အရေးယူဖို့ခက်နေသေးတဲ့ မိုဘိုင်းငွေကြေးလိမ်လည်မှု

ဗညားကျော် ရေးသည်။
ရန်ကုန် – ၂၀၂၀ ဧပြီ (မော်ကွန်း)

မတင်ဇာနွယ်ကို ကိုရီးယားမှာနေတဲ့ သူ့သူငယ်ချင်းတစ်ဦးက ငွေကျပ်တစ်သိန်းခွဲ လစဉ်နီးပါးလွှဲပေးတိုင်း ငွေလွှဲခအနေနဲ့ ဘဏ်ကတစ်သောင်းခွဲဖြတ်လေ့ရှိတာကို ပြီးခဲ့တဲ့နိုဝင်ဘာအတွင်း ငွေလွှဲတဲ့အခါကျမှ သတိထားမိခဲ့တာပါ။

ဒါကြောင့် Call Center ကတစ်ဆင့် ဘဏ်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းမအားတာကြောင့် မေးမရခဲ့ပါဘူး။ ဒါနဲ့နောက်တစ်နေ့မှာ CB Pay ဆိုတဲ့ Facebook page တစ်ခုကို မက်ဆင်ဂျာကနေ ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါတယ်။

မတင်ဇာနွယ်ကို ငွေကျပ်တစ်သောင်းခွဲပြန်ထည့်ပေးမယ်ဆိုပြီး သူ့ရဲ့ မှတ်ပုံတင်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို အဲဒီ့ပေ့ချ်ကတောင်းပါတယ်။ မက်ဆင်ဂျာကနေ Website Link တစ်ခုလည်းပို့ ပေးတယ်လို့ အသက် ၂၉ နှစ်အရွယ် မတင်ဇာနွယ်က ပြောပြပါတယ်။

အဲဒီလင်ခ့်ကို ဘဏ်က အမှန်တကယ်ပို့ပေးတယ်လို့ မှတ်ယူပြီး သူတို့တောင်းထားတဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်လိုက်ပါတယ်။ ခဏအကြာမှာ တစ်ခါသုံးလျှို့ဝျှက်နံပါတ် (OTP – One Time Password) ထပ်တောင်းတာကြောင့် ထပ်ဖြည့်လိုက်ပါတယ်။

အဲဒီနောက် သူ့ဖုန်းထဲက CB Pay အကောင့်ဖွင့်မရတော့သလို အဲဒီ့ပေ့ချ်ကိုလည်း စာပို့လို့မရတော့ပါဘူး။ သူ့အ‌ကောင့်ဟာ အရင်တုန်းကလည်း အခုလိုဖွင့်မရတာမျိုးဖြစ်ခဲ့ဖူးလို့ သူလည်းဒီအတိုင်းထားလိုက်ပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်မှာတော့ သူ့ဆီကို ငွေကျပ်တစ်သိန်းဝင်ကြောင်း ဘဏ်က SMS ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

ဘာကြောင့် ဒီငွေဝင်ရတာလဲဆိုတာကို နားမလည်တာကြောင့် Call Center ကို ညတွင်းချင်းဖုန်းဆက်ပြီး သူ့အကောင့်ကို စစ်ဆေးကြည့်ခိုင်းတဲ့အခါမှာ ကိုရီးယားကလွှဲပေးထားတဲ့ငွေလည်းမရှိတော့သလို စောစောကအဝင်ပြတဲ့ ငွေတစ်သိန်းလည်းမရှိတော့တာ သိလိုက်ရပါတယ်။

အဲဒီငွေတွေကို Wave Money ကနေ ဖုန်းနံပါတ်တစ်ခုနဲ့ထုတ်ယူတာတယ်လို့ ဘဏ်ကပြောပါတယ်။ အဲဒီငွေကို သူမထုတ်ရသေးကြောင်း ရှင်းပြတဲ့အခါ ဒီဖြစ်စဉ်ကို လိမ်လည်ခံရမှုအဖြစ် ဘဏ်ကနေသတ်မှတ်ခဲ့ပြီး သူ့အကောင့်ကို နောက်ထပ်ငွေအလွှဲအပြောင်းလုပ်မရအောင် ပိတ်လိုက်ပါ‌တော့တယ်။

ရုံးပြန်ဖွင့်တဲ့အခါ ဘဏ်ကိုသွားတိုင်ကြားဖို့ပြောတာကြောင့် ရုံးဖွင့်ရက်ဘဏ်ကိုသွားတဲ့အခါမှာတော့ လိမ်လည်သွားတဲ့သူကို ရဲစခန်းမှာအမှုဖွင့်ဖို့ဘဏ်ကပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို ရဲမတိုင်ဖြစ်ဘူးလို့ သူကဆိုပါတယ်။ အကြောင်းကတော့ သူ့ရှေ့မှာ အခုလိုပဲ ငွေကြေး လိမ်လည်ခံရတဲ့အမှုတွေ ဖော်ထုတ်အရေးယူတယ်လို့ မကြားမိတာကြောင့် အလုပ်ရှုပ်ခံပြီးရဲမတိုင်တာပါလို့ သူကပြောပါတယ်။

