက်လွတ် တွေကိုပဲ စုချုပ်လိုက်တော့ လက်နှစ်လုံးလောက်ထူတဲ့ စာအုပ် ဖြစ်သွားတယ်။ သင်္ချာဘာသာက စာအုပ်ကုန်တာ မြန်တော့ စာ ရွက်လွတ်တွေ စုချုပ်ထားတဲ့ စာအုပ်က သင်္ချာတွက်ဖို့ ဖြစ်သွား တယ်။ အစစအရာရာ ရှားပါးပြတ်လပ်တဲ့ ခေတ်ဖြစ်လို့ ဘယ် အရာကိုမှ အလဟဿအဖြစ်မခံနိုင်ဘူး။Reduce (လျှော့သုံး)၊ Reuse (ပြန်သုံး)၊ Recycle (ပြုပြင်သုံး) ဆိုတာတွေ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်နယ်ပယ်မှာ ခေတ်မစားခင် ကတည်းက ကျွန်တော်တို့က လုပ်ခဲ့ပြီးနေပြီ။ စက္ကူသားညံ့ညံ့ ပြန်ကြိတ်စက္ကူတွေတောင် ကျွန်တော်တို့ သုံးခဲ့ကြရသေးတယ်။  ကုန်သွယ်ရေး (၉) နဲ့ ရေနံဓာတုကော်ပိုရေးရှင်းက ဗလာစာအုပ် တွေ ထုတ်ခဲ့ကြပေမယ့် ထုံးစံအတိုင်း အောက်ခြေပြည်သူလူထုထဲ  လောက်လောက်ငင ဘယ်တော့မှ မရောက်ခဲ့ဘူး။ အောက်ခြေ လူထုကတော့ ခွဲတမ်း၊ ဦးရာလူ၊ မဲနှိုက် စတဲ့ စကားလုံးတွေနဲ့ ချွေး သိပ်ခံခဲ့ကြရတယ်။

အခုတော့ ဗလာစာအုပ်တွေ ဖောဖောသီသီ ပေါလာပါပြီ။ ဘယ်ကျောင်းသားကမှ နွေရာသီမှာ မှတ်စုစာအုပ်က စာရွက် လွတ်တွေ ဖြုတ်ပြီး စာအုပ်ချုပ်ဆိုင် သွားမနေကြတော့ဘူး။ အဲ… ဒါပေမဲ့ ဒီနေ့ခေတ် ကျောင်းသားတွေမှာလည်း သူတို့အခက်အခဲ နဲ့ သူတို့။ နွေကျောင်းပိတ်ရက်တွေမှာ ကျွန်တော်တို့တုန်းကလို မီးကုန်ယမ်းကုန်ဆော့ဖို့ အခွင့်အရေးမရရှာကြဘူး။ သင်တန်း ပေါင်းစုံ လွန်းထိုးတက်နေကြရတာလေ။

ကျောင်းဖွင့်ရာသီမှာ ကျွန်တော်တို့ခေတ်က ကျောင်းသူ၊ ကျောင်းသားတိုင်း မဖြစ်မနေလုပ်ကြရတာ တစ်ခုရှိတယ်။ အဲဒါ ကတော့ ထမင်းချိုင့်တွေ ယူလာကြတာပါပဲ။ ဒန်သတ္တုနဲ့ လုပ် ထားတဲ့ ထမင်းချိုင့်ပြားပြားလေးကို ချည်ကြမ်းလက်သုတ်ပဝါ စည်းပြီး ဟင်းတွေ မဖိတ်စဉ်အောင် ဂရုစိုက်ယူကြရတယ်။ စက် ဘီးနဲ့ တက်ရတဲ့နှစ်တွေမှာတော့ စက်ဘီးနောက်က ကယ်ရီယာခုံ မှာ ထမင်းချိုင့်ကို ခိုင်ခိုင်ချည်ပြီး ကျောင်းယူလာခဲ့ကြတယ်။  ထမင်းစားကျောင်းဆင်းချိန် ရောက်ပြီဆိုတာနဲ့ သူငယ်ချင်း လေးငါးဆယ်ယောက် စုဝေးစားသောက်ကြရတာ ပျော်စရာ ကောင်းတယ်။ သူ့ဟင်းခွက် ကိုယ်နှိုက်၊ ကိုယ့်ဟင်းခွက် သူနှိုက် လက်ဆုံစားခဲ့ရတဲ့ ထမင်းမြိန်မြိန်ဝိုင်းတွေပါပဲ။ စတီးချိုင့်ကြီး၊ ချိုင့်ငယ်တွေနဲ့ အိမ်က လိုက်ကျွေးတယ်ဆိုတာ မရှိခဲ့ဘူး။ ကိုယ် စားပြီးသားချိုင့် ကိုယ့်ဘာသာ ဆေးခဲ့ကြရတယ်။ ကျောင်းက အပြန် ထမင်းမရှိတော့တဲ့ ထမင်းချိုင့်ကို ဘတ်စကက်ဘောကစား သလို ဟိုဘက်ဒီဘက် ပါဆယ်ပစ်ပေးကြတယ်။ ဖမ်းလို့မိတဲ့အခါ ရှိသလို ဖမ်းမမိလို့ လမ်းမပေါ် ဂွမ်ခနဲပြုတ်ကျတဲ့အခါလည်း ရှိ တာပဲ။ ဒန်ချိုင့်ဆိုတော့ ပိန်တာရှုံ့တာလည်း ရှိတာပေါ့။ ပလတ် စတစ်နဲ့ လုပ်ထားတဲ့ ချိုင့်ပြားပြားလေးတွေ ပေါ်နေပေမယ့် အများစုက ဒန်ချိုင့်ပြားပြားလေးကိုပဲ ထမင်းချိုင့်အဖြစ် သုံးခဲ့ ကြတယ်။ မယ်လမင်းချိုင့်တွေ မပေါ်သေးဘူး။ စတီးချိုင့်တွေ မရှိ သေးဘူး။

