တောင်ကုတ်- ၂၀၂၄ သြဂုတ်၂၂ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ အဝင်အထွက် ဖြတ်သန်းသွားလာမှုကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်လိုက်လို့ လူမှုစီးပွားပိုမိုခက်ခဲသွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
တောင်ကုတ်မြို့မှာရှိတဲ့ ကြိုးကြာကွင်းဂိတ်၊ ဖုံညိုလိပ်ဂိတ်၊ တက္ကသိုလ်ဂိတ်နှင့် ဘုတ်ဆိပ်တွေကို ပြီးခဲ့တဲ့နှစ်ရက်ကစလို့ ပိတ်လိုက်တာဖြစ်ပြီး မလိုက်နာသူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားကြောင်း တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။
” ဈေးရောင်းဈေးဝယ်တွေနဲ့ ခရီးသွားလာနေတဲ့သူတွေကို ဖုန်းတွေ အတင်းအကျပ်စစ်ဆေးတာမျိုး၊ ပါလာတဲ့ကုန်ပစ္စည်းတွေကို သိမ်းထားလိုက်တာမျိုးတွေရှိပါတယ်။ နောက်နေ့တွေကစပြီး မြို့ထဲမဝင်ရဘူးဆိုတဲ့ သတိပေးချက်ကိုလည်း သူတို့(စစ်ကောင်စီ)ဆီက တစ်ဆင့်သိရတာပါ။ အဝင်အထွက်လုပ်ရင် ဖမ်းမယ်လို့လည်း ပြောထားပါတယ်။ ဂိတ်တွေမှာလည်း လူအင်အားထပ်ထိုးနေတာတွေတော့ တွေ့နေရတယ်” လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။
အခုလို ဝင်ထွက်သွားလာမှုတွေကို ပိတ်ပင်လိုက်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး အဆင်မပြေမှုတွေဖြစ်ပြီး စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” မြို့ထဲကလူက မြို့ပြင်မထွက်ရ၊ နယ်ကလူတွေကလည်း မြို့ထဲကို ဈေးလာဝယ်လို့မရတော့ စားဝတ်နေရေးတွေ အခက်အခဲ ဖြစ်လာနိုင်တယ်။ တစ်ခြားမြို့နယ်တွေနဲ့ ကုန်ရောင်း၊ ကုန်ဝယ်လုပ်လို့လည်းမရတော့ဘူး။ လမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်။ အဓိကတော့ ပြည်သူတွေကို ချောင်ပိတ်ရိုက်ချင်တဲ့ရည်ရွယ်ချက်လို့မြင်တယ်” လို့ အထက်ပါ တောင်ကုတ်ဒေသခံက ပြောပါတယ်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တောင်ကုတ်မြို့အနီးအနားက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက ဒေသခံတွေဝင်ထွက်သွားလာရေးကို စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရေးအခြေအနေအရ အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်ဆင်လာနိုင်မှုကို စိုးရိမ်တဲ့အတွက်ကြောင့် မြို့အဝင်အထွက်ကို ပိတ်လိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြည်မနဲ့ အဆက်ဖြတ်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းအပါအဝင် စက်သုံးဆီနဲ့ဆေးဝါးတွေပါ ပြည်နယ်အတွင်းမှာ ပြတ်လပ်နေတာကို ဒေသခံတွေ ရင်ဆိုင်နေရတာပါ။
တောင်ကုတ်မြို့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက ကားလမ်း၊ ရေလမ်းဆုံတဲ့မြို့ဖြစ်ပြီး အဲဒီမြို့ကတစ်ဆင့် တောင်ပိုင်းနဲ့မြောက်ပိုင်းမြို့နယ်တွေအပြင် ပင်လယ်ထဲကကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့အထိ ခရီးဆက်နိုင်ပါတယ်။ ဒါအပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး AA ရဲ့ ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ မြို့လည်း ဖြစ်ပါတယ်။
AA ဟာ တောင်ကုတ်မြို့နယ်နဲ့ကပ်လျှက်က ကမ္ဘာကျော်ငပလီကမ်းခြေရှိရာ သံတွဲမြို့နယ်ကို သိမ်းယူထားသလို့ ဆက်စပ်နေတဲ့ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲဖော်ဆောင်ပြီး စစ်ကောင်စီကိုထိုးစစ်ဆင်နေတာပါ။
ရခိုင်ပြည်နယ်ကို စစ်ကောင်စီကင်းစင်အောင်လုပ်မယ်လို့ ကြွေးကျော်ထားတဲ့ AA ဟာ အခုဆိုရင် ချင်းပြည်နယ်၊ ပလက်ဝဒေသအပါအဝင် ပြည်နယ်အတွင်းကမြို့ကြီး၊ မြို့ငယ်ပေါင်း ၁၇ မြို့ကို ထိန်းချုပ်သိမ်းပိုက်ထားပြီလို့ ပဋိပက္ခစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက ဖော်ပြပါတယ်။
ပုံစာ- တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်
ဓါတ်ပုံ- AB
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

