တားမြစ်မိုင်များသို့ တစ်ခေါက်

တားမြစ်မိုင်များသို့ တစ်ခေါက်

Photo- Bawk San

လက်ထဲ ကင်မရာရောက်ပြီဆိုရင် တွေ့သမျှ မြင်သမျှ ဓာတ်ပုံလျှောက်ရိုက်တတ်တာ ကျွန်မ အကျင့်။ အခုလည်း ခရီးထွက်ရင်း လမ်းဘေးဝဲယာတစ်လျှောက် ချုံတော၊ နွယ်တောထဲအိမ်ကြီးအိမ်ကောင်းတွေ မြင်တော့ မနေနိုင်မထိုင်နိုင် လက်ထဲက ဖုန်းနဲ့ တဖျပ်ဖျပ် ရိုက်မိတော့တာပဲ။ဒီလမ်းပေါ်ကို လွန်ခဲ့တဲ့ ခြောက်နှစ်၊ ၂ဝ၁၁ မတ်က နောက်ဆုံး ရောက်ခဲ့တယ်။

အဲဒီတုန်းကတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ လိုင်ဇာ၊ ဗန်းမော်လမ်းမကြီးဘေးဝဲယာက လူနေရွာရှိတဲ့ နေရာဆို အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ပျော်စရာအလွန်ကောင်းခဲ့တာ။ အခုတော့ ဝိုင်းမော်မြို့နယ် အောင်မြင်သာရွာအထိကတော့ စည်စည်ကားကားပါပဲ။ ဒါပေမဲ့ အဲဒီကနေလွန်လာလို့ လေးငါးမိုင်လောက်ကစပြီး လမ်းဘေးဝဲယာက အိမ်တွေကို ချုံနွယ်ပိတ်ပေါင်းနဲ့ စတွေ့ရတော့တာပါပဲ။

ဒီလိုနဲ့ ခရီးဆက်လာရင်း ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာရဲ့ချုံနွယ်တွေ ပိတ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်းကို ကျော်တော့တပ်မတော်က လုံခြုံရေးယူထားတဲ့ ဖြတ်သန်းသွားလာခွင့် ဂိတ်ကို လှမ်းမြင်ရပါတယ်။ ဂိတ်နဲ့ ဆယ့်ငါးပေလောက်အကွာ ရောက်တော့ ကားဆရာက ကားကိုရပ်လိုက်တယ်။ ပြီးတော့ အသင့်ယူလာတဲ့ ကားပေါ်ပါ လူစာရင်းနဲ့ နေရပ်လိပ်စာတွေကို ဂိတ်မှာ တာဝန်ကျတဲ့ အရာရှိကို သွားပေးတယ်။

ကားရှေ့ခေါင်းခန်းမှာ ထိုင်နေတဲ့ ကျွန်မက ဂိတ်မှာ ကားဆရာစာရင်းပေးတဲ့ပုံကို မှတ်တမ်းဓာတ်ပုံရိုက်လိုက်မိတဲ့ အချိန်မှာတော့ စစ်ဆေးနေတဲ့ အရာရှိက စာရင်းစာရွက်ကိုင်ပြီး လှမ်းကြည့်တာနဲ့ တည့်တည့်ကို တိုးတော့တာပါပဲ။ တွေ့တာနဲ့ ”ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ ရိုက်ထားတာ အကုန်ချက်ချင်းဖျက်”ဆိုပြီးလှမ်းအော်ပြောတော့တာပဲ။ ပြီးတော့ ဒီလိုဖျက်ခိုင်းရတာဟာလုံခြုံရေးအတွက် ဖြစ်တယ်လို့ ကားဆရာကို သတိပေးပြောဆိုသံခပ်သဲ့သဲ့ကြားရပါတယ်။

ကားဆရာက ”ကျွန်တော် ဖျက်ခိုင်းပါ့မယ်၊ အမြဲလည်းတွေ့နေကျပဲဆရာရယ်၊ လူစာရင်းလေး မှန်၊ မမှန်ကို တစ်ချက်စစ်ပေးပါ” ဆိုပြီး စာရွက်ကိုထားခဲ့ကာ ကားဆီကို လှည့်ပြန်လာပါတယ်။ သူက ကျွန်မကင်မရာထဲက ဓာတ်ပုံကို အတူယူကြည့်ပြီးတချို့ကို ဖျက်ပေမယ့် တချို့ကိုတော့ မဖျက်ဘဲ ချန်ထားခဲ့နိုင်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အားလုံး ဖျက်ပြီးပြီ် ဖြစ်ကြောင်း သူက အရာရှိကို ပြန်ပြောပြီး ခရီးဆက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြင်သမျှကို ကားခေါင်းခန်းမှာ ထိုင်ပြီး ပြတင်းပေါက်က လက်မထုတ်ဘဲ ဓာတ်ပုံရိုက်နေတဲ့ ကျွန်မကိုကားဆရာက တပ်စခန်းချထားတဲ့ နေရာ၊ ကင်းစခန်းရှိတဲ့ နေရာအနီးတစ်ဝိုက်ရောက်ပြီဆို ”အစ်မရေ၊ ကျွန်တော်တို့ စခန်းနားရောက်တော့မယ်”လို့ သတိလှမ်းပေးတာဟာ လွယ်ဂျယ်ရောက်တဲ့အထိပါပဲ။

တရုတ်ပြည်နယ်စပ်တစ်လျှောက် တပ်စခန်းတွေရှိတဲ့ ဝိုင်းမော်ကနေ မိုးမောက်အထိ အစိုးရရဲ့ အညိုရောင်အဆင့် သတ်မှတ်နယ်မြေတွေနဲ့ အနက်ရောင်နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ ကေအိုင်အို အုပ်ချုပ်တဲ့နယ်မြေတွေကို ကျွန်မ ခရီးထွက်ခဲ့ရတဲ့အကြောင်းကတော့ တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ အဓမ္မလက်ထပ်၊ ကလေးမွေးဖို့ ခိုင်းစေခံရတာ များလာတဲ့ အကြောင်းကို သတင်းရေးဖို့ ဖြစ်ပါတယ်။

ဒီသတင်းကိုရေးဖို့ ဖြစ်လာရတာက ကျွန်မရဲ့ဆွေမျိုးထဲကမိန်းကလေးတွေကနေ စတယ်လို့ပြောရပါမယ်။ ရန်ကုန်မှာနေတဲ့ကျွန်မက ကချင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ အမေနဲ့ ညတိုင်း ဖုန်းဆက်ဖြစ်ပါတယ်။ ဖုန်းဆက်တိုင်း မိသားစုနဲ့ ဆွေမျိုးတွေထဲကစစ်ဘေးရှောင်နေရတဲ့ အမျိုးတွေအကြောင်းကို သတိတရ မေးဖြစ်လေ့ရှိပါတယ်။

၂ဝ၁၆ မေလရဲ့ တစ်ရက်မှာတော့ အမေနဲ့ ဖုန်းဆက်ရင်းစစ်ဘေးရှောင်စခန်းက ညီမဝမ်းကွဲတစ်ယောက်ကို တရုတ်နိုင်ငံသားက သဘောကျလို့ ကြားလူကနေ လက်ထပ်ခွင့်တောင်းတဲ့အကြောင်း၊ အဲဒီလူနဲ့သာ လက်ထပ်မယ်ဆိုရင် ကွမ်းဖိုး (တင်တောင်းတဲ့ငွေ) မြန်မာငွေကျပ်သိန်းခြောက်ဆယ်ပေးမယ်လို့ပြောပေမယ့် အဒေါ်က လက်မခံကြောင်းနဲ့ အဲဒီလို တောင်းရမ်းခံရတဲ့ တခြားမိန်းကလေးတွေလည်း ရှိတယ်ဆိုတာကို ပြောပြတယ်။