မတင်ဇာနွယ်လိုပဲ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေအသုံးပြုရင်း အလိမ်ခံလိုက်ရတဲ့ဖြစ်စဉ်တွေဟာ ဆက်တိုက်ဆိုသလိုဖြစ်နေပေမယ့် လိမ်လည်သူတွေကို အရေးမယူနိုင်သေးဘူးလို့ မော်ကွန်းက တွေ့ဆုံခဲ့တဲ့ နစ်နာသူတွေက ဆိုကြပါတယ်။

ဒီလိုငွေကြေးလိမ်လည်မှုတွေဟာ အသုံးပြုသူချင်း လိမ်လည်ကြတာဖြစ်လို့ ဘဏ်တွေက စတင်အမှုဖွင့်တာမျိုး မရှိဘူးလို့ CB ဘဏ်က ဆိုပါတယ်။ အကောင့်တုတွေ၊ ပေ့ချ့်အတုတွေ Facebook က ဖြုတ်ချ သွားအောင် ဘဏ်ဘက်ကနေ ရီပို့လုပ်နေတယ်ဆိုပေမယ့် CB ဘဏ်နာမည်နဲ့ အကောင့်တုပေါင်း ၂၀ ကျော် ရှိနေတယ်လို့ ဖေဖော်ဝါရီလထဲမှာ CB ဘဏ်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းရဲ့ဒုတိယဥက္ကဌ ဦးမင်းဦးက ခေတ်ကာလတိုးတက်လာတာနဲ့ အမျှ ငွေကြေးအလွှဲအပြောင်းတွေကို ဘဏ်သွားစရာမလိုဘဲ မိုဘိုင်းနည်းပညာကြောင့် အလွယ်တကူလုပ်လာ နိုင်ပေမယ့် “နောက်ဆက်တွဲ ကိုယ့်ရဲ့လုံခြုံရေးကို သတိမပြုမိရင် ဆုံးရှုံးနိုင်ခြေတွေက ပိုများလာတယ်”လို့ သတိပေးပါတယ်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုတာ

လက်ရှိမှာ မိုဘိုင်းနည်းပညာအသုံးပြု ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီငါးခုရှိပြီး အဲဒါတွေကတော့ Wave Money၊ အမ်ပိုက်ဆံ (M-Pitesan) ၊ အိုကေဒေါ်လာ (OK$) ၊ My Money နဲ့ MPT Moneyတို့ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့တရားဝင်ဝက်ဆိုက်မှာဖာ်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းဘဏ်တွေကထုတ်လုပ်ထားတဲ့ CB Pay ၊ KBZ Pay ၊ AGD Pay ၊ MAB Mobile စတာတွေဟာလည်း ဖုန်းထဲကနေ ငွေအလွှဲအပြောင်းတွေအပြင် ငွေပေးချေမှုတွေပါလုပ်နိုင်နေပြီလို့ CB ရဲ့ ကတ်နဲ့စက်ဝန်ဆောင်မှုဌာနအကြီးအကဲ ဦးဇေယျာအောင်က ရှင်းပြပါတယ်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်မှာ ၂၄ နာရီ ပိတ်ရက်မရှိ ငွေလွှဲငွေထုတ်လုပ်နိုင်သလို ဖုန်းဘေလ်ဖြည့်တာ၊ အခွန်အခပေးတာ၊ မီတာခဆောင်တာတွေအပြင် ကုန်တိုက်ကြီးတွေနဲ့ စားသောက်ဆိုင်တွေမှာပါ ငွေရှင်းတဲ့ အခါ မိုဘိုင်းဖုန်းတစ်လုံးနဲ့ လုပ်ဆောင်နိုင်နေပြီလို့ သူကရှင်းပြပါတယ်။

ဒါပေမဲ့ ဒီငွေပေးချေမှုတွေဟာ နည်းပညာသုံးပြီးပေးချေနေတာဖြစ်လို့ နည်းပညာနဲ့ဆိုင်တဲ့ အငြင်းပွားမှုတွေ၊ ငွေကြေးလိမ်လည်မှုတွေကို ဘယ်လိုရှင်းမလဲဆိုတဲ့စိန်ခေါ်မှုတွေကရှိနေတယ်လို့ သူကထောက်ပြပါတယ်။

