ပေါက် – ၂၀၂၂ ဇူလိုင် ၂၉ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျားပစ်ကန်ကျေးရွာနဲ့ တောင်မြင့်ကျေးရွာကို မနေ့က အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၂၇ရက်နေ့ကစတင်ပြီး ပေါက်မြို့နယ်တောင်ပိုင်း ကျားပစ်ကန်ကျေးရွာကိုလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
” မနေ့မနက်ကမှစပြီး ကျားပစ်ကန်ရွာကိုမီးရှို့တာ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တိုက်ပွဲ ဖြစ်ပြီးတော့ စစ်တပ်က ကျားပစ်ကန်ကျေးရွာမြောက်ဘက်က တောင်မြင့်ကျေးရွာကို ဆုတ်သွားပြီး မီးထပ်ရှို့သွားတာ”လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကျားပစ်ကန်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာကြောင့်ပြည်သူ လေးဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်လေးနှစ်အရွယ် မသိမ့်သိမ့်ဖြူ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ကျားပစ်ကန်ရွာကို အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊နွား၊ကြက်၊ဝက်၊ဆိတ် တွေသေဆုံးခဲ့ပါတယ်။
ကျားပစ်ကန်ကျေးရွာမှာ နေအိမ် ၂၈၉ လုံးဝန်းကျင်ရှိပြီး နေအိမ် ၅၉လုံး ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောင်မြင့်ကျေးရွာကို တပ်ဆုတ်လာတဲ့ စစ်သားတွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
တောင်မြင့်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ပြီး ဒေသခံတွေရွာထဲဝင်လို့မရသေးတာကြောင့် ပျက်စီးဆုံးရှူံးမှု အခြေနေကိုမသိရသေးပါဘူး။
မကွေးတိုင်းဒေသကြီးအတွင်းမှာ အာဏာသိမ်းခံရပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃,၀၅၅ လုံးမီးရှို့ဖျက်ဆီးခံထားရပြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar ရဲ့ ဇွန်လ ၇ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် ကလေးနှင့်မီးလောင်ထားသည့်နေအိမ်များ။
ဓါတ်ပုံ – ဒေသခံ
#Dailynews