အရင်က ၂ဝ၁၁ သြဂုတ်အထိ ကချင်ပြည်နယ်မှာပဲ နေခဲ့ဖူးတဲ့ ကျွန်မဟာ တရုတ်မြန်မာနယ်စပ်မှာ မြန်မာအမျိုးသမီးတွေအိမ်ထောင်ကျတာကို သာမန်ကာလျှံကာပဲ သဘောထားခဲ့တာပါ။ ဒါပေမဲ့ ရန်ကုန်ရောက်လာပြီးတဲ့ နောက်ပိုင်း လူကုန်ကူးသတင်းတွေ နေ့စဉ်လိုကြားနေရတဲ့ ကျွန်မအတွက် ဒီအခြေအနေကို တခြားအမြင်တွေနဲ့ မြင်တတ်လာပါတယ်။

ဒါနဲ့ အမေ့ကို အဲဒီလို လာတောင်းခံရတာ ဘယ်နှယောက်ရှိနေပြီး ဘယ်သူတွေ လက်ထပ်သွားတယ်ဆိုတာ အဒေါ်တွေကိုထပ်မေးပေးဖို့ ပြောမိပါတယ်။ အဒေါ်တွေကလည်း စုံစမ်းပေးသလို ညီမတွေကလည်း သူတို့သူငယ်ချင်းတွေအကြောင်း စုံစမ်းပေးပါတယ်။ ဒီလိုနဲ့ သမီးတွေကို ပေးစားလိုက်တဲ့ မိဘတချို့ကလည်း အစက ဆက်သွယ်ရေး ခက်ခဲလို့ သမီးဖြစ်သူတွေ မဆက်သွယ်တာပဲ ထင်နေရာက ရောင်းစားခံရတာသိပြီး စုံစမ်းကြပါတော့တယ်။ ဒါပေမဲ့ ကြားခံ တောင်းရမ်းသူ ပေးထားတဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ အားလုံးက ဆက်သွယ်လို့ မရတော့ပါဘူး။

ဒီမိန်းကလေးတွေနဲ့ ပတ်သက်လို့ အဆက်အသွယ်တွေကိုစောင့်ရင်း အစိုးရက ထုတ်ပြန်တဲ့ လူကုန်ကူးခံရတဲ့ အချက်အလက်တွေစပြီး ကျွန်မ စုဆောင်းမိပါတော့တယ်။ အစိုးရရဲ့တရားဝင် ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် တစ်နိုင်ငံလုံးမှာ ၂ဝဝ၆ကနေ ၂ဝ၁၆ အထိ ၁ဝ နှစ်အတွင်း ဖော်ထုတ်ခဲ့တဲ့ လူကုန်ကူးမှုပေါင်း ၁,၅ဝဝ မှာ အမျိုးသမီးတွေ လူကုန်ကူးခံရတာက ၁,၂ဝဝမှုကျော် ရှိနေတာကို ၂ဝ၁၇ ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာမှ ၂ဝဝ၅ ခုနှစ်အထိ လူကုန်ကူးခံရတဲ့လူပေါင်း ၃,၁၈၆ ဦးထဲမှာ အမျိုးသမီးက၂,၆ဝ၉ ဦး ပါဝင်နေပြန်ပါတယ်။ ၂ဝဝ၆ ခုနှစ်ရဲ့ လူစာရင်းကတော့ အတိအကျ ရှာဖွေလို့မရခဲ့တဲ့အတွက် ဒီနေရာမှာ မဖော်ပြနိုင်တော့ပါဘူး။ ဒါ့အပြင်တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ အမှုပေါင်းက ၈၉ဝ ဖြစ်ပြီး လူကုန်ကူးခံရတာတွေအားလုံးထဲမှာ အဓမ္မလက်ထပ်ခိုင်းတာက၈ဝ၁ မှု ရှိပါတယ်။ ဒါက လိင်လုပ်သားအဖြစ် ရောင်းခံရတဲ့အမှုတွေမပါသေးဘူးလို့ စာရင်းမှာ ဖော်ပြထားတယ်။

ကချင်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြူးရှရီအဖွဲ့နဲ့ ကချင်အမျိုးသမီးကွန်ရက်တွေ ၂ဝ၁၄ – ၁၅ အတွင်းမှာ ရန်ကုန်မြို့က ORCHID ဟိုတယ်မှာ တပ်မတော်နဲ့ ကေအိုင်အိုတို့အကြားက တစ်ကျော့ပြန် ပြည်တွင်းစစ်ကြောင့် တရုတ်နိုင်ငံမှာ တရားမဝင်လက်ထပ်ဖို့ ရောင်းစားခံရတဲ့ အမျိုးသမီးတွေရဲ့အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ကျွန်မရဲ့ပေါ့လျော့မှုကြောင့် သူတို့မျှဝေထားတဲ့ အချက်အလက်တွေ စုံစုံလင်လင် မရှိတော့ပါဘူး။ စာအုပ်ပုံတွေ ပြန်မွှေနှောက်ရင်း အချက်အလက်လိုတိုင်း ကူညီပေးတတ်တဲ့ ရန်ကုန်က သတင်းထောက် မိတ်ဆွေအစ်မကြီးကို ရသလောက် ပြန် ရှာကူဖို့ အပူကပ်ရပြန်ပါတော့တယ်။ ရှာဖွေလို့ရသလောက် အချက်အလက်တွေအရ ၂ဝ၁၁ ကနေ ၂ဝ၁၄ ခုနှစ်အထိ မြူးရှရီက ပြန်လည်ကယ်ခဲ့တဲ့သူတွေ စာရင်းမှာ ကချင်ပြည်နယ်အတွင်းကအမျိုးသမီးချည်းပဲ ၂ဝဝ ကျော်နေတာကို တွေ့လိုက်ရတယ်။

အချက်အလက်တွေစုနေရင်း တရုတ်ကို ရောင်းစားခံခဲ့ရတဲ့ မိန်းကလေးအချို့နဲ့ အဒေါ်တွေ ဆက်သွယ်ပေးမှုကြောင့် အွန်လိုင်းကနေ မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံး ဆက်သွယ်ခဲ့တဲ့အမျိုးသမီးကိုးယောက်ထဲမှာ ခြောက်ယောက်က မြူးရှရီကကယ်ဆယ်ထားတာပါ။

သူတို့ရဲ့ အဖြစ်အပျက်တွေကိုမေးမြန်းတော့ မိန်းကလေးတွေနဲ့ မိသားစုတွေက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မပြောပြပါဘူး။ ဒါပေမဲ့ သူတို့မှတ်မိသလောက် ဘယ်ဒေသမှာမြန်မာနိုင်ငံသား ဘယ်လောက်ကျန်နေခဲ့တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ဒါ့အပြင် အဆက်အသွယ်ရဖို့ သူတို့ကြိုးစားကူမယ်၊ သူတို့တွေပြန်ရောက်အောင် ကူညီပါဆိုပြီး တရုတ်ပြည်ထဲ ကျန်ခဲ့သူတွေရဲ့ဓာတ်ပုံတချို့ကို သူတို့ဖုန်းထဲကနေ ပို့ပေးခဲ့ပါတယ်။

ကျန်ခဲ့သူတွေကို အချိတ်အဆက်ရဖို့ ကြိုးစားတဲ့အချိန်မှာဖေ့စ်ဘွတ်ခ်အသုံးပြုခွင့် ပိတ်ထားတဲ့ တရုတ်ပြည်မှာ ဖေ့စ်ဘွတ်ခ်လို အသုံးပြုနိုင်တဲ့ WeChat ဆိုတဲ့ လူမှုကွန်ရက်က အများကြီးအထောက်အကူပြုခဲ့ပါတယ်။ WeChat မသုံးဘဲ မြန်မာနိုင်ငံရဲ့ဖုန်းအော် ပရေတာတွေနဲ့သာ တရုတ်နိုင်ငံဖုန်းကို ဆက်သွယ်မယဆိုရင်တော့ တစ်မိနစ်ကို တစ်ထောင့်ငါးရာကနေ သုံးထောင်အထိ ကုန်ကျနိုင်ပါတယ်။