ကူရာမဲ့တဲ့ နစ်နာသူတွေ

မိုဘိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုရင်း နစ်နာသူတစ်ချို့က အမှုသွားဖွင့်တဲ့အခါမှာ ရဲစခန်းအချို့က အမှုဖွင့်မပေးဘူးလို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက ဆိုကြပါတယ်။ အမှုလက်ခံတဲ့ ရဲစခန်းအချို့ရှိပေမယ့် လိုအပ်တဲ့ သက်သေအချက်အလက်တွေကို ဘဏ်တွေဘက်က အပြည့်အဝမကူညီတာမျိုးလည်း ကြုံတွေ့ရတယ်လို့ သူတို့တွေကဆိုကြပါတယ်။

အွန်လိုင်းကနေ ငွေကျပ် ၂၃ သိန်း ခိုးထုတ်ခံခဲ့ရတဲ့ မခင်လပြည့်ထွန်းဟာ ရဲစခန်းမှာ အမှုဖွင့်ခွင့်မရတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက CB Pay ကတစ်ဆင့် မီတာခဆောင်ရင်း အဆင်မပြေခဲ့တာကြောင့် Facebook page အတုကို မက်ဆင်ဂျာကနေမေးမိရာက အလိမ်ခံလိုက်ရတာဖြစ်ပါတယ်။

မီတာဆောင်ရင် အမည်စာရင်းသွင်းရမှာဖြစ်လို့ သူ့ရဲ့အကောင့်နံပါတ်၊ ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက် တွေနဲ့ တစ်ခါသုံးလျှို့ဝှက်နံပါတ်တွေကို အဲဒီပေချ့်အတုကတောင်းလို့ ပေးလိုက်မိပါတယ်။

သူ့စိတ်ထဲမသင်္ကာတာကြောင့် သူ့အကောင့်ကို စစ်ကြည့်လိုက်တဲ့အခါမှာ လူတစ်ဦးက သူ့ငွေတွေထုတ်နေတာ သိလိုက်ရပါတယ်။

ဒါကိုသိသိချင်း CB Bank ရဲ့ Call Center ကို ဖုန်းဆက်တဲ့အခါ ချက်ချင်းအဆက်အသွယ်မရတာ၊ ရတဲ့အခါမှာလည်း ဟိုလူကိုလွှဲ၊ ဒီလူကိုလွှဲနဲ့ မိနစ် ၂၀ ကျာ်တဲ့အထိ မဖြေရှင်းပေးနိုင်ဘူးလို့ သူကြုံတွေ့ခဲ့တာ ကို ပြောပါတယ်။

အဲဒီပေချ့်ဟာ အတုဖြစ်ပြီး သူ့ရဲ့အချက်အလက်တွေကို လိမ်တောင်းသွားတာဖြစ်တယ်လို့ Call center က ဆိုပါတယ်။ ရုံးချုပ်ကိုပဲသွားဖို့ပြောတာကြောင့် CB Bank ရုံးချုပ်ကိုရောက်တဲ့အခါမှာ “OTP ပေးလိုက်မိတာ မဟုတ်လားလို့” ဘဏ်တာဝန်ရှိသူတွေက စမေးတယ်လို့သူက ဆိုပါတယ်။

ဖြစ်စဉ်အစအဆုံး ဘဏ်ကိုပြောပြလိုက်တဲ့အခါမှာတော့ သူ့အကောင့်ကို စစ်ကြည့်ပြီး ငွေလိမ်ထုတ်နေတာကို ရပ်လိုက်တာကြောင့် အကောင့်ထဲရှိတဲ့ ၂၉ သိန်းထဲက ၂၃ သိန်းပါသွားပြီး ခြောက်သိန်းပဲကျန်ခဲ့တယ်လို့ မခင်လပြည့်ထွန်းက ဆိုပါတယ်။

နောက်တစ်နေ့မှာ သူ့ခင်ပွန်းဟာ ဒီကိစ္စကိုအမှုဖွင့်ဖို့ မင်္ဂလာတောင်ညွှန့်ရဲစခန်းကိုသွားရာမှာတော့ တရားခံမသိလို့ အမှုဖွင့်မရဘူးလို့ ဆိုပါတယ်။

အမှုဖြစ်စဉ်တွေကို ရှင်းပြနေရင်း ငွေလိမ်သူဟာ အင်းစိန်ဖော့ကန် ATM စက်ကထုတ်သွားတယ်လို့ သူက ပြောပြတဲ့အခါ အင်းစိန်မှာ အမှုသွားဖွင့်ဖို့ အင်းစိန်ရဲစခန်းနဲ့ချိတ်ပေးတယ်လို့ သူကပြောပြပါတယ်။

