ပုလဲ – ၂၀၂၃ စက်တင်ဘာ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ် သတ်ဖြတ်သွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို ကိုယ်အင်္ဂါတွေ ဖြတ်တောက်ခုတ်ထစ်ထားတဲ့အနေအထားနဲ့ ဒီကနေ့တွေ့ရှိရတယ်လို့ မော်ကွန်းက သတင်းရရှိပါတယ်။
မနေ့နံနက်က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်က ခုလိုသတ်ဖြတ်ခဲ့တာလို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမော်ကွန်းကို ပြောပါတယ်။
“ဖြစ်စဥ်က စစ်ကြောင်းပြန်ပြီဆိုပြီး ဒီနေ့ နံနက် အလင်းရောင်မြင်ရချိန် နံနက် ၅း၀၀ နာရီ ရွာနီးချင်း ပ.အ.ဖ၊ ပ.က.ဖ အားလုံး ၁၅ ယောက်လောက် ရွာအခြေနေသွားကြည့်ကြတယ်။ ဖိုကုန်းရွာနှဲ့ ညောင်ကုန်းရွာကြား ကင်းပုံးနဲ့တွေ့ပြီး အဖမ်းခံကြရတာ။ ညောင်ကုန်းရွာထဲမှ ရက်ရက်စက်စက်သတ်ခံခဲ့ရတယ်”လို့ ရုပ်အလောင်းတွေသယ်ဆောင်ရာမှာပါဝင်တဲ့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဓါတ်ပုံတွေမှာတော့ သုံးဦးစလုံးကို ခေါင်းဖြတ်ထားပြီး ခြံစည်းရိုးမှာ ဦးခေါင်းကို ချိတ်ဆွဲထားတဲ့ပုံ၊ ဦးခေါင်းကို ခုံပေါ်တင်ထားတဲ့ပုံတွေနဲ့ ခေါင်းနဲ့လက်နှစ်ဘက်ကိုဖြတ်ကာ လက်တစ်ချောင်းကို ဝမ်းဗိုက်ခွဲကာ ထည့်ထားတဲ့ပုံတွေကို တွေ့ရပါတယ်။
ခေါင်းဖြတ်ခံထားရသူတစ်ဦးရဲ့ နဖူးမှာဆိုရင် “ကျားဘီလူးစစ်ကြောင်း”လို့ပါ စာရေးသွားခဲ့သေးပါတယ်။
” လူမဆန်ပါဘူး၊ လက်ဖြတ်၊ ခေါင်းဖြတ် ရင်ခွဲပြီးကို သတ်ထားခဲ့တာ၊ ခေါင်းတွေက တခြားကိုယ်ထည်တွေကတခြားပါဗျာ။ အဓိကတော့ စစ်ကြောင်းအကုန်ပြန်မဆုတ်ခင် ရွာပြန်ကပ်သလိုဖြစ်သွားတာ။ ၁၅ ယောက်သွားတာ နှစ်ဖွဲ့ခွဲပြီးသွားခဲ့တယ်၊ တစ်ဖွဲ့ကတော့ အသံကြားလို့ ပြေးလာတော့ လွတ်သွားတာပေါ့” လို့ ပ.အ.ဖအဖွဲ့ကဆိုပါတယ်။
သေဆုံးသူတွေဟာ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ၊ ကန်ပေါက်ရွာနဲ့ ဝါးထောင်ရွာတွေကဖြစ်ကာ ဒဏ်ရာရသူ လေးဦးလည်းရှိပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဒေသခံပြည်သူတွေက စစ်ရှောင်နေကြပြီး စစ်ဘေးရှောင်အရေတွက် ၄,၀၀၀ ခန့် ရှိတယ်လို့လည်း စစ်ရှောင်ကူကယ်ရေးအဖွဲ့သားတစ်ဦးဆီက သိရပါတယ်။
ပုံစာ – ကိုယ်အင်္ဂါခုတ်ထစ်သတ်ဖြတ်ခံထားရသူများ
ဓာတ်ပုံ – Supplied
#Dailynews