စိန်လုံတောင်ကြောတစ်လျှောက် ခရီးသွားနေသည့် စစ်ရှောင်များနှင့် အခြေချနေထိုင်သည့် တရုတ်လူမျိုးများ       Photo- Bawk San

ဒီကွန်ရက်ကို သုံးပြီး ကျန်ခဲ့သူတွေရဲ့ ဓာတ်ပုံနဲ့ တိုက်ပြီးရှာဖွေခဲ့ရာ မိန်းကလေးတစ်ဦးနဲ့ အဆက် အသွယ်ရခဲ့ပါတယ်။ သူကနေတစ်ဆင့် နောက်ထပ် မိန်းကလေးတွေနဲ့ ဆက်သွယ်မေးမြန်းလို့ရခဲ့တယ်။ ဆက်သွယ်လို့ရတဲ့ အချိန်ကတော့ ၂ဝ၁၆(ဒီဇင်ဘာ)။

ဒီလိုနဲ့ အဆက်အသွယ်ရခဲ့တဲ့ မိန်းကလေး လေးယောက်နဲ့တွေ့ဆုံဖို့ အစီအစဉ်တွေ ဆွဲ။ သူတို့နဲ့ အပြင်မှာ ဆုံလို့ရမယ့် နေ့ရက်၊ အချိန်နဲ့ နေရာကို ရွေးပြီး ချိန်းတော့ ဖေဖော်ဝါရီ ပထမတစ်ပတ်ကို ရတယ်။

သူတို့နေတဲ့ ရွာတွေကနေ ဆုံမယ့်နေရာအထိ တစ်နာရီခရီးလာရမှာဖြစ်ပြီး ကျွန်မ သွားတွေ့ဖို့ကလည်း နယ်စပ်ကနေဖြတ်ရင် တရုတ်ပြည်ထဲကို တစ်ရက်ခရီးဆိုတော့ အဆင်ပြေပါတယ်။ တရုတ် (ဒေသသုံးစကား) ရှမ်း- ဗမာ- ကချင် ဘာသာပြန်ပေးမယ့် အစ်မကြီးကလည်း အဆင်ပြေတယ်ပေါ့။ သူနဲ့ကနယ်စပ်ရောက်မှ တွေ့ရမှာ ဖြစ်တယ်။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖေဖော်ဝါရီ ပထမအပတ်မှာမဆုံဖြစ်ကြတော့ ကိုယ်ချိတ်ထားတဲ့ ရောင်းစားခံအမျိုးသမီးထဲကတစ်ယောက်ကရုတ်တရက်အဆက်အသွယ်ပြတ်သွားတယ်။သူ့အကြောင်းကို ထပ်စုံစမ်းတော့ ပထမ ရောင်းစားခံရတဲ့ အိမ်ကနေ ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်း(ဒေသအခေါ် ခွေ့မင်)အနီးတစ်ဝိုက်က နောက်တစ်အိမ်ကို ထပ်ရောင်းစားခံလိုက်ရတယ်ဆိုတာပဲ သိရတယ်။ စုံစမ်းပေမယ့် ကျန်တာ တိတိကျကျဘာမှ ထပ်မသိရ။

အဲဒါကြောင့် ကျန်တဲ့ သုံးယောက်နဲ့ပဲ တွေ့ရအောင် ခရီးသွားဖို့ ပြင်ပါတယ်။ ကချင်ပြည်နယ်အတွင်းကနေ တရုတ်နိုင်ငံယူနန်ပြည်နယ်နယ်စပ်တွေကို တရားဝင်လမ်းကြောင်းနဲ့ သွားလို့ရတာ နှစ်နေရာရှိပါတယ်။ ကန်ပိုက်တီမြို့နယ်ခွဲနဲ့ လွယ်ဂျယ်မြို့နယ်ခွဲ နယ်စပ်ဂိတ်တွေဖြစ်ပါတယ်။ ကျွန်မကတော့ အခြေအနေမှန်ကို အနီးစပ်ဆုံး ပြောပြနိုင်မယ့် နယ်စပ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တွေ ရှိတဲ့ လွယ်ဂျယ်လမ်းကို ရွေးခဲ့ပါတယ်။

အဲဒီလမ်းကို ဂျိမ်းဖော့ဧရာ၊ နှင်းတောင်တန်း၊ အူမားဘွမ်စတဲ့ ယာဉ်လိုင်းတွေက အိုင်ပီစန် (IPSUM)(ဒေသက လူတွေကတော့ အံစာတုံး) လို့ခေါ်တဲ့ ကားနဲ့ မြစ်ကြီးနားကနေ လွယ်ဂျယ်အထိဆွဲတယ်။ တစ်ယောက်ကို နှစ်သောင်းခွဲ၊ သုံးသောင်း။လမ်းကြောင်းကြပ် စစ်ဆေးရေးများတဲ့အချိန်ဆို ငါးသောင်းအထိဈေးတက်တယ်။ တိုက်ပွဲအချိန်ဆို သွားလို့တောင် မရဘူး။

တစပြင်အလား

ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉နာရီမှာတော့ ခရီးစဉ်စဖို့ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကျန်းဖုန်းဒေသရဲ့ နယ်စပ်အနီး၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့အထိ ဆွဲတဲ့ လိုင်းကားကို တခြားခရီးသည် ခြောက်ယောက်နဲ့အတူစုပြီး ငှားစီးဖြစ်တယ်။ ဗမာစကားနဲ့ ကချင်မျိုးနွယ်ဘာသာစကားတွေထဲက ဂျိမ်းဖော၊ စုစုပေါင်း ဘာသာစကားနှစ်ခုပဲတတ်တဲ့ ကျွန်မ၊ ကျန်တာအင်တာနေရှင်နယ်ဘာသာခြေဟန်လက်ဟန်ပြ စကားသုံးကြည့်ရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ခရီးကို စခဲ့ရတော့တယ်။

ခရီးစဉ်အစမှာ ဗမာစကားပဲ ပြောလာတဲ့ ကျွန်မကို ကားအတူစီးလာတဲ့ ခရီးသည်တွေထဲက ”ဗမာမတစ်ယောက်ပါတယ်။ စကားသတိထားပြော” ဆိုတဲ့ ဂျိမ်းဖောဘာသာ စကားသံကြောင့် ရင်ထဲဝမ်းနည်းပြီး လှိုက်ခနဲ ခံစားလိုက်ရတာကတော့အမှန်။ ဒါပေမဲ့ အစမှာ ရေးခဲ့တဲ့ ဂါးရာယန်ဂိတ်မှာ ဖြစ်တဲ့ကိစ္စနောက်ပိုင်း သူတို့ အမြင်က နည်းနည်းပြောင်းလဲလာခဲ့တယ်။

ကျွန်မကလည်း ဂျိမ်းဖောစကား နည်းနည်းပါးပါး ပြောတော့ ပြောရဲဆိုရဲလာပြီး သူတို့အကြောင်းတွေကို ပြောတော့တာပါပဲ။ သူတို့က မြစ်ကြီးနားမြို့ စစ်ရှောင်စခန်းတွေက မိသားစုတွေ။စစ်ဘေးရှောင်တဲ့ လူတွေအတွက် အလုပ်အကိုင် ရှားပါးလွန်းတော့ စစ်ဘေးရှောင်စခန်းမှာ မနေနိုင်တော့ဘဲ တရုတ်ပြည်ထဲရရာစိုက်ခင်းမှာ အလုပ်သွားလုပ်မယ်ဆိုပြီး လိုက်လာကြတာ။

