နိုင်ငံရဲ့အနာဂတ်ကိုသင်းသတ်မယ့် မတရားဥပဒေအောက်က လူငယ်များ

ရန်ကုန်၂၀၂၄ ဖေဖော်ဝါရီ (မော်ကွန်း)

အသက် ၂၇ နှစ်အရွယ် ကိုနိုင်(အမည်လွှဲ)က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ဇာတိ။ အဖေ၊ အမေ၊ နှမဖြစ်သူတို့နဲ့အတူ သိုက်သိုက်ဝန်းဝန်းနေထိုင်တဲ့ မိသားစုဘဝကို သံယောဇဉ်ကြီးသူ။

သူဟာ ၂၀၂၁ နွေဦးမှာ ပေါ်ပေါက်လာတဲ့ အာဏာရှင်တော်လှန်ရေးလှိုင်းမှာလည်း အများသူငါလိုပဲ ပါဝင်ချီတက်ခဲ့ဖူးသူ။ ဒီအတွက် ၅၀၅ကဆိုတဲ့ပုဒ်မနဲ့စစ်ကောင်စီကသူကိုထောင်ထဲနှစ်နှစ်ထည့်ခဲ့ပြီးပြီ။

တော်လှန်ရေးစိတ်ဓါတ်ကနဂိုကတည်းကရှိနေပေမယ့်မိသားစုဆိုတဲ့သံယောဇဉ်ကသူ့စိတ်ပိုင်းဖြတ်မှုတွေကိုတွေဝေအောင်ဘရိတ်ဖမ်းဆွဲပေးထားနိုင်တာဟာဒီလ၁၀ရက်နေ့အထိသာတတ်နိုင်ပါတော့တယ်။အဲဒီ့နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကိုအသက်သွင်းပြီးတရားဝင်စစ်သားစုဆောင်းဖို့အာဏာသိမ်းစစ်ကောင်စီကကြိုးပမ်းလာတော့ကိုနိုင်တစ်ယောက်အနာဂတ်အတွက်ဆုံးဖြတ်ချက်ချရတော့တယ်။

မိသားစုတွေနဲ့လည်း တိုင်ပင်ပြီးပြီ။ သူတို့ကလည်းအားပေးတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ဟိုဘက်ကနေပြန်ချဖို့ ဆုံးဖြတ်ထားတယ်လို့တောခိုပုန်ကန်မယ့်အစီအစဉ်ကိုသူကပြောပြတယ်။

ချောင်လည်တဲ့မိသားစုကမို့ တခြားရွေးချယ်စရာတွေရှိပေမယ့် နဂိုကတည်းက တော်လှန်ရေးကို တိမ်းညွတ်စိတ်ပါနေတဲ့သူမို့ ဒီတစ်ကြိမ်တော့ အကောင်အထည်ဖော်တော့မယ်လို့ သူကပြောတယ်။ သူ့သူငယ်ချင်းတချို့ကတော့ အရင်ကတည်းက တောခိုပြီး အာဏာသိမ်းစစ်တပ်ကို ပုန်ကန်တော်လှန်နေကြတာပါ။

ကိုယ့်အိမ်တံခါးကို လာမခေါက်ခင် (စစ်မှုထမ်းဖို့ဆင့်ခေါ်စာလာမပို့ခင်) အရင်ထွက်သွားနိုင်အောင်လို့ ကျွန်တော်ကြိုးစား နေတယ်လို့မြို့ကိုစွန့်ပြီးတောခိုမယ့်အစီအစဉ်ကိုကိုနိုင်ကပြောပြတယ်။

အာဏာသိမ်းစစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းရမယ့်အသက်အရွယ်ထဲမှာ သူရော၊ နှမဖြစ်သူပါ အကျုံးဝင်နေပါတယ်။ ဒါ့အပြင် သူနဲ့အတူလိုက်ပါမယ့် မြို့ပေါ်က သူငယ်ချင်းတချို့လည်း ရှိနေတယ်လို့ ပြောပြပါတယ်။