ဒါနဲ့ အင်းစိန်ရဲစခန်းကို ချက်ချင်းလိုက်သွားပြီး အမှုဖြစ်စဉ်ကိုထပ်ရှင်းပြတဲ့အခါ ရန်ကုန်မှာဖြစ်တဲ့အမှုကို မန္တလေးမှာလာတိုင်လို့မရဘူးလို့ပြောပြီး မင်္ဂလာတောင်ညွှန့်မှာပဲ အမှုပြန်ဖွင့်ခိုင်းပါတယ်။

“အားကြိုးမာန်တက်နဲ့သွားတာ ဟိုရောက်တော့ အမှုဖွင့်လို့မရဘူးပြောတော့ ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ၊ အကူအညီမရလိုက်ဘူး” လို့ မခင်လပြည့်ထွန်းရဲ့ ခင်ပွန်းကဆိုပါတယ်။

မော်ကွန်းက မင်္ဂလာတောင်ညွှန့်နဲ့ အင်းစိန်ရဲစခန်းတို့ကို သွားရောက်မေးကြည့်တဲ့အခါ အမည်မဖော်လိုတဲ့ တာဝန်မှူးတွေက အင်တာနက်မှာဖြစ်တဲ့ လိမ်လည်မှုတွေကို အမှုဖွင့်နိုင်ကြောင်းနဲ့ ခိုင်လုံတဲ့သက်သေအ ထောက်ထားတွေ တင်ပြရမှာဖြစ်တယ်လို့ ဆိုကြပါတယ်။

မခင်လပြည့်ထွန်းရဲ့အမှုကိစ္စကိုမေးမြန်းရာမှာတော့ ပြီးခဲ့တဲ့နှစ်ကဖြစ်တဲ့အမှုဖြစ်ပြီး အမှုဖွင့်မထားခဲ့သလို မှတ်တမ်းတွေထဲမှာလည်း မရှိတာကြောင့် သေချာမပြောပြနိုင်ဘူးလို့ မင်္ဂလာတောင်ညွန့်ရဲစခန်းကပြောပါတယ်။

မခင်လပြည့်ထွန်းရဲ့ခင်ပွန်းကတော့ ရဲစခန်းနှစ်ခုလုံးကို သူသွားတိုင်ကြားခဲ့တုန်းက CB Pay ပေ့ချ်အတုနဲ့ ပြောဆိုခဲ့တဲ့စာသားတွေကို စာရွက်နဲ့ထုတ်သွားပြီး သက်သေအနေနဲ့ တင်ပြခဲ့ပေမဲ့ ရဲစခန်းက “တရားခံမသိ” လို့ အမှုဖွင့်မရဘူးဆိုပြီး လက်မခံခဲ့ဘူးလို့ ပြောပြပါတယ်။

CCTV မှတ်တမ်း၊ ငွေလိမ်ထုတ်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကိုသာ ဘဏ်ကကြိုတင် ထုတ်ပေးမယ်ဆိုရင် အမှုဖွင့်တဲ့အခါ သက်သေအချက်အလက်အခိုင်မာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မခင်လပြည့်ထွန်းရဲ့ခင်ပွန်းက သူ့အမြင်ကိုပြောပါတယ်။

“စတိုးဆိုင်တွေ၊ ဘစ်ကားတွေမှာဆို (CCTV) ပြန်ကြည့်လို့ရနေတာပဲ၊ သူတို့ (ဘဏ်) က ဒါတွေကို ဘာမှမချပြဘူး။ သူတို့ ပုံရိပ်ထိခိုက်မှာစိုးလို့ ဒါတွေကိုထိန်ချန်ထားတယ်လို့ပဲ ထင်တယ်” လို့ မခင်လပြည့်ထွန်းရဲ့ခင်ပွန်းက မှတ်ချက် ပေးပါတယ်။

CB pay မန်နေဂျာ ဦးဇေယျာကျော်ကတော့ ရဲစခန်းက အမှုအဖြစ်လက်ခံမှသာ ဒီလိုမှတ်တမ်းတွေ ထုတ်ပေးတာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဒီလိုအမှုဖွင့်ဖို့ ခက်ခဲတာနဲ့ပတ်သက်ပြီး မခင်လပြည်ထွန်းက “လိမ်နေတဲ့သူတွေကလည်း ဒီအားနည်းချက်ကိုသိလို့ ဆက်လုပ်နေကြတာ” လို့ ဆိုပါတယ်။

မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ငွေကြေးအလိမ်ခံရသူတွေရဲ့အဆိုအရ အကောင့်အတုတွေဟာ မိုဘိုင်းဝန်ဆောင်မှုအသုံးပြုသူတွေရဲ့ အခက်အခဲအပေါ် ဖြေရှင်းပေးသယောင်နဲ့ အသုံးပြုသူတွေရဲ့နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နဲ့လျှို့ဝှက်နံပါတ်တွေကို တောင်းပြီး တစ်ဖက်က ငွေထုတ်ယူသွားကြတယ်လို့ ဆိုပါတယ်။

ဒီလို အခက်အခဲပေါ်အခွင့်အရေးယူပြီး ငွေကြေးအလိမ်ခံလိုက်ရတဲ့အထဲမှာ တောင်ကြီးမြို့က ကုန်သည်တစ်ဦး ဖြစ်တဲ့ ဦးသန့်ဇင်ဟိန်းလည်း အပါဝင်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဒီဇင်ဘာနောက်ဆုံးအပတ်က တောင်ကြီး မြို့ပေါ်က KBZ ATM စက်မှာ ငွေကျပ်သုံးသိန်း ထုတ်ယူတုန်းမှာဖြစ်သွားတာပါ။

ကတ်ထဲက ငွေကိုဖြတ်သွားပေမယ့် ပိုက်ဆံကထွက်မလာခဲ့ဘူးလို့ သူကဆိုပါတယ်။ ဒါကြောင့် ဘဏ်ရဲ့ Customer Service ကို ဖုန်းဆက်မေးမြန်းကြည့်တဲ့အခါ တိုင်ကြားလွှာဖြည့်ဖို့လိုပြီး ဘဏ်ကသူ့ကို ပြန်ဆက်သွယ်မယ်လို့ ဆိုပါတယ်။

ဘဏ်မှာတိုင်ကြားလွှာဖြည့်ခဲ့ပြီး ဘဏ်ကပြန်ဆက်သွယ်လာမယ့် အချိန်ကို ATM စက်နားမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အထိ ဘဏ်အကြောင်း မကြားခဲ့သလို စက်ထဲကငွေလည်း ထွက်မလာဘူးလို့ သူကပြောပါတယ်။

အဲဒီ ATM စက်ရှေ့ကပဲ နောက်တစ်ကြိမ် Customer Service ကိုဖုန်းဆက်ပေမယ့် ဖုန်းလိုင်း မအားတာကြောင့် အဆက်အသွယ်မရခဲ့ဘူးလို့သူကဆိုပါတယ်။ ဒါနဲ့ KBZ ဘဏ်ရဲ့တရားဝင် Facebook မက်ဆင်ဂျာကနေတစ်ဆင့် သူ့အခက်အခဲကို စာပို့လိုက်ပါတယ်။

KBZ ဘဏ်ရဲ့ တရားဝင် Facebook page ကိုရှာရင်း KBZ Bank ATM Card Service ဆိုတဲ့ Facebook page တစ်ခုကိုလည်းသူတွေ့လိုက်ရပါတယ်။
အဲဒီပေချ့်ကို သူဝင်ကြည့်တဲ့အခါ Like ၄၀၀ နီးပါး ရထားပြီး ဘဏ်နဲ့ပတ်သက်တဲ့ သတင်းတွေ တင်ထားတွေ့ရတယ်လို့ဆိုပါတယ်။

ဒါကြောင့် သူ့အခက်အခဲကို မက်ဆင်ဂျာကနေပြောပြတဲ့အခါ သူ့ရဲ့အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်နဲ့ ကတ်နံပါတ်ကို အဲဒီပေ့ချ်က တောင်းပါတယ်။ သူကလည်း တရားဝင်ဘဏ်က အကြောင်းပြန်နေတယ် အထင်နဲ့ ပေးလိုက်ပါတော့တယ်။

အဲဒီနောက် “လူကြီးမင်းတို့အကြောင်းအရာကို bit.ly/KBZBankCardEr တွင် စစ်ဆေးပါရှင်”ဆိုတဲ့ Website link တစ်ခုကိုပို့ပေးပါတယ်။ အဲဒီလင်ခ့်မှာ သူ့ရဲ့ဖုန်းနံပတ်နဲ့ တစ်ခါသုံးလျို့ ဝှက်နံပါတ် ကိုဖြည့်လိုက်ပါတယ်။

ဒီလိုဖြည့်လိုက်ရင် ATM စက်ထဲက ငွေထွက်လာမယ်လို့ သူ့စိတ်ကထင်နေခဲ့ပါတယ်။ ဒါပေမယ့် သူအကောင့်ထဲကငွေကို ဖုန်းကနေစစ်ကြည့်လိုက်တဲ့အခါ သူ့လက်ကျန်ငွေ ၁၀ သိန်းပါ အကောင့်ထဲမှာ မရှိတော့ပါဘူး။ ဒါနဲ့ နီးစပ်ရာဘဏ်ကို ချက်ချင်းသွား၊ ဖြစ်စဉ်ကိုပြောပြီး အကူအညီတောင်းတဲ့အခါ ဘဏ်အနေနဲ့မရှင်းပေးနိုင်တာကြောင့် Customer Service ကို ဖုန်းဆက် ခိုင်းပါတယ်။