သူတို့ထဲက အဒေါ် ကြီးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က စထွက်ကတည်းက ကားမူးလို့ဆိုပြီး အန်လာတာ။ဝိုင်းမော်မြို့နယ်ထဲက လဂျားယန်၊ မလန်းယန်၊ ဒဘတ်ယန်၊နန်ဆန်ယန်ရွာတွေ ဘက်ရောက်တော့ သူတို့အမူးတွေ ဘယ်လိုပြေသွားကြတယ် မသိ။ ကားပေါ်ကနေ သူတို့အိမ်တွေကို ပြန်ရှာတဲ့သူက ရှာ၊ လက်ညှိုးတွေ ညွှန်ပြီး သူတို့ လိမ္မော်ခင်း၊ တညင်းခင်းတွေရဲ့ ဝင်ငွေတွေ အကြောင်း၊ ရာဘာခြံ၊ တစ်သျှူးငှက်ပျောနဲ့ကျွန်းစိုက်ခင်းတွေမှာ နေ့စားလုပ်ခဲ့တဲ့အကြောင်း တစ်ယောက်တစ်လှည့် ပြောတော့တာပါပဲ။

ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အိမ်တွေမှာ အရင်က သူတို့မိသားစုတွေ ဘယ်လောက်ပျော်ရွှင်ခဲ့ကြမလဲလို့ တွေးမိတယ်။လမ်းတစ်လျှောက်မှာရှိတဲ့ မြစ်ကြီးနားတက္ကသိုလ်မှာ အတူပညာသင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ အိမ်ဝင်းတွေကို ကြည့်မိတော့လည်း လူမရှိ ခြောက်သွေ့လို့။ လမ်းဘေးဝဲယာမှာ ခြံထွက်သီးနှံတွေ ထွက်ရောင်းတဲ့သူတွေလည်း မတွေ့ရတော့။ လိမ္မော်ခြံတွေဆိုတာလည်း ချုံနွယ်တွေ ပိတ်လို့။

ဒါတွေကို မှတ်တမ်းတင်ရတာလည်း ရင်တထိတ်ထိတ်။ဂါးရာယန်ရွာရဲ့ အဝင်အထွက်နဲ့ တံတားထိပ်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြည့်။ အရင်က အဲဒီရွာက နှစ် ဖက်လက်နက်ကိုင်တပ်က တပ်သားတွေ ညီအစ်ကိုလို လက်ဖက်ရည်ထိုင်သောက်လို့ရတဲ့ ဆန်ပိုင်ရွာလမ်းခွဲစားသောက်ဆိုင်ဆို တံခါးရွက်တွေ ပျက်၊ ဆိုင်နဲ့ အိမ်ထဲမှာ နွယ်တွေ အထပ်ထပ်၊

နွားချေးအထပ်ထပ် မြင်ကွင်းက အရင်အချိန်တွေကို ပြန်မြင်ယောင်ဖို့တောင်ခက်ခဲနေပါတယ်။

ဒီလိုနဲ့ ဝိုင်းမော်မြို့နယ်ထဲက မလန်းယန်၊ ကဇူး၊ ဒဘတ်ယန်၊ ဂျာပူ၊ ကန်တော်ယာန်၊ ဂျာထ၊ အင်ပေါန်ယာန်၊ လမိုင်းယာန်စတဲ့ ရွာတွေအားလုံးကို ဖြတ်ကျော်လာရင်း ထူးခြားတာတစ်ခုကိုသတိထားမိခဲ့ပြန်ပါတယ်။

အဲဒီလမ်းတစ်လျှောက်မှာ ခရီးသည်တင်ကားတွေအပြင်တရုတ်နိုင်ငံရဲ့ ယာဉ်နံပါတ်ပြားတွေနဲ့ ၂၂ ဘီး ကုန်တင်ယာဉ်ကြီးတွေလည်း ဥဒဟိုသွားလာနေတာပါ။ အဲဒီယာဉ်ကြီးတွေမှာ တစ်သျှူးငှက်ပျောတွေ တင်ထားတာကို တွေ့ရပါတယ်။ ဒီတစ်သျှူးငှက်ပျောတွေကို တရုတ်နိုင်ငံသားတွေက မြေတစ်ဧက တစ်နှစ်သိန်း ၂ဝ နဲ့ မြန်မာ့မြေပေါ်မှာ ငှားရမ်း စိုက်ပျိုးပြီး တရုတ်ပြည်ကိုတင်သွင်းတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။

ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျောတရားဝင် စိုက်ခွင့် မပြုထားတဲ့အကြောင်းကို ၂ဝ၁၆ နိုဝင်ဘာကသတင်းရေးခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်တုန်းက ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ပြောခဲ့တဲ့ မြေဆီလွှာထိခိုက်လို့ မစိုက်ဖို့တားဆီးတိုင်း ဝန်ထမ်းတွေရဲ့ အသက်အ္တနရာယ် ခြိမ်းခြောက်ခံရတာတွေရှိလို့ ဘာမှ လုပ်မရဘူးဆိုတာ အမှတ်ရမိပြန်ပါတယ်။ ဒီ တစ်သျှူးငှက်ပျောကားတွေကို ကျွန်မစီးလာတဲ့ကားက ကျော်တက်ခဲ့လို့နယ်စပ် ဘယ်လမ်းက ထွက်တယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။

မြန်မာ့မြေပေါ်က အခွန်ဆောင်စရာမလိုဘဲ တရုတ်ပြည်ထွက်သွားတဲ့ ငှက်ပျောကားတွေကို ကြည့်ရင်း ရွှေတစ်ခေတ် ဖြစ်ခဲ့တဲ့ နန်ဆန်ယန်ရွာကို ရောက်လာပြန်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုနီးပါးက သတ္တုကုမ္ပဏီမှာ အလုပ်လုပ်ရင်း လအနည်းငယ် နေခဲ့ဖူးတော့ ဒီရွာရဲ့ သာယာမှုကို မျက်စိထဲ ပြန်ဖော်ရင်းလက်ရှိ အခြေအနေနဲ့ ယှဉ်ကြည့်မိတယ်။ အရင်ဆုံး ရွာအဝင်ကစည်စည်ကားကားနဲ့ ရာသီအလိုက် ဘုရားပွဲ၊ တရားပွဲရှိတဲ့ ဘုန်းတော်ကြီးကျောင်းကို ကြည့်မိတော့ ခြောက်သွေ့လို့။

ဆက်တွေ့ရတဲ့ အခြေခံပညာအထက်တန်းကျောင်းကြီးကလည်း ကျောင်းခြံစည်းရိုးက ချုံနွယ်ပိတ်ပေါင်းအပြည့်။ ဘောလုံးကွင်းဆိုလည်း မြက်ပင်တွေ အပြိုင်းအရိုင်းထလို့။ စာသင်ခန်းတံခါးတွေက ပျက်စီးနေတယ်။ လမ်းနံဘေးနား ကပ်နေတဲ့ အိမ်တချို့မှာတော့ ကျည်ပေါက်ရာတွေ တွေ့တယ်။ ကျောင်းကြီး မျက်စောင်းထိုးက အခု လက်ရှိ မြစ်ကြီးနား စစ်ဘေးရှောင်စခန်းမှာနေနေရတဲ့ သူငယ်ချင်းအိမ်ကိုကြည့်တော့ တပ်စခန်း ကင်းချထားတာကိုတွေ့လိုက်ရတယ်။

အရင်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဖြူအစိမ်းတွေနဲ့ မနက်တိုင်း ၈ နာရီ ၄၅ ရောက်ရင်ကျောင်းရှေ့ စုဝေးကွင်းမှာ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုပြီးမြန်မာ့ကျောင်းနဲ့ ဇာတိမာန်သီချင်းကို တက်တက်ကြွကြွဆိုနေကြတာကိုလည်း ပြန်မြင်ယောင်မိတယ်။