ကျောင်းသားဘဝမှာ ကျွန်တော် အမှတ်ရဆုံးက တနင်္လာ မနက်နဲ့ သောကြာမနက်ပိုင်းတွေမှာ အလံတိုင်ရှေ့ သံပြိုင်ဆိုခဲ့ရ တဲ့ ‘လူငယ်သစ္စာအဓိဋ္ဌာန် ၅ ချက်’ ဆိုတာပါပဲ။

‘ကျွနု်ပ်တို့သည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်၏ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားပါမည်’

‘ကျွနု်ပ်တို့အား အထက်မှပေးအပ်သော တာဝန်နှင့် ဝတ္တရား များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်’

‘ကျွနု်ပ်တို့သည် ဆိုရှယ်လစ်၏ သားကောင်းများဖြစ်အောင် အားထုတ်ပါမည်’

ဆိုတာတွေ ပါတယ်ထင်တာပဲ။ ဆိုရှယ်လစ်ရဲ့ အမြုတေ အဖြစ် ကျောင်းသူ၊ ကျောင်းသားတွေကို တေဇလူငယ်၊ ရှေ့ဆောင် လူငယ်၊ လမ်းစဉ်လူငယ်တွေအဖြစ် ဖော်ဆောင်ခဲ့ကြသေးတယ်။  ‘ဒို့တေဇလူငယ် xxx စည်းကမ်းရိုသေတယ် xxx ကျောင်းစာများ ကိုကွယ် လေ့ကျင့်သင်အံမယ်’ ဆိုတဲ့ တေးသီချင်းတွေလည်း အသံပြာအောင် ရွတ်ခဲ့ကြရသေးတာကလား။

ကျောင်းကောင်စီရဲ့အောက်မှာ ဝါ၊ စိမ်း၊ နီ၊ ပြာ အသင်း လေးသင်း (အခုတော့ ငါးသင်းဖြစ်သွားပြီ) ဖွဲ့ခဲ့ကြပြီး တံမြက် စည်းလှည်း၊ ရေခပ်စတဲ့ စာသင်ခန်း ဝေယျာဝစ္စတွေ မညည်းမညူ လုပ်ခဲ့ကြရတယ်။ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလဆိုပြီး အသင်းဖွဲ့ခဲ့ကြတာပါ။

ကျွန်တော်တို့ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် လေ့ ကျင့်သင်ကြားပေးခဲ့ကြတဲ့ ဆရာတွေက စာကိုသာမက စိတ်ကိုပါ သင်ပေးခဲ့ကြတယ်။ လောကကြီးထဲ နေတတ်စားတတ် သွား တတ်လာတတ်အောင် သွန်သင်ခဲ့ကြတယ်။ သူတို့ကိုယ်သူတို့ ဥယျာဉ်မှူးကောင်းလို သဘောထားပြီး ပန်းတွေပွင့်နိုင်အောင် တတ်စွမ်းသလောက် အားထုတ်ခဲ့ကြသူတွေဖြစ်တယ်။ ဒီတစ်ခါ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲရောက်ရင် ဆရာ၊ ဆရာမတွေကို ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းနဲ့ တွေ့ချင်ပါ သေးတယ်။ မိတ်ဆွေတို့လည်း ဆရာကန်တော့ပွဲ မဖြစ်မနေ အရောက်လှမ်းခဲ့ဖို့ အားလုံးကိုယ်စား ဖိတ်ခေါ်ပါတယ်။ ဒီလိုပွဲ တွေက အောင်မြင်သူတွေချည်း စုဝေးရာနေရာလို့ မထင်စေချင်ဘူး။

ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်ထင်ရှား လူကြိုက် များသူ မဟုတ်ပါဘူး။ သာမြင်ညောင်ည သူလိုကိုယ်လို မောင်ဥယျာဉ် မျှသာ ဖြစ်ပါတယ်။ ဆုံကြသေးတာပေါ့ ။        ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."