Customer Service ကို ဖုန်းဆက်တဲ့အခါ အချိန်တော်တော်ကြာတဲ့အထိ ဖုန်းလိုင်းမအားတာကြောင့် အဆက်အသွယ်မရခဲ့ပါဘူး။ ညနေ ၅ နာရီမှာ ဖုန်းအဆက်အသွယ် ရတဲ့အခါမှာတော့ ဘဏ်အနေနဲ့ Website link တွေပေးပြီးဖြေရှင်းပေးတာမျိုးမရှိဘူးလို့ဆိုပြီး နောက်ထပ်ငွေအလွှဲ အပြောင်းလုပ်လို့မရအောင် သူ့အကောင့်ကိုပိတ်ပေးလိုက်ပါတယ်။

ရဲစခန်းမှာ အမှုဖွင့်မယ်ဆိုရင် ငွေလိမ်ထုတ်သွားတဲ့လူရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်နဲ့ ဖုန်းနံပါတ်တွေ ပေးမယ်လို့ ဘဏ်ဘက်က ဆိုတယ်လို့ ဦးသန့်ဇင်ဟိန်းကပြောပြပါတယ်။ ဒါပေမဲ့ အဲဒီနာမည်၊ မှတ်ပုံတင် တွေဟာ အတုဖြစ်နေရင် ဘယ်လိုရှာဖမ်းမလဲလို့ သူကသံသယရှိတာကြောင့် အမှုမဖွင့်လိုက်ဘူးလို့ သူက ဆိုပါတယ်။

လိမ်လည်ခံလိုက်ရတဲ့ပိုက်ဆံကလည်း ပြန်ရမယ်၊ မရဘူးမသေချာသလို အမှုဖွင့်ရင်လည်း ဘယ်လောက်ကြာ မယ် မသိတာကြောင့်ရော နောက်ထပ် အချိန်ကုန်၊ ငွေကုန်မဖြစ်ချင်တာကြောင့်ပါ ရဲမတိုင်ဖြစ်ဘူးလို့ ဦးသန့်ဇင်ဟိန်းက ဆိုပါတယ်။

မိုဘိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နေပြည်တော်၊ မှုခင်းရဲတပ်ဖွဲ့ဌာနကို မော်ကွန်းက ဆက်သွယ်မေးမြန်းတဲ့အခါ လတ်တလောမှာတော့ အမှုဖွင့်ထားတာ တစ်မှုမှမရှိသေးဘူးလို့ ဒုရဲမှူးကြီးတစ်ဦးကဖြေပါတယ်။

အဲဒီအမှုတွေကို ကိုင်တွယ်ပေးဖို့ ရဲတပ်ဖွဲ့တွေကို ဘယ်လိုသင်တန်းတွေပေးထားပြီး နစ်နာသူဘက်က တိုင် တန်းဖို့ ဘယ်လို အချက်အလက်တွေလိုအပ်လဲဆိုတာမေးမြန်းတဲ့အခါမှာ အထက်ပါဒုရဲမှူးကြီးက အခုမှ ဒီ တာဝန်ကိုယူတာကြောင့် ဂဃနဏ မသိသေးဘူးလို့ဆိုပြီး ဖုန်းချသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတပ်ဖွဲ့မှူးရုံးကိုလည်း ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာ သတင်းမီဒီယာနည်းဥပဒေအရ သတင်းအချက် အလက်တောင်းခံလွှာတင်ပြီး မေးမြန်းခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ ဒီဆောင်းပါးဖောင်ပိတ်ချိန် ဧပြီလအထိ အကြောင်းပြန်တာမရှိပါဘူး။

ဘာကြောင့်အလိမ်ခံနေရလဲ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းရဲ့ဒုဥက္ကဌ ဦးမင်းဦးက မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှာ တစ်ခါသုံး လျို့ ဝှက်နံပါတ်ကိုတစ်နည်းနည်းနဲ့ရတဲ့သူက ငွေအထုတ်အသွင်းလုပ်နိုင်တယ်လို့ဆိုပါတယ်။

