ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁ (မော်ကွန်း)
စစ်ကော်မရှင်တပ်ဟာ နောင်ချိုနဲ့ ကျောက်မဲမြို့ကြားက ဂုတ်တွင်းတံတားကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကျောက်မဲမြို့နဲ့ အနီးဆုံးရွာတွေထိထိုးစစ်ဆင်လာပြီး တအာင်းတပ် (TNLA) တပ်တွေနဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကျောက်မဲဒေသခံတချို့က ပြောပါတယ်။
မနေ့ကညပိုင်းကနေ ဒီမနက်အစောပိုင်းထိ ကျောက်မဲမြို့အဝင် စခန်းသာရွာနဲ့ နောင်ပိန်ရွာအကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညပိုင်းနဲ့ အစောပိုင်းမှာ အသံတွေကြားရတယ်။ ကျောက်မဲမြို့ပေါ်နဲ့ဆို သိပ်မလိုတော့ဘူးလေ၊ ငါးမိုင်၊ ၁၀ မိုင်ပတ်လည်လောက်ပဲရှိတော့တယ်။ ဒီနေ့တော့ နည်းနည်း ပြန်ငြိမ်နေတယ်” ၎င်းကျောက်မဲဒေသခံက ပြောပါတယ်။
ကျောက်မဲမြို့ပေါ်မှာ ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရသလို နေအိမ်စောင့်နေတဲ့သူတွေ၊ စစ်ဘေးမရှောင်သူတွေလည်း မြို့ပေါ်မှာရှိနေသေးပြီး တိုက်ပွဲတွေကြောင့်နေအိမ်တွေ ထိခိုက်ပျက်စီးမှာကိုလည်း ဒေသခံတချို့က စိုးရိမ်နေပါတယ်။
“အရင်ရှောင်ပြီးပြန်နေတာ မကြာသေးတဲ့သူတွေလည်း အခုပြန်ရှောင်နေကြပြန်ပြီပေါ့။ မရှောင်ချင်တဲ့သူတွေလည်းရှိတယ်။ တချို့လည်း သွားဖို့လာဖို့ အဆင်မပြေတော့ အိမ်မှာနေခဲ့တဲ့သူတွေလည်း မြို့ပေါ်မှာရှိတယ်။ မြို့ပေါ်က လူတွေကတော့ အသံပဲနားထောင်နေရတာပေါ့” လိုဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့ကို TNLA လက်ထဲကနေ ပြန်သိမ်းလိုက်နိုင်တဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ စတင်ပြီး နောင်ချိုအထွက် ကျောက်မဲမြို့အဝင်က ဂုတ်တွင်းလမ်းပိုင်းနဲ့ ဂုတ်ထိပ်တံတားလမ်းတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။
လကုန်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်ဟာ ဂုတ်တွင်းလမ်းပိုင်းနဲ့ ဂုတ်ထိပ်တံတားတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့အဝင်က နောင်ပိန်တိုက်နယ်ရွာကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းဌာနတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် ဂုတ်တွင်းတံတားကို ပြန်လည်အသုံးပြုနိုင်ဖို့ ယာယီသံဘောင်ဘေလီတံတားထိုးနေပြီး နယ်မြေရှင်းလင်းရေးတွေလည်း လုပ်ဆောင်နေပြီလို့ ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ နောင်ပိန်တိုက်နယ်ရွာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မန္တလေး-လားရှိုး-မူဆယ် ကားလမ်းကို ပြန်လည်ဖွင့်လှစ်ဖို့ကြိုးပမ်းနေပြီး ဒီလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေပိတ်ဆို့ထားတဲ့ နောင်ချို-ကျောက်မဲ လမ်းပိုင်းကိုပြန်ဖွင့်ဖို့ အခုလိုထိုးစစ်ဆင်နေတာပါ။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆုတ်ခွာပေးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်လာနေပြီး ဒီနှစ်ပိုင်းကစပြီး မိုးဗြဲနဲံ နောင်ချိုတို့လို တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြို့တချို့ကို ပြန်လည်ရယူနိုင်ခဲ့တာပါ။
ပုံစာ – ရှမ်းမြောက်မှာလှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

