ပုလဲ – ၂၀၂၅ မတ် ၁၄ (မော်ကွန်း)
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဒီနှစ်မတ်လအထိ
မကွေးတိုင်း၊ ပုလဲမြို့ခံတပ်နဲ့ စစ်ကိုင်းတိုင်း တပ်မ ၃၃ က စစ်ကောင်စီတပ်စစ်သား ၁၀ဦးအလင်းဝင်လာခဲ့တယ်လို့ BNRA ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အလင်းဝင်လာသူတွေထဲမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်တွေပါဝင်ပြီး စစ်ကောင်စီယန္တရားအောက်မှာမလွဲသာမရှောင်သာ ရောက်ရှိခဲ့ရပေမယ့် အခါခွင့်သင့်တဲ့အခါ ချိတ်ဆက်ပြီး လွတ်မြောက်အောင်ကြိုးစားခဲ့ကြတယ်လို့ သူကပြောပြပါတယ်။
“ အလင်းဝင်လာသူတွေကို ကျွန်တော်တို့အနေနဲ့ သူတို့သွားလိုတဲ့နေရာကိုပို့ပေးခဲ့ပါတယ်၊ တချို့ကျ သွားမယ့်နေရာက ဘေးကင်းလုံခြုံရာနေရာဖြစ်လို့ ပို့ပေးခဲ့ပါတယ်၊ တချို့ကျတော့ သီးသန့် တပ်ကနေ တဆင့် ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပို့ပေးရပါတယ်” လို့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်
ပုလဲမြို့ခံတပ်ကနေ မတ်လ ၆ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦး ကို ငွေကျပ်သိန်း ၂၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ BNRAဗဟိုသတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့က ကိုနောင်ရိုးကတော့ စစ််မှုထမ်းဥပဒေထွက်ခါပြီးနောက် မြေပြင်မှာ တပ်သားသစ်တွေများလာသလို အလင်းဝင်တဲ့အထဲမှာလည်း တပ်သားသစ်တွေများတယ်လို့ မော်ကွန်းကိုပြောပါတယ်။
“ စစ်မှုထမ်းဥပဒေ မထွက်လာခင် နဲ့ဥပဒေ ထွက်လာပြီးနောက်ပိုင်း စစ်မှုထမ်းသင်တန်းခေါ်ပြီးနောက် အလင်းဝင်မှုအခြေနေအများကြီးကွာခြားသွားတယ်၊ ဒီ နှစ်ဆန်းကစပြီး တော့ အလင်းဝင်ပူးပေါင်းလာသူထဲမှာ စစ်မှုထမ်းဆင်းတပ်သားသစ်တွေအများစုပါလာတယ်” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ က ကိုနောင်ရိုးကပြောပါတယ်၊
ပြီးခဲ့တဲ့ နှစ် နှစ်လယ်လောက်ထိ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်စစ်သားနဲ့ရဲ လစဥ် တစ်လကို ၄၀ နဲ့ ၅၀ ကြားရှိပေမယ့် ပြီးခဲ့တဲ့ နှစ် ၁၀ လပိုင်းကစပြီး တစ်လကို ရာဂဏန်းနီးပါး အလင်းဝင်လာကြပြီး အများစုက စစ်မှုထမ်းဆင်းတပ်သားသစ်တွေဖြစ်တယ်လို့ကိုနောင်ရိုးကပြောပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲမြို့နယ်အခြေစိုက် BNRA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖူးပြီးမအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရကာ ပုလဲကျေးလက်ဒေသကို ထိန်းချုပ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ပုံစာ – BNRA ထံ အလင်းဝင်လာသည့်စစ်ကောင်စီတပ်သားများ
ဓာတ်ပုံ – BNRA