“ ဘဏ်အနေနဲ့က ကြည့်လိုက်ရင်ငွေထုတ်ငွေလွှဲက သူကိုယ်တိုင်လုပ်လိုက်သလိုဖြစ်သွားတာပေါ့၊ တခြားလူကိုလည်း ဘဏ်ကပို့တာမဟုတ်ပြန်ဘူး”လို့ သူကဆိုပါတယ်။
သူ့အမြင်အရ လုံခြုံရေးပိုင်းနဲ့ သုံးစွဲမှုလွယ်ကူတဲ့အပိုင်းနှစ်ခုဟာ လွန်ဆွဲတဲ့သဘောရှိတယ်လို့ရှင်းပြပါတယ်။ လုံခြုံရေးအပိုင်းကို အဆင့်မြှင့်ပြီး တင်းကြပ်လိုက်ရင် သုံးစွဲသူဘက်က အလုပ်ရှုပ်ပြီး မသုံးချင်တော့တာမျိုး ဖြစ်နိုင်သလို အရမ်းလွယ်ကူပြန်ရင်လည်း လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

CB ဘဏ် ကတ်နဲ့စက်ဝန်ဆောင်မှုဌာနအကြီးအကဲ ဦးဇေယျာအောင်ကလည်း အရင်တုန်းက ဘဏ်တွေမှာငွေသွင်း၊ ငွေထုတ်ရင် လက်မှတ်ထိုးပြီး ထုတ်ကြတဲ့အခါ ကိုယ့်လက်မှတ်ကို တူအောင်ထိုးရသလို သူများတွေ ခိုးမထိုးအောင် ထိန်းသိမ်းရသလိုပဲ အခုလျှို့ ဝှက်နံပါတ်က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဒစ်ဂျစ်တယ်ငွေပေးချေမှုပေါ်မှာ ကိုယ့်ဒေတာ ကိုယ်လုံဖို့လိုတယ်” လို့ သူက အကြံပြုပါတယ်။
ဘဏ်တွေအနေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေစတင်ချိန်မှာ အသုံးပြုသူများများရရှိရေးကို ဦးစားပေးလုပ်ဆောင်ခဲ့တာကြောင့် အကောင့်လုံ ခြုံရးဆိုင်ရာ အသိပညာပေးတွေကို တပါတည်းလုပ်ခဲ့ဖို့ထည့်သွင်းမစဉ်းစားမိခဲ့ဘူးလို့ သူကပြောပါတယ်။

“ဒီလောက်ကြီးတော့ (လိမ်လည်တာတွေ) မလုပ်လောက်ဘူးဆိုပြီးတွေးတာပေါ့၊ ပြဿနာဖြစ်တော့မှပဲ စဉ်းစားမိကြသလို ဖြစ်နေတယ်”လို့ ဦးဇေယျာအောင်ကဆိုပါတယ်။
ဒီအပိုင်းနဲ့ပတ်သက်ပြီး KBZ PAY ၊ Wave Money၊ အမ်ပိုက်ဆံ (M-Pitesan) စတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ချို့ကို ဇန်နဝါရီဒုတိယပတ်အတွင်းက မော်ကွန်းက ကိုယ်တိုင်သွားရောက်မေးမြန်းတဲ့အခါ မေးမြန်းချင်တဲ့အချက်တွေကို အီးမေးလ်ပို့ပေးဖို့ဆိုကြပါတယ်။ အီးမေးလ်နဲ့ မေးခွန်းတွေပို့ခဲ့ပေမယ့် ယခုဆောင်းပါးဖောင်ပိတ်ချိန် ဧပြီလအထိ ပြန်လည်ဖြေကြားပေးတာမရှိခဲ့ပါဘူး။

ကိုယ်ရေးကိုယ်တာအချက်အလက် အထူးဂရုစိုက်ပါ

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက CB ဘဏ်၊ KBZ ဘဏ်၊ ရိုးမဘဏ်စတဲ့ပြည်တွင်းဘဏ်တစ်ချို့ဟာ မိုဘိုင်းငွေ ကြေးအသုံးပြုသူတွေအနေနဲ့ Facebook မှာရှိတဲ့ ဘဏ်စာမျက်နှာအတုတွေ၊ အကောင့်အတုတွေ မယုံကြဖို့နဲ့ ဘဏ်တွေကပြုလုပ်ထားတဲ့ပေချ့်တွေမဟုတ်ကြောင်း အသီးသီးက ထုတ်ပြန်ခဲ့ကြပါတယ်။

ဘဏ်ရဲ့တရားဝင်စာမျက်နှာမှာ အပြာရောင်အမှတ်အသား (Blue mark) ရှိပြီး ကျန်တဲ့ ဘဏ်စာမျက်နှာတွေ၊ အကောင့်တွေဟာ အတုဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါ့အပြင်သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ကိုယ်ရေးအချက် အလက်၊ တစ်ခါသုံးလျှို့ဝှက်နံပါတ်နဲ့ လျှို့ဝှက်ကုဒ်နံပါတ် (Pin Number) တွေကိုတခြားလူကို မပေးမိဖို့ဆို ထားပါတယ်။ ဒီလိုပေးခဲ့လို့ ပြဿနာဖြစ်ရင် ဘဏ်တွေအနေနဲ့ တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