စစ်ကောင်စီကို တော်လှန်ဖို့  BPLA တပ်ဖွဲ့မှာ  စစ်သင်တန်းတက်ရောက်နေတဲ့ လူငယ်တွေကို ၂၀၂၂၊ ဒီဇင်ဘာလတုန်းက တွေ့ရစဉ်။ (Photo – BPLA Page)

ကျွန်ဇာတ်သွင်းမယ့်ဥပဒေ

ရာစုနှစ်ဝက်လောက်တိုင်းပြည်ကိုသံလက်သီးနဲ့အုပ်ချုပ်ခဲ့သလိုသူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့ပုံဖျက်ထားတဲ့ဒီမိုကရေစီကိုပြည်သူတွေထံခေတ္တပေးခဲ့ဖူးတဲ့စစ်တပ်ဟာဒီတစ်ကြိမ်အာဏာသိမ်းမှုမှာမကြုံဖူးတဲ့ဆုံးရှုံးမှုတွေနဲ့ဖရိုဖရဲဖြစ်နေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လူငယ်လူရွယ်တွေဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ လုံးပါးပါးနေတဲ့သူ့တပ်ကိုကုစားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ဒီဥပဒေကိုအသက်သွင်းလိုက်ပေမယ့်လူထုရဲ့တုန့်ပြန်မှုကြောင့်ထင်သလိုမဖြစ်နိုင်ဘူးလို့လေ့လာသူတချို့ကသုံးသပ်ကြပါတယ်။

သူတို့လိုချင်တဲ့အင်အားကို  အတင်းအဓမ္မအကြမ်းနည်းနဲ့ စုစည်းသိမ်းသွင်းလို့ ရလာမယ့်ငါးသောင်းကလည်း သူတို့အတွက်အားဖြစ်စေမယ့်အင်အား ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် လူငယ်တွေက ဒါကို လုံးဝလက်မခံကြဘူးလေ။ မလွှဲမရှောင်သာလုပ်လာကြရမယ်ဆိုရင်လည်း တက်တက်ကြွကြွ ဘယ်သူမှ လုပ်လာကြမှာမဟုတ်ဘူးလို့စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်ကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီကအတင်းအဓမ္မစစ်သားစုဆောင်းဖို့လုပ်ရင်သူ့ကိုပုန်ကန်နေတဲ့တော်လှန်ရေးအင်အားစုတွေဘက်ကိုနှစ်ဆလောက်ပိုများတဲ့လူငယ်တွေရောက်သွားနိုင်တယ်လို့လည်းသူကခန့်မှန်းတယ်။

ဆိုးကျိုးကတော့ဗျာ၊ လူငယ်အများစုက PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်ပြီးတော့ အဲဒီဒေသတွေကို မုချဝင်ရောက်သွားမှာပေါ့။ သူက ငါးသောင်းစုဆောင်းချိန်မှာ ဟိုဘက်ကို တစ်သိန်းလောက် ဝင်သွားနိုင်တယ်လို့ ကျွန်တော်ကမြင်ပါတယ်။ နောက် သူ့ဆီကိုဝင်သွားမယ့်ငါးသောင်းဟာလည်း သူအားကိုးလို့မရတဲ့၊ ယုံကြည်စိတ်ချမှုမရှိတဲ့ အင်အားတွေဖြစ်တဲ့အတွက် သူ့အတွက်က ဆိုးကျိုးတွေသာ ဖြစ်လာမှာပဲလို့ဦးသန်းစိုးနိုင်ကပြောပါတယ်။

