အမ်း – ၂၀၂၄ အောက်တိုဘာ ၂၅ ( မော်ကွန်း)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီဆေးတပ်စခန်းကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီဆေးတပ်စခန်းကို AA က ဒီလ ၂၃ ရက်က သိမ်းပိုက်ရရှိထားတာဖြစ်ပြီး ဆေးတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ အမ်းမြို့ထဲက အ.ထ.က (၂) စာသင်ကျောင်းထဲကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သူကပြောပါတယ်။
ဒါဟာ အမ်းလေဆိပ်ကို ထိန်းထားတဲ့ AA အတွက် နောက်ထပ်အောင်ပွဲလည်းဖြစ်ပါတယ်။ လေဆိပ်ရှိတဲ့ ရခိုင်ပြည်နယ်က မြို့တွေဖြစ်တဲ့ မြောက်ဦး၊ စစ်တွေနဲ့ အမ်းတို့ကို သူတို့ထိန်းချုပ်လာတာလည်း ဖြစ်ပါတယ်။
” AA က ဆေးတပ်စခန်းကို ဝင်သိမ်းတော့ ထွက်ပြေးသွားကြတာ။ အကုန်လုံး အ.ထ.က ၂ ကျောင်းကို နေရာယူထားကြတယ်။ AA ကလည်း အ.ထ.က ၂ ကျောင်းဖက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ စစ်ကောင်စီက သိမ်းလို့ရထားတဲ့ လက်နက်ကြီးနဲ့ပဲ စစ်ကောင်စီကို တောက်လျှောက်လှမ်းပစ်နေတာ ” လို့ အထက်ပါစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အနီးမှာရှိတဲ့ အမ်းအမြောက်တပ်စခန်းကိုလည်း ဒီလ ၂၃ ရက် မနက်ပိုင်းက စလို့ AA က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” တိုက်ပွဲဖြစ်နေတုန်း လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်။ နပခ အနီးကို ရောက်လာတာနဲ့အမျှ တိုက်ပွဲအခြေအနေကလည်း အရမ်းကို ပြင်းလာတယ်။ ၂၂ ရက်နေ့ကလည်း မြို့ထဲက ပဲပဒုံဂိတ်နားမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ နောက်ပြီး မြို့ထဲက စစ်ကောင်စီ တပ်စခန်းတွေမှာ အဖမ်းခံထားရတဲ့ ပြည်သူတွေလည်း ရှိနေသေးတော့ တိုက်ပွဲကြားထဲ ညပ်ပါသွားမှာကိုလည်း မိသားစုဝင်တွေ စိတ်ပူနေကြပါတယ်” လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အမ်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် အမ်းမြို့ပေါ်ကို စစ်ရှောင်လာတဲ့ ကျေးလက်နေပြည်သူတွေကို မြို့ပေါ်အရောက်မှာ ဖမ်းဆီးတာတွေပြုလုပ်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ အမ်းမြို့နယ်တိုက်ပွဲအတွင်း အမ်းလေဆိပ်အပါအဝင်မြို့နယ်တစ်ခုလုံးနီးပါးကို AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီကတော့ အမ်းမြို့တွင်းကနေ ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ပြီးနောက် စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်လွှတ်ရမယ့် ဒုတိယမြောက် စစ်တိုင်းဌာနချုပ်အဖြစ် အမ်းမှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဖြစ်လာတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။
ပုံစာ- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးက မဲတောင်ဗျူဟာကုန်းကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