ဦးဇေယျာအောင်ကလည်း သူ့အမြင်အရ ဘဏ်စာမျက်နှာအတုတွေနဲ့အကောင့်တုတွေဟာ အင်တာနက်မှာ အလွယ်တကူ ဖွင့်လို့ရနေတာကြောင့် တားဆီးဖို့ခက်ခဲတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သူတို့ဘဏ်အနေနဲ့ ဖုန်းထဲက CB Pay ထဲဝင်လိုက်တာနဲ့ မိမိရဲ့လုံခြုံရေးအတွက်က နာမည်နဲ့လျို့ဝှက်နံပါတ်ကို ဘယ်သူမှ မပေးပါနဲ့ဆိုတဲ့ သတိပေးတဲ့စာတွေကို ချက်ချင်းလုပ်ပေးထားတယ်လို့ ပြောပြပါတယ်။

ဒါ့အပြင် ဘဏ်ခွဲတွေမှာ CB Pay စဖွင့်ကတည်းက လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတဲ့ အကြောင်းတွေကိုရှင်းပြတာတွေ လုပ်ဆောင်နေပြီလို့ သူကဆက်ပြောပါတယ်။
“အသုံးပြုသူနာမည်တွေ၊ လျို့ဝှက်နံပါတ်တွေဟာ သော့လိုပဲလေ။ မိမိကလွဲလို့ ကိုယ့်သော့ကို ဘယ်သူမှ ပေးလို့မရဘူး”လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စာရင်းဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက ဒစ်ဂျစ်တယ်ငွေ ပေးချေမှုဟာ လတ်တလောမှာ နည်းဥပဒေမရှိသေးတာကြောင့် စနစ်တကျမရှိသေးဘူးလို့ ဆိုပါတယ်။ အခုနှစ်ထဲမှာ ဥပဒေထွက်လာဖို့ရှိပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ပိုပြီးအားကောင်းလာမယ်လို့ သူကမှတ်ချက်ပေးပါတယ်။

“၂၀၂၀ နောက်ပိုင်း ပိုပြီးဖွံ့ဖြိုးလာမယ်၊ ပိုပြီးစနစ်ကျလာမယ်၊ ပြီးတော့ ဗဟိုဘဏ်ရဲ့ကွပ်ကဲမှုအောက်မှာပိုရှိ လာမယ်” လို့ သူက တယ်လီဖုန်းကတစ်ဆင့် မော်ကွန်းကိုပြောပါတယ်။ လုံခြုံရေးဆိုင်ရာနဲ့ လိမ်လည် တာတွေနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပေမယ့် ဥပဒေထွက်မှပဲ အသေးစိပ်ပြောနိုင်မယ်လို့ သူကဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းရဲ့ ဒုတိယဥက္ကဌ ဦးမင်းဦးကလည်း ဘဏ်တွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုသလို သတင်းမီဒီယာတွေကတစ်ဆင့် နည်းမျိုးစုံသုံးပြီး လုံခြုံရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ရမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လိုအပ်ရင် အခြေခံကျောင်းတွေမှာလည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုံခြုံရေးဆိုင်ရာ အသိပညာပေးတာမျိုးတွေလုပ်နိုင်ရင် နောက်မျိုးဆက်မှာ မိုဘိုင်းငွေကြေးအလိမ်ခံရတဲ့ ပြဿနာတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ သူကမှတ်ချက်ပေးပါတယ်။

အသိပညာပေးတဲ့အပိုင်းတွေ တွင်တွင်ကျယ်ကျယ်မလုပ်နိုင်သေးခင်မှာတော့ ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေပပျောက်သွားအောင်လုပ်နိုင်မှာ မဟုတ်သေးဘူးလို့ သူကဆိုပါတယ်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုအသုံးပြုရင်း ငွေလိမ်ခံလိုက်ရပြီး အမှုဖွင့်ခွင့်မရလိုက်တဲ့ မခင်လပြည့်ထွန်းက အခုလို ဆိုပါတယ်။
“ကိုယ်ပိုက်ဆံပါသွားတော့ ဝမ်းနည်းတာပေါ့၊ စိတ်ဆိုးတာလားဆိုတော့ ဘယ်သူ့ကို စိတ်ဆိုးရမလဲ၊ ဘဏ်ကို အယုံအကြည်မရှိတော့ဘူးပေါ့၊ အားမကိုးတော့ဘူးပေါ့”


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."