မလုပ်ရဲတာမရှိဘူးလို့ထုတ်ပြောပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းထားတဲ့စစ်တပ်ရဲ့ စစ်မှုထမ်းခိုင်းမယ့် အစီအစဉ်ကို ကိုနိုင်တို့လိုခေတ်ပညာတတ်၊ မျှော်မှန်းချက်ကြီးတဲ့ မြို့ကြီးသားလူငယ်တချို့ကတော့ အာဏာရှင်သက်ဆိုး ရှည်ရေး အစီအစဉ်လို့မြင်ကြပြီး  ရရာနည်းနဲ့ဆန့်ကျင်ဖို့ကြံစည်ထားကြတာပါ။

ဒီဥပဒေပြဌာန်းပြီး ကျွန်တော်တို့ကို စစ်မှုထမ်းခိုင်းဖို့ လုပ်လာတာဟာ  ကျွန်တော်တို့ကို သူတို့က ပြည်သူလို့ကို မြင်ပုံမရဘူး။ အားလုံးကို ကျွန်တွေလို့မြင်နေပုံရတယ်။ သူတို့ခိုင်းတာလုပ်ရမယ့် ကျွန်ဇာတ်သွင်းလိုက်တဲ့လုပ်ရပ်လို့ပဲ မြင်တယ်လို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကိုနိုင်က ဝေဖန်ပါတယ်။ 

၁၉၈၈  လူထုအရေးတော်ပုံကိုဖြိုခွင်း၊ ဆယ်စုနှစ်နှစ်ခုလောက်အချိန်ယူကာ စစ်အာဏာရှင်အကျိုးစီးပွားကို ကာကွယ် ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ၂၀၁၀ မှာ တိုင်းပြည်ကိုတံခါးဖွင့်ပေးခဲ့ပေမယ့် ဒီပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ ယခင် အာဏာရှင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော၊ စစ်အင်္ကျီချွတ်ပြီး တိုက်ပုံဝတ်အုပ်ချုပ်သူ သမ္မတဦးသိန်းစိန်ပါ  အသက်မသွင်းခဲ့ပါဘူး။

ဒီဥပဒေကို ၂၀၁၀၊ နိုဝင်ဘာကတည်းက ဥပဒေအမှတ် ၂၇/၂၀၁၀အဖြစ်ပြဌာန်းခဲ့တာပါ။ဒါကိုအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအခုမှအသက်သွင်းလိုက်တာဖြစ်ပါတယ်။ဒီဥပဒေအရနိုင်ငံသား၁၃သန်းကျော်ဟာစစ်မှုထမ်းရမယ့်သူတွေအဖြစ်အကြုံးဝင်နေတာပါ။

အမျိုးသမီး ခုနှစ်သန်းကျော်နဲ့ အမျိုးသား ခြောက်သန်းကျော် စစ်မှုထမ်းဖို့အကျုံးဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။ စစ်မှုထမ်းရမယ့် အသက်အရွယ်ကိုတော့ အမျိုးသမီး ၁၈၂၇ နှစ်နဲ့ အမျိုးသား ၁၈၃၅ နှစ် ကြားလူတွေလို့ ပြဌာန်း ထားတာပါ။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခု တတ်မြောက်တဲ့ ပညာရှင်တွေဆိုရင် အသက်အရွယ်ကို  အမျိုးသမီး ၃၅၊ အမျိုးသား ၄၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ 

ဥပဒေပြဌာန်းပြီးနောက် ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီတွေကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်မယ့် ပထမဆုံးအကြိမ်ဟာ လာမယ့် သင်္ကြန်ကာလအလွန်မှာ စတင်နိုင်ပြီး တစ်ကြိမ်ကို လူငါးထောင်အထိဆင့်ခေါ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ တစ်နှစ်ကို စစ်မှုထမ်းငါးသောင်းနဲ့ ခြောက်သောင်းကြားအထိ ခေါ်နိုင်တာပါ။

နွေဦးအရေးအခင်းကပေါ်ပေါက်လာပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့ဝင်များ အားကစားပြိုင်ပွဲ ကျင်းပနေပုံကို ဒီနှစ် ဇန်နဝါရီလတုန်းက တွေ့ရစဉ်။ (Photo – နေမျိုး (BPLA Page))