အရင်ကတည်းက နှစ်ဖက်လက်နက်ကိုင်တွေရှိတဲ့ ဒီနေရာတွေမှာ လုံခြုံရေး အသင့်အတင့်ရှိပြီမို့လို့ ဒုက္ခသည်စခန်းမှာမနေဘဲ နေရပ်ပြန်လို့ရပြီလို့ အစိုးရဘက်က တာဝန်ရှိသူတွေရဲ့ပြောသံသဲ့သဲ့ကြားလိုက်မိတုန်းက အပျော်လေးတွေက အခုလိုအခြေအနေကို မျက်မြင်တွေ့လိုက်ရတော့ သက်ပြင်းသာ ချမိတယ်။

ဒီလိုနဲ့ ဆက်သွားတော့ လဂျားယန် – လိုင်ဇာလမ်းခွဲကိုရောက်လာပါတော့တယ်။ ‘လိုင်ဇာမြို့မှ ကြိုဆိုပါ၏’ ဆိုတဲ့ လမ်းခွဲမုခ်ဦးဟာ ချုံနွယ်ပိတ်ပေါင်းအထပ်ထပ်အပြင် သစ်သား၊ သံဆူးစသဖြင့် အထပ်ထပ် ကာရံထားပါတယ်။ ဒီနေရာကို ကျော်လာတော့ဝိုင်းမော်မြို့နယ်နဲ့ဒေါ့ဖုန်းယန်မြို့နယ်ခွဲကို ခြားထားတဲ့တောင်ကို ဖြတ်သန်းရပါတော့တယ်။

ဒီတောင်တစ်လျှောက်မှာလည်း အရင်ကလို ဆိုင်ကယ်နဲ့ခရီးသွားတဲ့သူတွေနဲ့ တောင်ပေါ် ဆိုင်ကယ်ပြင်ဆိုင်တွေကိုမတွေ့ရတော့ပါဘူး။ တောင်ခြေကို ရောက်လာတာနဲ့အမျှတောင်နဲ့ဒေါ့ဖုန်းယန်မြို့နယ်အဝင်က နောင်ဝမ့်ရွာကို ခွေပတ်စီးဆင်းနေတဲ့ ချောင်းကတော့ ဖြစ်ပျက်နေတာတွေကို နားမလည်သလို စီးဆင်းလျက်ပါပဲ။

အရင်ကဆို ချောင်းဘေးမြေနုကျွန်းတွေမှာ ဒေသခံတွေရာသီပေါ်သီးနှံတွေ စိုက်လေ့ရှိပေမယ့် အခုတော့ စိုက်ပျိုးတဲ့သူအနည်းငယ်ကိုပဲ တွေ့ခဲ့ရပါတော့တယ်။ ဒေါ့ဖုန်းယန်မှာ ထမင်းစား ခဏနားပြီး မိုးမောက်မြို့နယ် စိန်လုံတောင် လမ်းခွဲကနေတစ်ဆင့် လွယ်ဂျယ်ကို ခရီးဆက်ခဲ့ပါတော့တယ်။

စိန်လုံတောင်တန်းတစ်လျှောက်မှာတော့ တောင်တစ်လုံးကို မိသားတစ်စုနှုန်းနဲ့ နေခဲ့တဲ့ မူလဒေသခံအတော်များများကိုမတွေ့ရတော့ဘဲမြန်မာပြည်အလယ်ပိုင်းနဲ့အောက်ပိုင်းကမြေပြန့်သားတွေနဲ့ ဗမာစကားမတတ်တဲ့တရုတ်လူမျိုးတွေကိုသာ အများဆုံး တွေ့လာခဲ့ရပါတော့တယ်။

လွယ်ဂျယ်ရောက်ပြီ

တောင်တန်းတစ်လျှောက် သုံးနာရီလောက် ဂိတ်တွေကို ဖြတ်သန်းရင်း စီးနင်းပြီးတဲ့အချိန်မှာတော့မြန်မာနဲ့ တရုတ်နယ်စပ်ဖြစ်တဲ့ လွယ်ဂျယ်မြို့နဲ့ တရုတ်နိုင်ငံနယ်စပ်လားရင်းမြို့ကိုလှမ်းမြင်ရပါတော့တယ်။အချိန်က ညနေ ၅ နာရီခန့် ရှိပြီ။ လွယ်ဂျယ်မြို့အဝင် တောင်အဆင်းလမ်းတစ်လျှောက်မှာတော့ ထင်းခုတ်တဲ့သူတွေနဲ့ ကြံခင်းတွေကို တွေ့ရပါတယ်။

ထင်းတွေကို ညဘက်ဆိုရင် ခိုးလမ်းကနေ တရုတ်ပြည်ကို ပို့ပြီး ကြံကိုတော့နယ်စပ်ဂိတ်အမှတ်နှစ်ကနေ နေ့ခင်းဘက်မှာတရားဝင် ဖြတ်သန်းတာ တွေ့ရပါတယ်။ တစ်နေ့ဘယ်လောက်ဖြတ်သန်းတယ်ဆိုတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာတွေကို မေးခဲ့သေးတယ်။ ဒါပေမဲ့ မူရင်းအလုပ်ပြီးလို့ ဆယ့်ငါးရက်သာ ကြာခဲ့တယ်။ ဒီထင်းကားတွေ၊ ကြံကားတွေနဲ့ ပတ်သက်လို့ မေးတိုင်းဟိုဘက် ဂိတ်ညွှန်၊ ဒီဘက်ဂိတ်ညွှန်၊ ဟိုဌာနညွှန် ဒီဌာနညွှန်နဲ့ဖြေကြားပေးနိုင်မယ့် တာဝန်ရှိသူတွေကို မတွေ့ ခဲ့ပါဘူး။

ကိုယ့်မူရင်းသတင်းကိစ္စနဲ့ အဓိကပတ်သက်တဲ့ လွယ်ဂျယ်မြို့ နယ်စပ်ဆက်ဆံရေးရုံးနဲ့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအရာရှိကို လွယ်ဂျယ်ကနေ လိုင်ဇာပြန်ခါနီး တွေ့ ခဲ့ရတာတောင်တော်တော်ကံကောင်းလို့ ပြောရပါမယ်။ လိုလိုလားလား အချိန်ပေးဖြေပေးခဲ့တဲ့ ဒုရဲမှူးအောင်လှိုင်ကို ကျေးဇူးကမ္ဘာပါ။

လွယ်ဂျယ်ရောက်တဲ့အချိန်က ညနေစောင်းလည်း ဖြစ်တာနဲ့ တည်းခိုတဲ့အိမ်မှာပဲ တစ်ညတာ အနားယူခဲ့ပါတယ်။ အဲဒီညမှာတော့ ဘာသာပြန်အစ်မကြီးရယ် တွေ့ဆုံရမယ့် မိန်းကလေးတွေရယ်နဲ့  WeChat က တစ်ဆင့် ဆက်သွယ်ပြီး တွေ့မယ့်ရက်နဲ့အချိန်ကို ပြန်ညှိတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီအိမ်မှာ တည်းခိုနေရင်း အိမ်ရှင်ကနေ တစ်ဆင့် လူကုန်ကူးခံရပြီး ပြန်လွတ်လာတဲ့ မိန်းကလေးတစ်ယောက် လွယ်ဂျယ်မှာ အလုပ်လုပ်နေတာကို သိခဲ့ရပါတယ်။ မိန်းကလေးတွေနဲ့ချိန်းထားတဲ့ ရက်မတိုင်ခင် ကြားထဲမှာ တစ်ရက် အားနေတာနဲ့သူ့ကို အရင်သွားတွေ့ ခဲ့ပါတယ်။ ချက်ချင်းတော့မေးလို့မရခဲ့ဘူး ပထမသွားတွေ့မယ့်သူ သုံးယောက်ကို တွေ့ ပြီး သုံးရက်ကြာမှ မေးမြန်းရခဲ့တယ်။

