မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ပြည်သူ ၁၅ ဦးလောက်ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၀ရက်နေ့က အောင်မဂ်လာရပ်ကွက်ထဲက ပရဟိတသမားတစ်ဦးကိုစစ်ကောင်စီတပ်တွေက နေအိမ်အထိလာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အတွင်းက ဒေသခံတစ်ဦးက ဆိုပါတယ်။
” ရိုက်နှက်ပြီး ကိုဖမ်းတာ၊ အဲ့အိမ်က လူတစ်ယောက်ကအော်တော့ ပစ်သတ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်သွားသေးတယ်”လို့ ဒေသခံကပြောပါတယ်။
ပရဟိတသမား အဖမ်းခံရပြီးနောက်မှာလည်း မိုးကုတ် ဒေသခံတချို့ ထပ်မံအဖမ်းခံခဲ့ရတယ်လို့ သူကပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီ တပ်တွေက အောင်မြေသုခရပ်ကွက်ထဲက ပြည်သူ ရှစ်ဦးနဲ့ လယ်ဦးရပ်ကွက်က လူငယ် ငါးဦးတို့ကိုဖမ်းဆီးခဲ့တဲ့အပြင် လမ်းမှာဖုန်းစစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံထားရသူတချို့ရှိနေကြောင်း ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေဟာ စစ်ကားအကြီးနဲ့ ကင်းလှည့်နေသလို စစ်ဆေးမှုတွေလည်း ပိုမိုတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