အနာဂတ်တွေပျောက်ဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မစု(အမည်လွှဲ)ကတော့စစ်မှုထမ်းရမယ့်သတင်းကြားပြီးထိတ်လန့်တုန်လှုပ်မိတယ်လို့ဆိုတယ်။သူရောသူ့သူငယ်ချင်းတွေပါဒီအပေါ်မှာစိုးရိမ်ပူပန်နေကြပြီးပြည်ပထွက်ကျောင်းတက်ဖို့ရည်ရွယ်ထားတဲ့အနာဂတ်တွေပျက်စီးသွားမှာကိုတွေးပူတယ်လို့ဆိုပါတယ်။

ဥရောပနိုင်ငံတွေမှာ တက်ခွင့်ရဖို့တော့လုပ်နေတယ်။ အဲဒါတွေကလည်း စာမေးပွဲဖြေဖို့ သင်တန်းတွေတက်တာနဲ့ ကြာဦး မှာဆိုတော့ ဒီကြားထဲမှာ ဒီစစ်မှုထမ်းတာကြီးရောက်လာမှာကို တော်တော်လေးစိတ်ပူနေတာပါ။ ပြည်ပထွက်ဖို့လည်း အခြေအနေမပေးဘူး။ တကယ်လည်း တပ်ထဲဝင်ရတော့မယ်ဆိုရင်တော့ တောထဲပြေးကြဖို့တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင် နေတာ ရှိပါတယ်လို့သူ့သဘောထားကိုပြောပြတယ်။

ဥယျာဉ်ခြံစိုက်ပျိုးရေးနဲ့အသက်မွေးကြတဲ့သူ့ရဲ့မိဘတွေဟာလည်းဒီဥပဒေထွက်လာတဲ့အပေါ်စိုးရိမ်ပူပန်နေကြပေမယ့်သူ့အတွက်ကောင်းမွန်တဲ့အကြံဉာဏ်တော့အခုထိမပေးနိုင်ကြသေးဘူးလို့မစုကပြောပြတယ်။စစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းဖို့ထက်လွတ်ရာ၊ကျွတ်ရာကိုရှောင်နိုင်ဖို့တော့သူနားလည်သလောက်စဉ်းစားထားတယ်လို့မစုကပြောပါတယ်။

သူ့ဆန္ဒကနိုင်ငံခြားတိုင်းပြည်တစ်ခုမှာပညာသင်ပြီးကိုယ့်လူ့အဖွဲ့အစည်းကိုအကျိုးပြန်ပြုနိုင်သူဖြစ်ဖို့ရည်မှန်းပေမယ့်ဒီဥပဒေပြဌာန်းလာတာကြောင့်သူ့ရဲ့အနာဂတ်ရည်မှန်းချက်တွေဟာဝေဝါးသွားရတယ်လို့သူကဆိုပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ်၊ ကလေးတစ်ယောက်အဖေ ကိုအောင်(အမည်လွှဲ)ဟာ မြို့ပြအင်ဂျင်နီယာပါ။ သူတို့လို ပညာရှင်တွေကို အသက် ၄၅ နှစ်မကျော်ခင်အထိ  စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ဒီဥပဒေကဆိုထားတော့ သူလည်း ငြိနေတာပေါ့။

ဒီဥပဒေထွက်လာတော့ တော်တော်ကို စဉ်းစားနေတယ်။ ကျွန်တော့်အသက်အရွယ်အရရော ပြီးတော့ သူတို့သတ်မှတ်ထား တဲ့ အတတ်ပညာရှင်ဆိုတဲ့ ခေါင်းစဉ်ကြောင့်ရော အကုန်ငြိနေတော့ စိုးရိမ်ရတယ်။ အိမ်ကမိန်းမနဲ့ မိသားစုတွေကတော့ တော်တော် စိုးရိမ်နေတယ်။ အခုထိတော့ ဘယ်လိုလုပ်ရမလဲသေချာမသိသေးပါဘူးလို့သူကညည်းတွားတယ်။