သူက မြန်မာနိုင်ငံအလယ်ပိုင်းကလို့ပဲပြောပါတယ်။ မိခင်ဖြစ်တဲ့သူက ရောင်းစားခဲ့တဲ့အတွက် အသက် ၁၆ နှစ်မှာ တရုတ်ပြည်ထဲရောက်ရှိခဲ့တာလို့ သိရပါတယ်။ ဘယ်လောက်နဲ့ရောင်းစားခံရမှန်း မသိပေမယ့် ရောင်းစားခံရတဲ့အိမ်က မြေးဖြစ်သူအတွက် မျိုးဆက် သားယောကျ်ားလေးကို အသက် ၁၈နှစ်မှာ မွေးပေးခဲ့ရပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်း အဲဒီအိမ်က သူ့ခင်ပွန်းအပြင်အဖေဖြစ်သူနဲ့ အဘိုးတို့ကပါ သူ့ကို လိင်ဖျော်ဖြေဖို့အတွက် အသုံးချခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်မဖြစ်ခင်က နန်ဆန်ယန်ရှိ အကြီးဆုံးကုန်စုံဆိုင်            Photo- Bawk San

ကျွန်မကို သူနဲ့ ချိတ်ဆက်ပေးတဲ့ ကယ်ဆယ်ခဲ့သူက ဒီအခြေအနေကိုသိပြီး သူ့ကို အဲဒီအိမ်ကနေ ၂ဝ၁၅ ရဲ့ ညတစ်ညမှာ ခိုးထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခုလက်ရှိဆိုင်မှာ အလုပ်သွင်းပေးခဲ့လို့ ဝင်ငွေရှိနေပေမယ့် မိခင်ရှိရာ အိမ်ကို ဘယ်တော့မှ မပြန်ဘူးလို့ သူကဆိုပါတယ်။

သူနဲ့ ချိန်းပြီး စကားပြောခွင့်မရခင် ရက်တွေမှာတော့မူလစီစဉ်ထားတဲ့ မိန်းကလေးသုံးဦးနဲ့ သွားတွေ့ခဲ့ပါတယ်။ လွယ်ဂျယ်ကနေ သူတို့ရှိတဲ့နေရာကို တောလမ်းတွေက တစ်ဆင့် ဆိုင်ကယ်နဲ့ သုံးနာရီလောက်သွားရတယ်။ မူလစီစဉ်တဲ့နေရာဆိုရင်တစ်နာရီလောက်ပဲ သွားရပေမယ့် အစီအစဉ်ပြောင်းသွားတဲ့အတွက် သုံးနာရီလောက် သွားခဲ့ရတာဖြစ်ပါတယ်။ ပထမစီစဉ်ထားသလို သုံးယောက်စလုံးကို စုပြီး တွေ့ရတာတော့ မဟုတ်ဘူး။ သူတို့က တစ်နေရာစီဆိုတော့ တစ်ရက်ကို တစ်ယောက်နှုန်းနဲ့ သုံးရက်သွားခဲ့ရတယ်။

ဘာသာပြန်ပေးတဲ့ အစ်မကြီးက ပထမနှစ်ရက်မှာတော့လိုက်ပေးတယ်။ နောက်ဆုံးတစ်ရက်ကတော့ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း သွားခဲ့ရပါတယ်။ တွေ့ဆုံရတဲ့အချိန်မှာ လူချင်းမတွေ့ဖူးပေမယ့် စကားပြောဖူးခဲ့ကြတော့ သိပ်အခက်အခဲမရှိခဲ့ဘူး။

ပထမဆုံးတွေ့ ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ပလောင်အမျိုးသမီးငယ်ကတော့ မြန်မာပြည်မှာ ဆွေမျိုးသားချင်း မကျန်တော့လို့ ဒီမှာပဲ အဆုံးသတ်တော့မယ်လို့ ပြောသူ၊ နောက်တစ်ယောက်ကျတော့ မ္တလေးက အသက် ၂ဝ အရွယ် ဗမာမိန်းကလေး။ သူကတော့ မိခင်ကိုယ်တိုင်က ရောင်းစားလိုက်တာဖြစ်တဲ့အတွက်ပြန်ချင်ပေမယ့် နောက်တစ်အိမ် ထပ်ရောင်းခံရမှာချင်းအတူတူဒီအိမ်မှာ လိမ္မာရင် ဆက်နေလို့ရတဲ့အတွက် မပြန်လိုတော့။

တရုတ်နိုင်ငံကို ရောင်းစားခံရတာ ၁၄ နှစ်ကြာရှိခဲ့ပြီးသူ့ကိုယ်သူ အသက် ၄ဝ ရှိပြီထင်တယ်ပြောတဲ့ အစ်မကြီးကတော့ ပြန်လည်း ဆင်းရဲရမှာချင်းအတူတူ မထူးတော့ဘူးထင်ပါတယ်လို့ ပြောပြီး ဘာမှ ဆက်မပြောခဲ့။ သူ့ကို ဘာမှ ရေရေရာရာ မေးလို့မရခဲ့ဘဲ ကျွန်မကိုတွေ့တာနဲ့ ဖက်ပြီးသာ ငိုတော့တယ်။

နောက်ထပ်ဖြေပေးနိုင်မယ့်သူကို သူတို့တွေကနေ တစ်ဆင့်ထပ်ရပေမယ့် သူတို့နေတဲ့ရေခဲတောင်ဘက်တွေကိုသွားဖို့မလွယ်ပြန်။နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့သာသွားရင်တော့အဖမ်းခံရပြီး တရုတ်ပြည်ထဲ သောင်တင်မယ့်အဖြစ်။ ခရီးစဉ်ရဲ့အစိတ်အပိုင်း တော်တော်များများကို နယ်စပ်ဖြတ်ကျော်ဂိတ်မရှိတဲ့ တရားမဝင် လမ်းကြောင်းကနေ သွားခဲ့ရတဲ့အတွက် အဲဒီနေရာထိ သွားမယ်ဆိုတော့ ဘာသာပြန်က သူမလိုက်ရဲပါဘူးတဲ့။

သူတို့နဲ့တွေ့ဆုံဖို့ ဒီနေရာတွေနဲ့ ဘာသာစကားကို မကျွမ်းကျင်တဲ့ ကျွန်မအတွက်တော့ ရက်နည်းပေမယ့် အချိန်ပေးခဲ့တဲ့ဘာသာပြန်က အများကြီး အထောက်အကူပြုခဲ့ပါတယ်။ သူသာမပါခဲ့ရင် တရုတ်နိုင်ငံသားတွေက ကျွန်မကို ဒီမိန်းကလေးတွေနဲ့တွေ့ဆုံစကားပြောခွင့်ပေးမှာမဟုတ်ပါဘူး။

လိုင်ဇာသို့

နယ်စပ်ဂိတ်ထက် တရားမဝင်လမ်းကြောင်းကို ဖြတ်သန်းသွားလာရင်းတွေ့ ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကတော့ ကျွန်မအတွက် မြင်သမျှ ရေးချင်စရာတွေ ဖြစ်နေတာပါပဲ။ ဒီလို လူကုန်ကူးခံခဲ့ရတဲ့သူတွေရဲ့ အသံကို ကြားရဖို့ စောင့်ဆိုင်းရင်း လွယ်ဂျယ်နဲ့ မိုင်ဂျာယန်မှာ စုစုပေါင်း ၁၄ ရက် ကြာခဲ့တဲ့ကျွန်မဟာ မတ်လ ၈ ရက်မှာတော့ မြူးရှရီရုံးချုပ်ဖြစ်တဲ့ လိုင်ဇာကို ပြန်ဖို့ပြင်ပါတယ်။

ပြန်မယ်ဆိုတော့ လမ်းကြောင်းသုံးခုကို ရွေးရတယ်။အလာလမ်းတုန်းကအတိုင်း လွယ်ဂျယ်ကနေ နန်ဆန်ယန်အထိသွား အဲဒီကနေ လိုင်ဇာကို တိုက်ပွဲနယ်မြေတွေကို ဖြတ်ပြီးသွားမလား။ နံပါတ်နှစ်လမ်းဖြစ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန်ကနေအနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နယ်စပ်လမ်းအတိုင်း သွားမလား။

