ဖားကန့်-၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေရဲ့ အလောင်း ၃၂ လောင်းအထိ ဒီနေ့ပြန်တွေ့ထားပြီလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။
ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် ညနေပိုင်းက ပေသုံးရာဝန်းကျင်အမြင့်ရှိတဲ့ မြေစာပုံနဲ့ချောက်ကမ်းပါးပြိုကျပြီး ကျောက်ရှာဖွေသမား ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။
“ဒီနေ့က လောလောဆယ် ၁၁ နာရီလောက်မှာ ခုနစ်ဦးထပ်ရတယ်။မနေ့က ၂၅ ယောက် ဒီနေ့က ခုနစ်ယောက်၊ ၃၂ လောင်းတော့ တွေ့ထားပြီ။ လောလောဆယ်တော့ ရှာနေတာ။ ပိုင်ရှင်မသိတာက မနေ့က ငါးလောင်းမှာ တစ်လောင်းကသိတယ်ဆိုတော့ ပိုင်ရှင်မဲ့က လေးလောင်းပဲကျန်တာ။ အကုန်လုံး(ကန်ထဲကနေ) ဆယ်ပြီးသွားပြီ။ သုဿာန်ကိုပို့လိုက်ပြီ”လို့ ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
မနေ့က ကယ်ဆယ်ရှာဖွေရေးလုပ်ရာမှာ မိုးရွာတာကြောင့် အန္တရာယ်များပေမယ့် ဒီနေ့တော့ ရာသီဥတုကောင်းလို့ ဆက်ရှာဖွေနေတယ်လို့ ကူညီနေသူတစ်ဦးကပြောပါတယ်။
မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးသွားတဲ့သူတွေကို ၁၄ ရက်နေ့ကတည်းက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအင်အားအများအပြားနဲ့ ရှာဖွေနေတာဖြစ်ပြီး မနေ့က အလောင်းတွေ စတင်တွေ့ရှိတာဖြစ်ပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပြီး အခုလ ၅ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှာ လုပ်ကွက်ဖော်ထားတဲ့ကန်ထဲ မြေစာပုံပြိုကျတာကြောင့် ရေကန်အစပ်မှာရေချိုးနေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ရေစီးနဲ့မျောပါခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ပုံစာ-မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးသွားတဲ့သူတွေရဲ့အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ ဆယ်ယူနေပုံ
ဓာတ်ပုံ-မှော်မင်းသား-ပရဟိတ
#Dailynews