ကလေးငယ်နဲ့မိသားစုကိုပျိုးထောင်ရမယ့်သူ့အဖို့ရွေးချယ်စရာကသိပ်မရှိပေမယ့်အခုအချိန်လူလွတ်ဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာစစ်ကောင်စီကိုခံတိုက်တဲ့လမ်းကိုရွေးမိမယ်လို့ကိုအောင်ကပြောတယ်။

ဖြစ်ချင်ရာဖြစ်ဆိုပြီး တောထဲဝင်သွား၊ PDF ထဲ ဝင်သွားလို့ ရတယ်။ ဒါပေမဲ့ ကျန်နေတဲ့မိသားစုအတွက်ပဲ စဉ်းစားရခက် နေတာပေါ့။ မိသားစုကို ဘယ်လိုထားမလဲ၊ မိသားစုလိုက်ရွှေ့ရမလားလို့ စဉ်းစားတာပေါ့လေ။ တကယ်တော့ ကျွန်တော်တို့က ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်တာ။ တိုက်ပွဲထဲလည်း မဝင်ချင်ဘူးလို့သူ့ဆန္ဒကိုပြောတယ်။

သူ့အနေနဲ့စစ်ကောင်စီအတွက်စစ်မှုထမ်းပေးဖို့ဆန္ဒမရှိဘဲရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေနဲ့ဆက်ဖြစ်လာမယ့်အကျိုးဆက်တွေကိုစောင့်ကြည့်ဦးမယ်လို့ကိုအောင်ကပြောပြတယ်။

ဒီအခြေအနေကြီးတော့ ဘယ်လိုမှစစ်ထဲမဝင်ချင်ဘူး။ အိမ်ကမိန်းမကို မုဆိုးမမဖြစ်စေချင်သေးဘူး။ ကျွန်တော့်သားလေးကိုလည်း မိဘစုံစုံလင်လင်နဲ့ပဲ ကြီးပြင်းစေချင်တယ်လို့သူကဆိုပါတယ်။

PDF ထဲ မိသားစုလိုက်ဝင်မယ်

အာဏာသိမ်းထားတာ သုံးနှစ်ကျော်လာတဲ့အချိန်မှာ နိုင်ငံတစ်ဝန်းကခုခံတွန်းလှန်သူတွေဟာ အားပိုကောင်းလာပြီး စစ်ကောင်စီဟာ အင်အားချိနဲ့လာပါတယ်။  စစ်စခန်းလိုနေရာတွေကျဆုံးတာမျိုးမဟုတ်တော့ဘဲမြို့ရွာတွေပါခုခံတွန်းလှန်သူတွေလက်ထဲကျရောက်ဆုံးရှုံးလာနေရတာပါ။ဒါအပြင်စစ်ကောင်စီရဲ့တိုက်ခိုက်ရေးတပ်တွေဟာတပ်ရင်းလိုက်လက်နက်ချသူချ၊နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူပြေးနဲ့ဝရုန်းသုန်းကားဖြစ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကမထုတ်ပြန်ပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရအာဏာသိမ်းထားတဲ့သုံးနှစ်ကျော်အတွင်းမြေပြင်မှာသေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ဟာလည်းသောင်းနဲ့ချီတဲ့ကိန်းဂဏန်းတွေအထိတိုးလာနေတာပါ။သေဆုံးသူတွေထဲမှာအဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ဗိုလ်မှူးချုပ်တွေ၊တပ်မမှူးတွေ၊တပ်ရင်းမှူးတွေ၊စစ်ဆင်ရေးမှူးတွေအထိပါဝင်နေတာကိုတွေ့ရပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကစစ်စခန်းနဲ့မြို့ရွာတွေသာမကစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဉ်၊ရေယာဉ်အထိပါချေးမှုန်းထားနိုင်ခဲ့တာလည်းတွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေအထိနာခဲ့တဲ့ နာမည်ကျော်၁၀၂၇ စစ်ဆင်ရေးရှမ်းမြောက်စစ်မြေပြင်မှာ တွေ့ရတဲ့ PLA တပ်သားတချို့။