ဒါမှမဟုတ် နံပါတ်သုံးလမ်းကြောင်း လွယ်ဂျယ်ကနေတရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန်းဖုန်း၊ ရင်ကျန်းက တစ်ဆင့်လိုင်ဇာကို သွားမလား ရွေးရပြန်တယ်။ ပထမလမ်းက ကိုယ်သွားပြီးသား၊ နံပါတ်သုံးလမ်းကတော့ သာသာယာယာရှိသလိုတရုတ်နိုင်ငံ ကုန်းတွင်းပိုင်းနယ်စပ်မြို့တွေရဲ့ တိုးတက်မှုတွေကိုတွေကြည့်ရင်း မြန်မာနိုင်ငံနယ်စပ် အခြေအနေနဲ့ ယှဉ်ကြည့်ခွင့်ရမယ့် အခြေအနေ။

နံပါတ်နှစ်လမ်းကတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေမှန်ကိုသိရမှာ ဖြစ်တဲ့အတွက် ဒီလမ်းကိုပဲရွေးလိုက်ပါတော့တယ်။လွယ်ဂျယ်ကနေ မနက် ၁၁ နာရီကျော်လောက် လိုင်းကားနဲ့ထွက်လာခဲ့တယ်။ ဒီလမ်းကြောင်းမှာတော့ မြန်မာနိုင်ငံဘက်အခြမ်း နယ်စပ်လမ်းတစ်လျှောက် စစ်ဘေးရှောင်စခန်းတွေ တွေ့ရတယ်။ အဲဒီစခန်းတွေရဲ့ အနီးတစ်ဝိုက်မှာတော့ တပ်မတော်နဲ့ကေအိုင်အေရဲ့ တပ်တွေက စခန်းချလို့။

စစ်ဘေးရှောင်စခန်းတွေ ကြည့်လိုက်ရင် နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ လှူဒါန်းမှုကြောင့် အမိုးပြာတွေနဲ့အဆင်ပြေပြေ ဖြစ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ သေချာကြည့်ရင်တော့ ဆယ်ပေပတ်လည် အခန်းနံရံနဲ့ ကြမ်းခင်းတွေကတော့ ပေါက်ပြဲနေတာကို တွေ့ရမှာပါ။

နန်ဆန်ယန်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေအိမ်ဟောင်းတစ်လုံး                                Photo- Bawk San

ဒီစစ်ဘေးရှောင်စခန်းတွေရဲ့ တစ်ဖက်က တရုတ်နိုင်ငံနယ်စပ်ဘက်မှာတော့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ပေါ့။ တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထရှိကြလို့ ကျည်တွေ၊ ဗုံးတွေကျော်ပြီး ကျလာမှာ စိုးရိမ်ပုံရပါတယ်။ အိမ်တိုင်းမှာ တရုတ်နိုင်ငံအလံတွေတလူလူလွှင့်လို့၊ အလံမထောင်ရင်တောင် အနီရောင်အစတွေလွှင့်လို့။

ဒီခရီးက တိုက်ပွဲမဖြစ်တဲ့ အချိန်ဖြစ်နေတာ ကျွန်မအတွက်ကံကောင်းခြင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအချိန်ကြီး တိုက်ပွဲဖြစ်ရင်တော့ဆိုတဲ့ အတွေးက ဝင်လာတော့ ကျောစိမ့်သွားတယ်။

တစ်ဆက်တည်း ကျွန်မတောင် ဒီလောက် စိုးရိမ်နေရင် နေ့တိုင်းပြေးစရာမြေမရှိဘဲ ဒီစစ်ဘေးရှောင်စခန်းမှာနေရတဲ့သူတွေဆိုရင်ဖြင့်ဆိုတဲ့ အတွေးလေးဝင်လာတော့ ကိုယ့်ကိုယ်ကိုယ်ရှက်မိတယ်။ ဒီလိုနေရာတွေကို ကားနဲ့ ခုနစ်နာရီနီးပါး ဖြတ်ကျော်ခဲ့ပြီးတဲ့ အချိန်မှာတော့ လိုင်ဇာကို ရောက်လာခဲ့ပါတော့တယ်။

အရင်က ရောင်းဝယ်ဖောက်ကားသူ၊ ခရီးသွားလာသူ၊ရေပူစမ်း အပျော်ခရီးထွက်သူတွေနဲ့ လမ်းအပြည့် စည်ကားနေတဲ့ လိုင်ဇာဟာ အခုတော့ ခြောက်ကပ်ကပ်ဈေးနဲ့ လူပါးပါးပဲကျန်တော့တယ်။ မြူးရှရီရုံးမှာ လိုအပ်တဲ့ အချက်အလက်တွေ ယူရင်း လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို

ပြန်လည်ထူထောင်တဲ့စင်တာကို လေ့လာခဲ့ရပါတယ်။

အဲဒီစင်တာမှာ အခြေခံနဲ့ အဆင့်မြင့်စက်ချုပ်တာတွေအပြင် ရက်ကန်းသင်တန်း အခမဲ့သင်ပေးတာ တွေ့ခဲ့ရပါတယ်။လိုင်ဇာမှာ နှစ်ညအိပ်ပြီး တွေ့ဆုံမေးမြန်းတာတွေ အားလုံးအပြီးမှာတော့ မြစ်ကြီးနားပြန်ဖို့ စီစဉ်ရပါတော့တယ်။ ကားစီးမယ်ဆိုတော့ တိုက်ပွဲမြေကို ဖြတ်မယ့်လမ်းကိုပဲ ရွေးဖြစ်ပြန်ပါတယ်။

အိမ်ပြန်ခရီး

လိုင်ဇာမြို့နဲ့ မြစ်ကြီးနားမြို့ကို ချိတ်ဆက်ထားတဲ့ လမ်းမကြီးက ပိတ်ဆို့ထားတော့ တိုက်ပွဲခဏနားနေတဲ့ လိုင်ဇာတောင်အနောက်ဘက် တောလမ်းထဲကနေ ပြန်ဖို့ပဲရွေးချယ်ခဲ့ပါတော့တယ်။ ဒီလမ်းကို ရွေးဖြစ်ခဲ့တာက အချက်အလက် ပြည့်စုံသလောက်ဖြစ်နေပြီး အမြန်ဆုံး ရေးသားဖော်ပြနိုင်ဖို့နဲ့ အတားအဆီးမရှိဘူးဆိုရင် အချိန်သုံးနာရီလောက်နဲ့ မြစ်ကြီးနားကိုရောက်နိုင်မယ့် အခြေအနေရှိတဲ့အတွက် ဖြစ်ပါတယ်။ တစ်ဆင့်တည်း စီးရမှာတော့ မဟုတ်ဘူး။ လိုင်ဇာကနေ နန်ဆန်ယန်၊ နန်ဆန်ယန်ကနေ မြစ်ကြီးနားကို နှစ်ဆင့်စီးရမှာပါ။

မတ် ၉ ရက် နံနက်ဝေလီဝေလင်းမှာတော့ လိုင်ဇာ၊ နန်ဆန်ယန် မြစ်ကြီးနားကို တိုက်ပွဲလမ်းကနေ မိုးမလင်းခင်မှာ ထွက်လာခဲ့ကြပါတော့တယ်။ ငွေသုံးလေးသောင်းလောက်နဲ့ ပါဂျဲရိုးကိုလိုင်းကားလုပ်စီးရတဲ့ အရသာကလည်း ရန်ကုန်မြို့က YBS နဲ့အဝေးပြေးကားတချို့တွေကိုတောင် မေ့ချင်ချင် ဖြစ်သွားပါသေးတယ်။

