ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း)
ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပရခြင်းအပေါ် ပြန်လည်စိစစ်ပေးရန် ယင်းမြို့နယ်တွင် ယှဉ်ပြိုင်မယ့် ရခိုင့်ဦးဆောင်ပါတီ (AFP)၏ ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မနေ့ကတင်ပြလိုက်သည်။
“ကျွန်တော်တို့ဆီကိုမိတ္တူပေးထားလို့သိရတယ်။ အဓိကတင်တာက UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကိုတင်တာ”ဟု ပေါက်တောမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောထွန်းရွှေက မော်ကွန်းသို့ပြောသည်။
ပေါက်တောမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၅၃ ခုရှိကာ လက်ရှိအခြေအနေမှာ ယင်းရပ်ကွက်နှင့်ကျေးရွာအုပ်စုများအားလုံးတွင် နယ်မြေအေးချမ်းပြီး မဲဆန္ဒရှင်အားလုံး လုံခြုံမှုရှိကြောင်း တွေ့မြင်နေရသည်ဟု တင်ပြချက်တွင်ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (င)အရ မဲဆန္ဒရှင်များမှာလည်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ကြောင်းတွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ ရခိုင့်ဦးဆောင်ပါတီ၏ တင်ပြချက်နှင့်ပတ်သက်ပြီး ပါတီ၏ပြောရေးဆိုခွင့်ရှိသူနှင့်ပေါက်တောမြို့နယ်တွင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းထံ မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
ဦးစောထွန်းရွှေက “နောက်ပိုင်းကတော့ ပြောလို့မရဘူး။ လက်ရှိအခြေအနေကတော့ ဘာမှတိုက်ပွဲဖြစ်တာ၊ ဘာညာကြားတာတော့မရှိဘူး”ဟု သူကပြောသည်။
ယင်းမြို့နယ်၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မော်ကွန်းက ထပ်မံမေးမြန်းရာတွင် လုံခြုံရေးတာဝန်ယူထားသည့်အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတို့နှင့်သာ မူတည်ကြောင်း ဦးစောထွန်းရွှေက ဆိုသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ မြို့နယ်အဆင့် ပဋိပက္ခလေ့လာစောင့်ကြည့်ရေး Database တွင် ပေါက်တောမြို့နယ်သည် တိုက်ပွဲဖြစ်ပွားသည့် ဧရိယာတွင် မပါဝင်ချေ။
ပေါက်တောမြို့နယ်အပါဝင် ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ်လုံးနှင့်ကျန်ရှိသည့် လေးမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုတို့တွင် ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေအဖြစ် အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပေါက်တောမြို့နယ်ရှိ မဲဆန္ဒရှင် ၁၁၀,၀၀၀ ကျော်မဲပေးခွင့်ဆုံးရှုံးကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၅ ဦး ယှဥ်ပြိုင်ခွင့်ဆုံးရှုံးသွားမည်ဖြစ်သည်။
#Unicode