(Photo – PLA Page)

ချိနဲ့အားပျော့လာတဲ့သူ့ရဲ့စစ်တပ်ကိုဖြည့်တင်းဖို့အာဏာသိမ်းစစ်ခေါင်းဆောင်ဟာဒီဥပဒေကိုထုတ်သုံးလာတာလို့လေ့လာသူတချို့ကဝေဖန်ကြပြီးဒီလုပ်ရပ်ဟာကောင်းကျိုးထက်ဆိုးကျိုးများစေမယ့်လုပ်ရက်လို့လည်းသုံးသပ်နေကြတာပါ။

စစ်ခေါင်းဆောင်တွေဟာ လူတွေရဲ့စိတ်ဓါတ်နဲ့အရည်အချင်းကို အလေးထားတာမဟုတ်ဘူး။ အရေအတွက်နဲ့ ကိန်းဂဏန်းတွေလောက်ပဲ အလေးထားတဲ့လူတွေဖြစ်တယ်။ သူ့လက်ထဲမှာ အရေအတွက်တိုးလာရင်ရပြီ။ ဒါပေမဲ့ အရည်အချင်းမရှိတဲ့အတွက် အဲဒါဟာ သူတို့အတွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ထည့်မတွက်ကြဘူး။ အဲဒါကြောင့် သူတို့ကျဆုံးမှုကို မြန်ဆန်သွားစေမယ်လို့ ကျွန်တော်ကပြောရတာဖြစ်ပါတယ်လို့ဦးသန်းစိုးနိုင်ကပြောတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းတာခံလိုက်ရပြီး စင်ပြိုင်အစိုးရအဖြစ်တည်ထောင်ကာ တော်လှန်ရေးကိုဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်ကောင်စီပြဌာန်းတဲ့ဥပဒေမှန်သမျှဟာ တရားမဝင်တာမို့  မလိုက်နာကြနဲ့လို့ ဒီဥပဒေပြဌာန်းပြီးရက်ပိုင်းအကြာမှာ ကြေညာထားပါတယ်။

ဒါအပြင် နွေဦးအရေးအခင်းကပေါက်ဖွားလာတဲ့  တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေပြဌာန်းလိုက်ပြီးနောက် သူတို့ထံကိုဆက်သွယ်လာတဲ့ မြို့နေလူငယ်တွေများလာပြီး တချို့ဆိုရင် စစ်မြေပြင်ထိရောက်လာလို့ စောင့်ရှောက်ကူညီတာတွေ လုပ်ဆောင်ပေးနေကြပြီလို့ ဆိုကြပါတယ်။

၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်   အသစ်ပေါ်လာတဲ့ ပုန်ကန်သူတို့ခိုလှုံရာနယ်မြေတစ်ခုက စစ်ကိုင်းတိုင်းပါ။ စစ်ကောင်စီကို ရွံမုန်းတွန်းလှန်နေသူများပြားလှတဲ့ စစ်ကိုင်းတိုင်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်တော့ ခေါင်းခဲရတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားအများစုရှိတဲ့ အဲဒီဒေသဟာ အာဏာမသိမ်းခင်တုန်းကတော့ တော်လှန်ပုန်ကန်မှုတွေ အေးငြိမ်းရာအရပ်ပါ။