လိုင်ဇာကနေ နန်ဆန်ယန်ကို ရောက်ဖို့ နန်ဆန်ယန်ချောင်းကြောကြီးကို ဖြတ်ရတယ်။ အဲဒီနေရာက ၁၉၉၄ အစိုးရနဲ့ ကေအိုင်အေ အပစ်အခတ်မရပ်စဲခင် အချိန်ထိ နေ့စဉ်နဲ့အမျှ တိုက်ပွဲအသေးစားကနေ အကြီးစားတွေ ဖြစ်ခဲ့တယ်။ ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာတော့ စီးပွားဖြစ် ရွှေထုတ်တဲ့ ရွှေမှော်အဖြစ်ပြောင်းလဲခဲ့တဲ့ နေရာပါ။

၂ဝ၁၁ မေကစပြီး ပြန်လည်ဖြစ်ပွားတဲ့ တစ်ကျော့ပြန်စစ်ပွဲတွေကြောင့် နန်ဆန်ယန်ဟာ

စစ်မြေပြင် ပြန်ဖြစ်လာခဲ့ပါတယ်။အကျယ် ၁ဝ ပေတောင် မရှိချင်တော့တဲ့ ချောင်းနဲ့ ပေတစ်ရာအကွာလောက်စီမှာ နှစ်ဖက်တပ်တွေက ကင်းချထားပြီး အဆင်ပြေပြေနေကြတာကိုလည်း တွေ့ရပါတယ်။

အရင်က အဲဒီချောင်းဘေးပတ်လည်မှာ ရွှေထုတ်ထားလို့ဧကလိုက် ကျယ်တဲ့ မြေကျင်းကြီးတွေဟာ ရေအပြည့်နဲ့ ဖြစ်နေခဲ့တာပါ။ ရွှေတူးတဲ့သူတိုင်းက အဲဒီကျင်းတွေကို ပြန်ဖို့လေ့မရှိပါဘူး။ အချိန် ကြာလာတာနဲ့အမျှ ကျင်းနှုတ်ခမ်းက ကျောက်တွေကတဖြည်းဖြည်း ပြန်ပြိုကျလာပြီး မြေသားတွေ ပြန်ပြည့်သွားပေမယ့် မြေပျော့နေသေးတဲ့ နေရာတွေ ကျန်နေတတ်ပါတယ်။

ကားဆရာကသာ ကျောက်ခဲတွေ ပြန်ပြည့်နေတဲ့ ကျင်းတွေကို သေချာမရွေးချယ်တတ်ဘူးဆိုရင်တော့ ကား တစ်စီးလုံးမြုပ်သွားရင် ပြန်ဆယ်ဖို့ အတော်ခက်ပါလိမ့်မယ်။ အဲဒီလို မြေကျင်းကြီးတွေရဲ့ အပေါ်မှာ ချုံပေါက်နေပြီဆိုရင်တော့ ဒီမြေကကားမောင်းလို့ရတဲ့ အနေအထား ရှိနေပါပြီ။

Kindness Woman နှင့် လူကုန်တားအဖွဲ့များ ပူးပေါင်း၍ မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်း တစ်လျှောက်ရှိ လူကုန်ကူးခံရမှု အမြင့်ဆုံးရွာများကို သင်တန်းပို့ချ ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်              Photo- Bawk San

ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အန္တရာယ်ရွှေတွင်းဟောင်းတွေကြားမှာ ကားဆရာရဲ့ ကျွမ်းကျင်မှုနဲ့ တောတိုးခဲ့ကြပြီး ၄၅ မိနစ်လောက်အကြာမှာတော့ ကားပြောင်းစီးရမယ့် နန်ဆန်ယန်ကိုရောက်လာခဲ့တယ်။ ကားက လိုင်ဇာ၊ နန်ဆန်ယန် မြစ်ကြီးနားကိုစစ်မဖြစ်ခင်က သွားလို့ရတဲ့ မိန်းလမ်းမကြီးနားကို ရောက်လာခဲ့တယ်။

ဒီအချိန်မှာ ကားဆရာရဲ့ ဖုန်းသံမြည်လာပြီး ဆဲဆိုသံတွေထွက်လာပါတော့တယ်။”ဟေ့ကောင် မင်းသေချင်လို့ လမ်းနားအထိ တိုးတာလားအခု အဲဒီမှာ ရပ်”တဲ့။

စပီကာဖွင့်ထားလို့ အသံကြားရတယ်။ တိုက်ပွဲလည်းမဖြစ်၊ ဘယ်သူဆက်မှန်း ကျွန်မတို့ မသိပေမယ့် ကားဆရာကတော့ ကားရပ်လိုက်တယ်။ ခါတိုင်းဆို လမ်းမကြီး ဟိုဘက်အခြမ်းက ကားပြောင်းစီးရမယ့် နေရာအထိ ကားမောင်းသွားလို့ ရပေမယ့် အခုကျမှ ရပ်ခိုင်းတာ ဘာကြောင့်ရယ်တော့ မသိဘူး။ ခုတော့ အဲဒီနေရာကို လမ်းဆင်းလျှောက်ရတော့တယ်။နောက်မှာလည်း လိုင်ဇာဘက်က ကားတွေ တစ်စီးပြီး တစ်စီး ရောက်လာကြတယ်။

ဒီလိုနဲ့ လမ်းတစ်ဖက်ခြမ်းကို စကားမပြော၊ အသံမထွက်ရဲဘဲ တိတ်တဆိတ် ဖြတ်သန်းရင်း ခဏတာ ပုန်းအောင်းရမယ့် (ပြောင်းစီးရမယ့် ကားတွေကို စောင့်ဖို့) ခြံထဲကို ရောက်လာကြပါတော့တယ်။ ဒီခြံထဲမှာ လူပေါင်း ၄ဝ လောက် အတူစုနေရင်း ကလေးပါလာတဲ့သူတွေက ကလေးတွေ မငိုအောင် အသံမထွက်အောင် ထိန်း။ အဆော့သန်တဲ့ ကလေးတွေ ပါတဲ့သူတွေကဟိုမသွားနဲ့ ဒီမသွားနဲ့ကို အသံထွက်မပြောရဲတော့ မိဘနဲ့ကလေးကြား ကြိုးချည်ထားရင်း ကလေးနောက် တကောက်ကောက်လိုက်။ မလိုက်လို့လည်း မဖြစ်။

ခြံကြီးရဲ့ နောက်ဘက်ခြံတွေက မိုင်းကွင်းဖြစ်ကြောင်းဆိုင်းဘုတ်တချို့ မြင်ရတယ်။ ‘မိုင်း အန္တရာယ်ရှိသည်’ ဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး သတိပေးထားတာကို ကျေးဇူးတင်မိတယ်။ ဒီလိုမှမဟုတ်ရင် အပေါ့အလေး သွားချင်လို့ တောတိုးမိရင် ဘာမှန်းညာမှန်းမသိ မိုင်းထိကုန်ကြရဦးမှာ။တစ်နာရီကျော်လောက်ကြာတော့ စောင့်မျှော်နေတဲ့ ကားတွေ ခြံဝင်းထဲကို ရောက်လာကြတယ်။ ကိုယ့်ဆိုင်ရာ ဆိုင်ရာကားဆရာတွေနဲ့ ကားပေါ် ပြောင်းတင်ပေးကြရင်း ခရီးသည်တွေကို နှုတ်ဆက်ကြပါတော့တယ်။

ဒီလိုနဲ့ အသွားတုန်းက ခရီးစဉ်အခြေအနေအတိုင်း ဖြတ်ကျော်ရင်း မြစ်ကြီးနားပြန်ရောက်လာတဲ့ ကျွန်မလိုပဲ လူတိုင်းကကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အစိုးရလက်ထက်မှာ ကိုယ့်အစိုးရပိုင်တဲ့ မြေမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး ခရီးသွားနေရတဲ့ ဘဝအမျိုးအစား၊ လွတ်လွတ်လပ်လပ် သွားလာချင်ကြမှာပဲလို့ပဲ မြင်မိပါတော့တယ်။   ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၄၆)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ဘောက်ဆန် ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."