ကလေးနှစ်ယောက်မိခင် အသက်၃၅နှစ်အရွယ် ဒေါ်ကြေးမုံ(အမည်လွှဲ)ဟာ စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမှာနေထိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးပါ။ စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့အကြုံးဝင်နေတဲ့ တူ၊ တူမ လေးယောက်ဟာ သူနဲ့အတူ နေထိုင်ပါတယ်။ 

သူတို့ဒေသဟာစစ်ကောင်စီကိုတွန်းလှန်ခုခံရာမှာအားကောင်းတဲ့ဒေသမို့နဂိုကတည်းကဒီလူငယ်တွေဟာတော်လှန်ရေးကိုပါဝင်လိုကြပေမယ့်ဆိုဆုံးမပြီးသူကတားခဲ့၊ဆီးခဲ့တာပါ။အခုတော့အခြေအနေကိုထိန်းဖို့ခက်အောင်စစ်ကောင်စီကလုပ်ဆောင်လိုက်ပြီလို့ဒေါ်ကြေးမုံကဆိုပါတယ်။အခြေအနေတွေရှုပ်ထွေးလာရင်ကလေးတွေဆန္ဒအတိုင်းလုပ်ဖို့ခွင့်ပြုမှာဖြစ်ပြီးသူကိုယ်တိုင်လည်းပံ့ပိုးမှာလို့သူကဆိုပါတယ်။

ဒီကလေးတွေက သူတို့သဘောအတိုင်းဆိုရင်လည်း စစ်ထဲတော့ဝင်မှာ မဟုတ်ဘူး၊  PDF ထဲပဲ သူတို့ဝင်မှာ။ အဲဒါဆိုတော့ တို့ကလည်း တားစရာအကြောင်းမရှိဘူးလေ။ ဂုဏ်သိက္ခာအရ နှစ်ခုယှဉ်လို့ သေလမ်းသွားမှာချင်းအတူတူတောင် အကျိုးရှိတဲ့ အလုပ်ကို သူတို့သွားလုပ်တာဖြစ်တဲ့အတွက် တားစရာအကြောင်း မရှိဘူးလို့သူကပြောတယ်။

သူတင်မဟုတ်၊သူ့အနီးဝန်းကျင်ကလူတွေဟာလည်းသူတို့မိသားစုလိုပဲစဉ်းစားနေကြပြီးအဓမ္မစစ်မှုထမ်းခိုင်းလာတဲ့အခါနီးစပ်ရာတော်လှန်ရေးစခန်းမှာခိုလှုံအလုပ်အကျွေးပြုဖို့ဆုံးဖြတ်ထားကြတယ်လို့ပြောပြတယ်။

မဖြစ်မနေ(စစ်မှုထမ်း)ခေါ်ရင် PDF ထဲကို မိသားစုလိုက်ဝင်မှာ။ ဒီဘက်နယ်တွေမှာ ဘယ်သူ့မေးမေး သိတယ်။ ထမင်းပဲ ချက်ရချက်ရ၊ ဘာပဲလုပ်ရလုပ်ရ မိသားစုလိုက်သွားမယ်ဆိုတဲ့သူက အများကြီးပဲလို့ စစ်ကောင်စီပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေ အပေါ် သူတို့ဒေသခံတွေ ရှု့မြင်ပုံကို ဒေါ်ကြေးမုံကပြောပြီး အခုလိုလည်း ဆက်ဆိုတယ်။

စစ်မှုထမ်းခိုင်းတာက အဓိပ္ပါယ်ကိုမရှိတာ။ အချင်းချင်း သတ်ခိုင်းဖို့လုပ်တာ။ ပြီး‌တော့ ဒါ ကလေးတွေရဲ့အနာဂတ်ကို ဖျက်ဆီးတာလေ။ (စစ်မှုထမ်း)ပါသွားရင်တော့ သေလမ်းလို့ပဲ မြင်တာပဲ။ သေလမ်းကို သူတို့(စစ်ကောင်စီ) ပို့တယ်လို့ပဲ မြင်တယ်

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."